အင်းစိန်မြို့နယ်၌ ရဲတပ်ကြပ်တစ်ဦးကို ဓားဖြင့်ခုတ်ကာ စကေဘာဖြင့် ထိုးသတ်ခဲ့မှုကြောင့် တရားစွဲခံထားရသည့် ချစ်ကိုနှင့် သက်ခိုင် (ခ) တက်ပုတို့ကို ဇန်နဝါရီ ၂၇ရက် က မြောက်ပိုင်းခရိုင်တရားရုံး၊ ဒုတိယခရိုင် တရားသူကြီး (၄) တရားခွင်၌ ဆက်လက်ရုံးထုတ်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယ ခရိုင်တရားသူကြီး (၄) က ချစ်ကိုနှင့် သက်ခိုင်တို့အား ယခင်စွဲချက်တင်ထားသည့် ပုဒ်မ ၃၀၂ (၁)(ခ) အား ၃၀၂ (၂)သို့ ပြောင်းလဲ၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။“သူတို့ကို စွဲချက်တင်ထားတဲ့ ပုဒ်မ ၃၀၂ (၁)(ခ)တင်ကူးကြံရွယ်ချက် (ကြိုတင်ကြံစည်မှု) က တရားလိုပြသက်သေတွေနဲ့ တရားခံကို စစ်ဆေးတဲ့အခါမှာ ပေါ်ပေါက်ခြင်း မရှိတဲ့အတွက် ပုဒ်မ ၃၀၂ (၂)နဲ့ ပြောင်းလဲပြီးတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာပါ။ နောက်ပြီး သူတို့ကို ချုပ်ရက် ထုတ်နုတ်ခံစားခွင့်ရှိပါတယ်။ တရားလိုဘက်ကရော တရားခံဘက်ကရော လက်ရှိအမိန့်ကို ကျေနပ်မှုမရှိရင်တော့ အယူခံတက်နိုင်ပါတယ်”ဟု မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး(၄)က ပြောကြားသည်။ယင်းနေ့တွင် တရားရုံးသို့ တရားခံနှစ်ဦး၏ မိသားစုဝင်များနှင့် မိတ်ဆွေအများအပြား လာရောက်ခဲ့ပြီး အမိန့်ချမှတ်မှုကို မကျေနပ်ကြောင်း အော်ဟစ်ပြောဆိုမှုများ၊ တရားခံနှစ်ဦးကို အားပေးစကားပြောကြားခဲ့သည်။ချစ်ကိုနှင့် သက်ခိုင် (ခ) တက်ပုတို့အား ပြီးခဲ့သည့်လက မြောက်ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး(၄)က လူသတ်မှု ပုဒ်မ ၃၀၂ (၁)(ခ) (ကြိုတင်ကြံရွယ်ချက်ဖြင့် လူသတ်မှု) ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး ချစ်ကိုနှင့် သက်ခိုင် (ခ) တက်ပုတို့က ၎င်းတို့တွင် အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။၂၀၁၅ ခုနှစ် ဇူလိုင်၂၆ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနမှ နယ်ထိန်း ဖြစ်သော ရဲတပ်ကြပ် ချစ်ကိုကိုမောင်က အင်းစိန်မြို့နယ် အောင်ဇေယျတံတားပေါ် တွင် ဖြစ်ပွားခဲ့သည့် စုံတွဲတစ်တွဲအား ဓားဖြင့်ထောက် ခြိမ်းခြောက်လုယက်ကာ မိန်းကလေးအား သားမယားပြုကျင့်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူအား စုံစမ်းရန် အင်းစိန်မြို့နယ် ကမ်းနားလမ်း အနောက်ရပ်ကွက် အောင်ဇေယျအိမ်ရာလမ်းမှ လမင်းရိပ်အမည်ရှိ လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆယ်အိမ်မှူးတစ်ဦးနှင့် စကားပြောနေစဉ် ရွာမအနောက်ရပ်ကွက်နေ သက်ခိုင် (ခ) တက်ပု (၂၀) နှစ်ဆိုသူက ဓားရှည် ကိုင်ဆောင်၍ လည်းကောင်း၊ ရွာမ အလယ်ရပ်ကွက်နေ ချစ်ကို(၂၇)နှစ်သည် စကေဘာ ကိုင်ဆောင်၍ လည်းကောင်း ရောက်ရှိလာကာ ရဲတပ်ကြပ်အား ဝိုင်းဝန်းပြီး ဓားဖြင့် ခုတ်ကာ စကေဘာဖြင့် ထိုးခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
ရဲတပ်ကြပ်တစ်ဦးကို ဓားဖြင့်ခုတ်ကာ စကေဘာနှင့် ထိုးသတ်ခဲ့သူ နှစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချ















