ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ဗီယက်နမ် စီးပွားရေး လုပ်ငန်းများမှ ဒေါ်လာ ၆၉၁ သန်းမြှုပ်နှံမှုဖြင့် ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ် ရပ်တည်

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ဗီယက်နမ် စီးပွားရေး လုပ်ငန်းများမှ ဒေါ်လာ ၆၉၁ သန်းမြှုပ်နှံမှုဖြင့် ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ် ရပ်တည်
Published 13 January 2016
အေးမြတ်မွန်

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ဗီယက်နမ် စီးပွားရေး လုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၆၉၁ သန်း ရင်းနှီးမြှုပ်နှံမှုဖြင့် ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ် ရပ်တည်နေကြောင်း ဗီယက်နမ် လေကြောင်းလိုင်း Vietjet မှ ထုတ်ပြန်ထားသည်။ယင်းသို့ ရင်းနှီးမြှုပ်နှံရာတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်အထိ အဆိုပါ ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၆၉၁ သန်း မြှုပ်နှံခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ စီးပွားရေးသည် ခရီးသွားကဏ္ဍ သိသာစွာ တိုးတက်လာခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အကုန်အထိ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား စုစုပေါင်း ၄ ဒသမ ၂ သန်းအထိ လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်ထက် နှစ်ဆ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ အများအပြား ကျန်နေသေးသလို ဗီယက်နမ် လုပ်ငန်းရှင်တွေကလည်း ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေကြပါတယ်။ Vietjet အနေနဲ့ ဟိုချီမင်း-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်းခဲ့တာဟာ ဒီလို လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးချင်လို့ပဲ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူများအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဗီယက်နမ်နိုင်ငံမှ  Vietjet လေကြောင်းလိုင်း ဒုတိယဥက္ကဋ္ဌ Nguyen Thi Thuy Binth က ပြောကြားသည်။ထို့ပြင် Vietjet လေကြောင်းလိုင်းမှ မြန်မာနိုင်ငံတွင် ရန်ကုန်-ဟိုချီမင်း ခရီးစဉ်ကို ၂၀၁၅ ခုနှစ်အောက်တိုဘာ ၂ ရက်တွင် စတင် ပျံသန်းခဲ့ပြီး တစ်ပတ်လျှင် ငါးကြိမ်နှုန်းဖြင့် ပံျသန်းပြေးဆွဲနေကြောင်း ဗီယက်နမ် လေကြောင်းလိုင်း Vietjet မှ သိရသည်။ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလ အကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုမှာ ဟိုတယ်စီမံကိန်း ၄၇ ခု ရှိခဲ့ကြောင်း သိရသည်။ထို့ပြင် ဟိုတယ်လုပ်ငန်းများတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုပြီးခဲ့သော ဟိုတယ် ၄၈ လုံး၊ အခန်းပေါင်း ၇၀၅၈ ခန်းနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်သန်းပေါင်း ၆၅၅၄၅၇ ဒသမ ၄ သိန်းရှိကြောင်း သိရသည်။   

Most Read

Most Recent