သန်လျင်မြို့နယ်တွင် ဆိုင်ကယ် ကယ်ရီမောင်းသူအား လူတစ်စုက ကလေးသူခိုးဟု စွပ်စွဲပြောဆိုကာ တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်မှု ဇန်နဝါရီ ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သန်လျင်မြို့မ ရဲစခန်းမှ သိရသည်။
ဇန်နဝါရီ ၂၀ ရက် ညနေ ၄ နာရီခန့်က သန်လျင်မြို့နယ် ဘုရားကုန်း ကျေးရွာနေ ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုဇော်မင်း (၂၂ နှစ်)သည် သန်လျင် ကျောက်တန်းကားလမ်း၊ ကိုတင်မောင် ကားမှတ်တိုင်အနီး၌ အသက် (၄၀ နှစ်) ဝန်းကျင်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က သန်လျင်မြို့နယ်ရှိ နတ်စင်ကုန်း (၃)လမ်းသို့ ငှားရမ်းခဲ့သည့်အတွက် လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။ ထိုသို့ပို့ဆောင်ရာ ပျဉ်ထောင်ကျောင်းကျေးရွာ၊ အထက်တန်းကျောင်းခွဲရှေ့ အရောက်တွင် လူအများ စုဝေးနေသည်ကို တွေ့ရှိခဲ့သဖြင့် ဆိုင်ကယ်အား ရပ်တန့်ကာ ကြည့်ရှုခဲ့ကြောင်း၊ ယင်းသို့ကြည့်ရှုနေစဉ် အဆိုပါ လူအုပ်ထဲမှ လူတချို့က ကိုဇော်မင်းအား “တွေ့ပြီ၊ တွေ့ပြီ ကလေးသူခိုး”ဟု ပြောဆိုစွပ်စွဲကာ ညစ်ညမ်းစွာ ဆဲဆိုပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်း သိရသည်။
ဝိုင်းဝန်း ရိုက်နှက်နေသည့်အချိန် သက်ဆိုင်ရာမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး ကိုဇော်မင်းအား အနီးရှိ သန်လျင်မြို့နယ်နေ ဦးစောဟန် (၄၅ နှစ်) မောင်းနှင်သည့် ကားအတွင်းသို့ ခေါ်ဆောင်ကာ ကားအား မောင်းထွက်စေခဲ့ကြောင်း၊ ထိုသို့မောင်းထွက်စဉ် အဆိုပါ တုတ်၊ ခဲများ ကိုင်ဆောင်ထားသည့် လူတစ်စုမှ ကားအား ခဲဖြင့် ဝိုင်းဝန်းထုခဲ့ကြောင်း သိရသည်။
ထိုသို့ တုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက် ခံခဲ့ရသည့်အတွက် ကိုဇော်မင်းမှာ ဦးခေါင်းဝဲ ချိုစောင်း ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့ကာ သန်လျင်ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသ ထားရကြောင်း သိရသည်။ “ကျွန်တော်တို့ကို အဲဒီကျောင်းက ဆရာတွေ ဆရာမတွေက အကြောင်းကြားပါတယ်။ ကလေးခိုးတယ်ဆိုပြီး သတင်းကြားလို့ ကျောင်းသားမိဘတွေ ရောက်နေကြတယ်။ လာပြီး စစ်ဆေးပေးပါဆိုလို့ သွားစစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါကျတော့ မဟုတ်ပါဘူး။ ကလေးတွေကိုလည်း အကုန်လုံး စစ်ဆေးပါတယ်။ ပျောက်တဲ့သူမရှိပါဘူး။ အဲဒါနဲ့ ကလေးတွေကို သူတို့မိဘတွေက လက်မှတ်ထိုးပြီး ပြန်ခေါ်သွားပါတယ်။ ကလေးခိုးတယ်ဆိုတာက ကောလာဟလတွေပါ”ဟု သန်လျင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆက်လက်၍ ၎င်းက “ဆိုင်ကယ်ကယ်ရီ မောင်းတဲ့သူက ကျောင်းရှေ့မှာ လူစုလူဝေးတွေ့လို့ ရပ်ကြည့်နေတာပါ။ အဲဒီလိုရပ်ကြည့်နေတဲ့ အချိန်မှာ လူတစ်စုက အဲဒီဟာ ကလေးသူခိုးဆိုပြီး ဝိုင်းဝန်းရိုက်နှက်ကြတာပါ။ ကျူးလွန်ရာမှာ ပါဝင်တယ်လို့ ယူဆရတဲ့ သူတချို့ကိုတော့ ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်”ဟုပြောကြားသည်။ အဆိုပါဖြစ်စဉ်မှ ကလေးသူခိုးဟု စွပ်စွဲကာ တုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့သည့် လူတစ်စုအား သန်လျင် မြို့မရဲစခန်းမှ (ပ) ၅၅/၁၆၊ ပြစ်မှုပုဒ်မ ၂၉၄/၃၂၅/၄၂၇/၅၀၀/၁၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီလ အစောပိုင်းကလည်း မကွေးမြို့နယ် မိချောင်းရဲ တိုက်နယ် စိုင်ကျကျေးရွာသို့ လက်ဝတ်ရတနာ ရောင်းရန် ရောက်လာသော ဒေါ်ယုယုချိုကို ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ကျေးရွာနေ လူ ၃၀ ခန့်က ကလေးသူခိုးဟု စွပ်စွဲ၍ နံရိုး နှစ်ချောင်း ကျိုးသည်အထိ အရိုက်ခံခဲ့ရပြီး မိချောင်းရဲ ရဲစခန်းမှ နောက်တစ်နေ့ ညနေအထိ ၂၄ နာရီကျော် ဆေးလုံး၀ ကုသမပေးဘဲ ထိန်းသိမ်းထားခဲ့မှုနှင့် ပတ်သက်၍ ရိုက်နှက်ခံခဲ့ရသော ဒေါ်ယုယုချို၏ အစ်မသည် ဇန်နဝါရီ ၉ ရက်က မကွေးမြို့တွင် မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှလည်း ၎င်းတို့ တရားဝင်ဖွင့်လှစ်ထားသည့် ရဲဇာနည် Facebook တွင်ယင်းဖြစ်စဉ်မှာ ကလေးခိုးသည့် ဖြစ်ရပ်မဟုတ်ကြောင်း ဇန်နဝါရီ ၁၉ ရက် ညပိုင်းက သတင်း ဖော်ပြထားကြောင်း သိရသည်။
အလားတူ မန္တလေးမြို့ ကမ်းနားလမ်း၌လည်း ကလေးသူခိုးဟုဆိုကာ ဝိုင်းဝန်း ရိုက်နှက်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးမှု ဇန်နဝါရီ ၁၄ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြည်သူများအကြား မငြိမ်မသက်ဖြစ်အောင် နိုင်ငံတစ်ဝန်းတွင် ကလေးခိုးမှုများ ဖြစ်ပေါ်နေကြောင်း ကောလာဟလ သတင်း ထုတ်လွှင့်နေသူများအား စုံစမ်းသိရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၅ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင်ပြည်သူများကြား အဆိုပါ သတင်းများကြောင့် ထိတ်လန့်မှုမရှိစေရန် သက်ဆိုင်ရာ နယ်မြေဒေသအလိုက် ကောလာဟလ ပျံ့နှံသော နေရာများတွင် ဖြစ်စဉ်အမှန် ရှင်းပြရန်နှင့် ကလေးများအား မည်ကဲ့သို့ ဂရုစိုက်ရမည့် နည်လမ်းများကို အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များသို့ ညွှန်ကြားထားကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ကလေးခိုးယူသူများအား ပုဒ်မ-၃၆၃ ဖြင့် အရေးယူ အပြစ်ပေးနိုင်သလို လူမှုကွန်ရက်များတွင် ပြည်သူများကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားစေသော ကောလာဟလ သတင်းများ ထုတ်လွှင့်သော သူများကိုလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) ဖြင့် အရေးယူနိုင်သလို အမှုစစ်ဆေးသည့်အခါ ပေါ်ပေါက်ချက်များပေါ် မူတည်၍ တခြားပုဒ်မများဖြင့် ထပ်မံအရေးယူနိုင်ကြောင်း သိရသည်။
ဆိုင်ကယ် ကယ်ရီမောင်းသူအား ကလေးသူခိုးဟု စွပ်စွဲပြောဆိုကာ လူတစ်စုက တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်မှု သန်လျင်မြို့နယ်တွင် ဖြစ်ပွား















