မြိတ်ကျွန်းစု အတွင်းရှိ ကျွန်းများသို့ ခရီးသွားလာမှု ခွင့်ပြုပြီးနောက် နိုင်ငံခြားသား ခရီးသွား အများအပြား ဝင်ရောက်လျက်ရှိပြီး ထိုင်းနိုင်ငံသား အများဆုံး လာရောက်

မြိတ်ကျွန်းစု အတွင်းရှိ ကျွန်းများသို့ ခရီးသွားလာမှု ခွင့်ပြုပြီးနောက် နိုင်ငံခြားသား ခရီးသွား အများအပြား ဝင်ရောက်လျက်ရှိပြီး ထိုင်းနိုင်ငံသား အများဆုံး လာရောက်
Published 17 January 2016
ဇော်မိုးဦး (မြိတ်)

မြိတ်ကျွန်းစု အတွင်းရှိ ကျွန်းများသို့ ခရီးစဉ်များ ခွင့်ပြုလိုက်ပြီး နောက်ပိုင်းတွင် နိုင်ငံခြားသား ခရီးသွား အများအပြား ဝင်ရောက် လည်ပတ်လျက်ရှိပြီး ထိုင်းနိုင်ငံသားများ အများဆုံး လာရောက်လျက်ရှိကြောင်း သိရသည်။ကျွန်းများသို့ အလည်အပတ် ခရီးစဉ်များ ခွင့်ပြုလိုက်ပြီးနောက် အများဆုံး လာရောက်လည်ပတ်မှုမှာ ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ပြီး ဥရောပနိုင်ငံများမှလည်း လာရောက်လည်ပတ်မှု တိုးမြင့်လာကြောင်း သိရသည်။ မြိတ်ကျွန်းစု အတွင်းရှိ သဘာဝအတိုင်း တည်ရှိနေသည့် ကျွန်းများသို့ လည်ပတ်ခွင့်ရရန် နိုင်ငံခြားသားများ စိတ်ဝင်စားမှု ရှိခဲ့သော်လည်း မြိတ်ခရိုင် အတွင်းရှိ ကျွန်းများသို့ လည်ပတ်ခွင့်ကိုမူ ၂၀၁၅ အောက်တိုဘာလကမှ စတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။“ကျွန်းခရီးစဉ်တွေ ခွင့်ပြုလိုက်ပြီးနောက်မှာ အာရှရော၊ ဥရောပကပါ မြိတ်ကျွန်းစု အတွင်းကို လာရောက်လည်ပတ်မှု သိသိသာသာ တိုးမြင့်လာတယ်။ အများအားဖြင့် နေ့ချင်းပြန် ခရီးစဉ်တွေ သွားရောက်လည်ပတ်တာ များပါတယ်။ ရက်ရှည်ခရီးစဉ်တွေကတော့ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ ကာလုံအထိ ခွင့်ပြုချက် တောင်းခံရပါတယ်။ နောက်ပိုင်းမှာတော့ ရက်ရှည် ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ဖြေလျှော့ပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။ ပြည်ထောင်စု အစိုးရအထိ တင်ပြနေရာကနေ တိုင်းဒေသကြီး အစိုးရနဲ့ ပြီးပြတ်နိုင်အောင် ဆောင်ရွက်ခွင့်ရဖို့ ကျွန်တော်တို့ စီစဉ်နေပါပြီ” ဟု မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာနမှူး ဦးမိုးကျော်အောင်က ပြောကြားသည်။မြိတ်ကျွန်းစု အတွင်းရှိ ကျွန်းများသို့ သွားရောက်လည်ပတ်ရာတွင် မြိတ်မြို့မှတစ်ဆင့် လှေများဖြင့် သွားရောက်ရကာ ခရီးသွား ကုမ္ပဏီများမှ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ မြိတ်ခရိုင် အတွင်းသို့ ရေကြောင်း၊ လေကြောင်းနှင့် မော်တော်ယာဉ်များဖြင့် ကမ္ဘာလှည့် ခရီးသွား လာရောက်လည်ပတ်မှု၌ ၂၀၁၃ ခုနှစ်တွင် ၂၄၉၈ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၂၇၈၃ ဦးရှိရာမှ ကျွန်းခရီးစဉ်များ ခွင့်ပြုလိုက်သည့် ၂၀၁၅ တွင် ၃၅၇၄ ဦးအထိ များပြားလာကြောင်း သိရသည်။“ဥရောပကလာတဲ့ ခရီးသွားတွေက သဘာဝအတိုင်း ရှိနေတဲ့ ကျွန်းတွေကို သဘောကျကြတယ်။ ရေကြည်လင်တာတွေ၊ ရေအောက်ရှုခင်းတွေ ကြည့်ရတာတွေ သဘောကျတယ်။ သဘာဝအတိုင်း တည်ရှိနေတာကို ထိန်းသိမ်းထားဖို့ သူတို့ အကြံပေးလေ့ ရှိတယ်။ ကျွန်းမှာ ဟိုတယ်တွေ၊ လူနေအိမ်တွေ ရှိနေတာကို သူတို့ သဘောမကျကြဘူး။ သဘာဝကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းမျိုးကို သူတို့ သဘောကျကြတယ်” ဟု မြိတ်မြို့ရှိ ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။အချို့ကျွန်းများမှာ ပြည်တွင်းခရီးသွားများအား အမြတ်အစွန်း တစ်ခုတည်းကိုသာကြည့်ပြီး အများအပြား ပို့ဆောင်နေသောကြောင့် အလှအပများ ပျက်စီးလာနေကြောင်း ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။ မြန်မာ-ထိုင်းနယ်စပ်ရှိ ထိုင်းနိုင်ငံဘက်ခြမ်းမှ ဆင်းခွန်ဂိတ်အား အထူးယာယီ နယ်စပ်ဂိတ်အဖြစ် ၂၀၁၅ မေလတွင် အဆင့်တိုးမြှင့် ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် ထိုင်းခရီးသွားများမှာ မောတောင်-ဆင်းခွန်ဂိတ်မှ အများအပြား လာရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။ မောတောင်-ဆင်းခွန်နယ်စပ် ထိုင်းလူမျိုးများ ဝင်ရောက်လည်ပတ်မှုမှာ ၂၀၁၃ ခုနှစ်တွင် ၆၃၄၀၊ ၂၀၁၄ ခုနှစ်တွင် ၉၄၇၇ ဦး ရှိခဲ့ရာမှ ၂၀၁၅ နှစ်ကုန်အထိ ထိုင်းနိုင်ငံသား ဝင်ရောက်မှုမှာ ၁၅၀၈၅ ဦးအထိ တိုးတက်လာကြောင်း သိရသည်။မြိတ်ခရိုင် အတွင်းရှိ ကျွန်းများသို့ လာရောက်လည်ပတ်ရာတွင် ပိနဲ္နကျွန်း၊ မားကပ်ဂရု (Harris Island)၊ နတ်သမီးရေတွင်းကျွန်း၊ ဒုံးကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိန္ဓိကျွန်းနှင့် ဒုံးရေတံခွန်များသို့ အဓိက သွားရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent