မြန်မာ့ရိုးရာ အစားအစာ ထန်းလျက်ကို မြန်မာလူမျိုးတိုင်း ကြိုက်နှစ်သက်ကြပါတယ်။သဘာဝပစ္စည်း စစ်စစ်ကနေ ထုတ်လုပ်ထားတဲ့အပြင် ဆေးဖက်ဝင်တာကြောင့် မြန်မာ့ထမင်းဝိုင်းမှာ မပါမဖြစ် အချိုတည်းစရာ တစ်ခုအဖြစ် ရှေးယခင်ကတည်းက တည်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ပွင့်လင်း၊ ဖွံ့ဖြိုးလာတဲ့ လူမှုဘဝနဲ့အတူ မြန်မာ့ရိုးရာ အစားအသောက်ကို ကမ္ဘာသိအောင် လုပ်နိုင်ဖို့အတွက် သာမန် ရိုးရိုးထန်းလျက်ခဲကနေ အမြင်လှ၊ စားချင့်စဖွယ်နဲ့ ရိုးရာမပျက် တီထွင်ဖန်တီးထားတဲ့ အရသာငါးမျိုးနဲ့ ထန်းလျက်တွေကို ရန်ကုန်က အသေးစား လုပ်ငန်းရှင်တစ်ဦးက တီထွင်ဖန်တီးလာပါတယ်။
"ကျွန်မ ဒီလုပ်ငန်းကို စလုပ်ခဲ့ဖို့ အိုင်ဒီယာရတာက ရိုးရှင်းပါတယ်။ မြန်မာထမင်းဆိုင်တစ်ခုမှာ ကျွန်မဝင်စားတော့ အချိုတည်းဖို့ဆိုပြီး ထန်းလျက်ခဲတွေ ကျွေးပါတယ်။ ဒါပေမဲ့ ဒီထန်းလျက်ခဲက နှစ်ကိုက်လောက်ကိုက်ပြီး ဆက်မစားဖြစ်တာကြောင့် ဒီတိုင်းပဲ ကျန်ခဲ့တော့ စိတ်ထဲနှမြောတယ်။ ပြီးတော့ ငါဒါကို တစ်ခုခုပြင်ပြီး ထုတ်နိုင်ရင် စားသုံးသူအတွက် အဆင်ပြေမလားဆိုပြီး ပြောင်းလဲချင်တာကြောင့် ထန်းတောတွေကို သွားလေ့လာတယ်။ ထန်းလျက် လုပ်ပုံလုပ်နည်းတွေကအစ လေ့လာပြီး သန့်စင်အောင်လုပ်ပြီး ထုတ်လုပ်ဖြစ်တာပါ"လို့လည်း မြန်မာ့ထန်းလျက်ကို စားချင့်စဖွယ် အပြင်အဆင်၊ ထုပ်ပိုးမှုနဲ့ ထုတ်လုပ်နေတဲ့ မချိုလဲ့နွယ်က ပြောပါတယ်။
အခုလက်ရှိမှာ Tree Food လို့ အမည်ပေးထားတဲ့ ထန်းလျက်ခဲတွေကို သင့်လျော်တဲ့ အတုံးလေးတွေအထိ ရောက်အောင်ဖန်တီးပြီး ရိုးရိုးထန်းလျက်ခဲ၊ သံပရာ၊ ပူရှိန်း၊ ချင်း၊ ဒိန်ချဉ် အရသာဆိုပြီး အရသာငါးမျိုး ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
"အမျိုးသမီးတွေဆိုရင် ချင်းနဲ့ ထန်းလျက်ကို မီးယပ်အတွက် သပ်သပ်တောင် ကြိုသောက်ရတော့ ထန်းလျက်နဲ့ တစ်ခါတည်း တွဲပြီးစားရင် ကျန်းမာရေးအတွက်လည်း ကောင်းတာကြောင့် ချင်းအရသာကို ထုတ်လုပ်ဖြစ်တာပါ"လို့လည်း ရှင်းပြပါတယ်။
ထုတ်လုပ်ထားတဲ့ ထန်းလျက်တွေကို သဲပါဝင်မှု မရှိအောင်စစ်ဆေး အရင်သန့်စင်ပြီးမှ ထုတ်လုပ်တာဖြစ်ပြီး အချိုအရမ်းမကဲအောင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
မြန်မာ့ရိုးရာ အစားအသောက်ဖြစ်တာကြောင့် ပြည်တွင်းစားသုံးသူတွေက ပိုနှစ်သက်ကြတယ်လို့လည်း သိရပါတယ်။ ထုပ်ပိုးမှုကတော့ ပုလင်းကိုတော့ နိုင်ငံခြားကနေ မှာယူအသုံးပြုတာဖြစ်ပြီး ကျန်တာက မြန်မာ့ရိုးရာ ထုတ်ကုန်စစ်စစ်တွေကိုသာ အသုံးပြုတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထန်းလျက်ပါဝင်မှု net weight 115g ပါဝင်တဲ့ တစ်ပုလင်းကို ကျပ် ၂၅၀၀ နှုန်းနဲ့ ရောင်းချနေပြီး ပုလင်းသေးလေးတွေကိုလည်း ရောင်းချနေတာ ဖြစ်ပါတယ်။










