ဒီဇိုင်နာဆန်းဘောက်ရာအား ငွေကျပ် သိန်း ၁၅၅၀ လိမ်လည်မှုဖြင့် စမ်းချောင်းမြို့မ ရဲစခန်းတွင်အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
၂၀၁၄ခုနှစ်၊ သြဂုတ်၂၇ ရက်က အာရှဧကရီ ခရီးသွားလုပ်ငန်းမှ ဒေါ်စန္ဒာခိုင်(၃၇)နှစ်သည် ၎င်းနှင့် ခင်မင်ရင်းနှီးသည့် မဆန်ရာ၏ ဆက်သွယ်ပေးမှုကြောင့် စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ သပြေညိုလမ်း၊ အမှတ်-၁၇(၅)လွှာ(ဘီ/စီ) နှစ်ခန်းတွဲ ပိုင်ဆိုင်သည့် မဆန်း ဘောက်ရာ(စိစစ်ဆဲ)နှင့် ၎င်း၏ မိခင်ဖြစ်သူတို့က ထိုတိုက်ခန်းအား ရောင်းချမည်ဖြစ်ကြောင်း သိရသဖြင့် သွားရောက် တွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း၊ ထိုသို့ ညှိနှိုင်းရာ ငွေကျပ် သိန်း ၁၅၅၀ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ မဆန်းဘောက်ရာမှလည်း မိခင်ဖြစ်သူ၏ ကျန်းမာရေး ဆေးကုသစရိတ် ငွေလိုအပ်သဖြင့် ရောင်းချခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့၍ တိုက်ခန်းနှင့် ပတ်သက်သည့် စာရွတ်များ ပြသဖြင့် ယုံကြည်ပြီး နှစ်ဦးသဘောတူ တိုက်ခန်းအရောင်းအဝယ် စာချုပ်ချုပ်ဆိုကာ သက်သေများရှေ့တွင် တန်ဖိုးငွေ ကျပ်သိန်း ၁၅၅၀ အားပေးချေခဲ့ကြောင်း၊ ထို့နောက်ဒီဇိုင်နာ ဆန်းဘောက်ရာမှ နိုင်ငံခြားသို့ သွားရောက် ဆေးကုသပြီး ပြန်လည် ရောက်ရှိလာပါက တိုက်ခန်းအား လက်ရောက် ပေးအပ်မည်ဖြစ်ကြောင်း ပြောဆိုပြီး ယခုအချိန်ထိ တိုက်ခန်းအား ပေးအပ်ခြင်း မရှိသည့်အပြင် ငွေကျပ် သိန်း ၁၅၅၀ အား ပြန်လည်ပေးအပ်ခြင်းမရှိဘဲ လိမ်လည် အလွဲသုံးစား ပြုလုပ်ထားသဖြင့် ဒီဇိုင်နာ ဆန်းဘောက်ရာနှင့် ၎င်း၏မိခင်ဖြစ်သူ ဒေါ်ဆိုင်းခေါန့်တို့အား စမ်းချောင်းမြို့မ ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ထို့ကြောင့် စမ်းချောင်းမြို့မရဲစခန်းမှ (ပ)၂၃/၂၀၁၆၊ ပြစ်မှုပုဒ်မ-၄၂၀ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျပ်သိန်း ၁၅၅၀ လိမ်လည်မှုဖြင့် ဒီဇိုင်နာ ဆန်းဘောက်ရာအား စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်