edotco တာဝါတိုင်ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် လာမည့်သုံးနှစ်အတွင်း တာဝါတိုင်ပေါင်း ၅၀၀၀ အထိ တည်ဆောက်သွားရန် ရည်မှန်းထားပြီး လာမည့်ငါးနှစ်အတွင်း ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
edotco တာဝါတိုင် တည်ဆောက်ရေး ကုမ္ပဏီ မိတ်ဆက်ရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက်က Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ edotco အနေဖြင့် ပြည်တွင်းမှ Yoma Strategic Holdings Ltd နှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သိရသည်။
“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ အရည်အသွေးမြင့် ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်သွားမှာပါ။ သဘာဝသယံဇာတကို မထိခိုက်စေတဲ့ စွမ်းအင်ထုတ်ယူ အသုံးပြုမှု နည်းပညာတွေ၊ နောက်ဆုံးပေါ် စောင့်ကြည့်လေ့လာရေး နည်းပညာဝန်ဆောင်မှု ဖြစ်တဲ့ echo နဲ့ စီမံခန့်ခွဲမှုစနစ် စတဲ့ ရေရှည်တည်တံ့ပြီး အရည်အသွေး ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးသွားမှာဖြစ်ပါတယ်” ဟု edotco ၏ အမှုဆောင်အရာရှိချုပ် Suresh Sidhu က ပြောကြားသည်။
edotco ကုမ္ပဏီမှာ Axiata က အပြည့်အ၀ ပိုင်ဆိုင်ပြီး ကိုယ်ပိုင်စီမံခန့်ခွဲ လည်ပတ်သည့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ တည်ဆောက်သော လုပ်ငန်းခွဲတစ်ခုအဖြစ် ၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ edotco သည် အာရှဒေသတွင်း စီမံကိန်းနေရာ မျှဝေအသုံးပြုခြင်း၊ တည်ဆောက်ငှားရမ်းခြင်း၊ စွမ်းအင်၊ ထုတ်လွှင့်မှု၊ လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ငန်းထိန်းသိမ်းမှု စသည့် ပြီးပြည့်စုံသော ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။
edotco အနေဖြင့် မလေးရှား၊ ဘင်္ဂလား ဒေ့ရှ်၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနှင့် ပါကစ္စတန် စသည့်နိုင်ငံပေါင်း ငါးနိုင်ငံတွင် တာဝါတိုင်ပေါင်း ၁၅၀၀၀ ဖြန့်ကြက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ လက်ရှိ တာဝါတိုင်ပေါင်း ၇၉၀၀ ကျော်ရှိပြီး ၂၀၂၄ နှစ်ကုန်တွင် တာဝါတိုင်ပေါင်း ၂၉၀၀၀ ကျော်ရှိလာမည့် ပြည်တွင်းတာဝါတိုင် ဈေးကွက်၏ ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာမှ အကျိုးအမြတ် ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
edotco က Digicel တည်ဆောက်ခဲ့သော အူရီဒူးအတွက် တာဝါတိုင် ၁၂၅၀ ကို လွှဲပြောင်းရယူခဲ့ပြီး လာမည့်ကာလအတွင်း တယ်လီနော၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာတို့ အတွက်ပါ တာဝါတိုင်များတည် ဆောက်ပေးမည် ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ အခြေစိုက် Axiata Group Berhad (Axiata) ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော edotco Group (edotco) သည် စင်ကာပူနိုင်ငံ အခြေစိုက် Digicel Asian Holdings Pte.Ltd. (DAH) မှတစ်ဆင့် Myanmar Tower Company Ltd (MTC) ၏ စတော့ရှယ်ယာ ၇၅ ရာခိုင်နှုန်းခန့်ကို ၂၀၁၅ ဒီဇင်ဘာလအတွင်း အပြီးသတ် ဝယ်ယူပြီးစီးခဲ့ကြောင်း သိရသည်။
edotco တာဝါတိုင် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် လာမည့်သုံးနှစ်အတွင်း တာဝါတိုင် ၅၀၀၀ အထိ တည်ဆောက်ရန် ရည်မှန်းထားပြီး ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်










