ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်၍ စီးပွားရေး အခွင့်အလမ်းများ ချိတ်ဆက်ပေးရန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းရေရှည် ဖွံ့ဖြိုးမှုအတွက် သုတေသန လုပ်ငန်းများ မြန်မာ့ဖွံ့ဖြိုးမှု အဖွဲ့အစည်း စတင်လုပ်ဆောင်

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်၍ စီးပွားရေး အခွင့်အလမ်းများ ချိတ်ဆက်ပေးရန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းရေရှည် ဖွံ့ဖြိုးမှုအတွက် သုတေသန လုပ်ငန်းများ မြန်မာ့ဖွံ့ဖြိုးမှု အဖွဲ့အစည်း စတင်လုပ်ဆောင်
Published 12 January 2016
ဖြိုးဝေ

၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သည့် ရေဘေးအတွက် ပြန်လည်ထူထောင်ရန်နှင့် စီးပွားရေး အခွင့်အလမ်းများ ချိန်ဆက်ပေးရန်၊ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသည့် အထူးစီးပွားရေးဇုန် စီမံကိန်းများအနက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရေရှည်ဖွံ့ဖြိုးမှုအတွက် သုတေသနလုပ်ငန်း နှစ်ခုအား စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးမှု ဗဟိုအဖွဲ့အစည်းနှင့် မြန်မာ့ဖွံ့ဖြိုးမှုဗဟိုလုပ်ငန်း အဖွဲ့အစည်း၏ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌဒေါက်တာဇော်ဦးက ပြောကြားသည်။
“မြန်မာ့ဖွံ့ဖြိုးမှုဗဟို အဖွဲ့အစည်းအနေနဲ့ သုတေသနလုပ်ငန်းတွေ အရင်ဆုံးလုပ်ရမှာပါ။ ပထမဆုံးအနေနဲ့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်ဒေသတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ပေးရမှာပါ။ ရေဘေးသင့်ခံရတာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ခဲ့ပြီး နာဂစ်ထက် ဆိုးခဲ့တာမို့ ပြန်လည်ထူထောင်တဲ့ အခါမှာ စနစ်တကျနဲ့ ပြန်လည်ထူထောင်နိုင်အောင် နောင်လာမယ့် စီးပွားရေး စီမံကိန်းတွေနဲ့ စနစ်တကျ ချိတ်ဆက်နိုင်အောင် သုတေသန လုပ်ဆောင်နေပါတယ်။ နောက်တစ်ခု အနေနဲ့ အထူးစီးပွားရေးဇုန်တွေမှာ ပြည်သူကိုအကျိုးပြုတဲ့ စီးပွားရေးဇုန်တွေ ဖြစ်ဖို့အတွက် ကျွန်တော်တို့ ဝိုင်းဝန်းစဉ်းစားပြီးတော့ လုပ်ဆောင်နေပါတယ်။ ဒီစီးပွားရေး ဇုန်တွေထဲမှာမှ အထူးသဖြင့်တော့ ထားဝယ်အထူး စီးပွားရေးဇုန်ကို လုပ်ဆောင်နေတယ်” ဟု ၎င်းကဆိုသည်။
မြန်မာ့ဖွံ့ဖြိုးမှု ဗဟိုအဖွဲ့အစည်းနှင့် မြန်မာ့ဖွံ့ဖြိုးမှု ဗဟိုလုပ်ငန်း အဖွဲ့အစည်းကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့နှစ်ဖွဲ့ကို နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာအောင်ထွန်းသက်နှင့် ဒေါက်တာဇော်ဦးက ဦးဆောင်သည်။
မြန်မာ့ဖွံ့ဖြိုးမှု ဗဟိုအဖွဲ့အစည်းနှင့် မြန်မာ့ဖွံ့ဖြိုးမှု ဗဟိုလုပ်ငန်း အဖွဲ့အစည်း တာဝန်များအဖြစ် နိုင်ငံ့ဖွံ့ဖြိုး တိုးတက်မှုနှင့် စီးပွားရေး တိုးတက်မှုများအတွက် လက်တွေ့အကျိုးရှိမည့် မူဝါဒနှင့် မဟာဗျူဟာဆိုင်ရာ သုတေသန လုပ်ငန်းစဉ်များအတွက် မူဝါဒနှင့် လမ်းညွှန်ချက်များ ထုတ်လုပ်ပေးရန်၊ နိုင်ငံတော် အစိုးရ၏  စီမံကိန်းကော်မရှင်နှင့် ဘဏ္ဍာရေး ကော်မရှင်တို့၏ လမ်းညွှန်မူဝါဒများ ချမှတ်ပေးနိုင်ရန် အထောက်အကူပြုမည့် သုတေသန လုပ်ငန်းစဉ်များ ဖော်ထုတ်ချမှတ်ပေးရန်၊ မြန်မာ့ဖွံ့ဖြိုးမှု အဖွဲ့အစည်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲ၍ ဥပဒေ အတည်ပြုနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ယင်းဥပဒေနှင့်အညီ လွတ်လပ်သည့် ပညာရပ်ဆိုင်ရာ  အမျိုးသား သုတေသန အဖွဲ့အစည်းအဖြစ် ထူထောင်ရန် စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ရမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် အထူးစီမံကိန်းကြီးများ အပါအဝင် အစိုးရ-ပုဂ္ဂလိက ပူးတွဲစီမံကိန်းများနှင့် ရလာဒ်ဖော်ဆောင်ရေး အထူးလုပ်ငန်းများကို ဖွဲ့စည်းလျက် လိုအပ်မည့် စိစစ်တိုးတက်မှု သုံးသပ်ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ အစိုးရဌာနများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးတွဲညှိနှိုင်း အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ ပြည်သူ့ဝန်ဆောင်မှု စွမ်းရည်မြှင့်တင်ရေးကို ရှေးရှုသည့် လေ့ကျင့်ရေးနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပါဝင်သော အစိုးရနှင့် ပြည်သူပညာဖလှယ်ရေး အစီအစဉ်နှင့် ယင်းဘာသာရပ်များကို နိုင်ငံတကာအဆင့်မီ သင်ကြားနိုင်မည့် ပညာရေး အဖွဲ့အစည်းတစ်ရပ် ထူထောင်နိုင်ရေး အကောင်အထည်ဖော်ရန် လုပ်ဆောင်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ထားဝယ် အထူးစီးပွားရေးဇုန်၊ သီလဝါ အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ထားဝယ်အထူး စီးပွားရေးဇုန်ကို ထိုင်းနိုင်ငံ၊ သီလဝါ အထူးစီးပွာေးရးဇုန်ကို ဂျပန်နိုင်ငံနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည်။                  

Most Read

Most Recent