မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် နှိုင်းယှဉ်အားသာမှုရှိသည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း သြစတြေးလျ စီးပွားရေးပညာရှင် ပြောကြား

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် နှိုင်းယှဉ်အားသာမှုရှိသည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း သြစတြေးလျ စီးပွားရေးပညာရှင် ပြောကြား
Published 11 January 2016
ဇော်ဝေ

ပြီးခဲ့သည့် ငါးနှစ်တွင် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် နှိုင်းယှဉ်အားသာမှုရှိသည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာ သုတေသနများ လုပ်ကိုင်မှု နှစ်နှစ်ကျော် အတွေ့အကြုံရှိသည့် သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ ပါမောက္ခ Sean Turnell က ပြောကြားသည်။"New Myanmar Beyond 2015: The Need for New Paradigm" ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၁၁ ရက်က ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ နီလာရတု ခန်းမ၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားသည်။“မြန်မာနိုင်ငံ အနေနဲ့ အနာဂတ်မှာ ဘာတွေလုပ်ရမလဲဆိုတဲ့ဟာကို ပြောရမယ်ဆိုရင် အရင်တုန်းကလည်း ပြောခဲ့သလိုပဲ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ဖို့ ခက်ခဲနိုင်ပေမဲ့ ဆုံးဖြတ်သင့်တဲ့ဟာပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီလိုပဲ ဖြစ်ရမှာပဲ။ ADB, World bank တို့ ပြောခဲ့တာတွေက အတူတူပါပဲ။ ကျွန်တော်တို့အခု စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ စီးပွားရေး မူဝါဒတွေကို ချမှတ်ရတယ်။ ဒါအရင်ကတည်းက ပြောခဲ့တဲ့ဟာပဲ။ စီးပွားရေးပညာရှင် လှမြင့်လည်း ပြောတာပဲ။ အတူပဲ စီးပွားရေးရဲ့ သမိုင်းကြောင်းမှာလည်း ဒီအတိုင်းပဲ ရှိတယ်။ စိုက်ပျိုးရေးကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုးတက်အောင် လုပ်ပြီးတော့ ပြောင်းလဲရတာပဲ။ ဒါက ခြွင်းချက် မရှိခဲ့ပါဘူး” ဟု ပါမောက္ခ Sean Turnell က ဆိုသည်။ဆက်လက်၍ ၎င်းက “စိုက်ပျိုးရေးလို့ ပြောတဲ့အတွက် စိုက်ပျိုးထုတ်လုပ်မှုကို ပြောနေတာ မဟုတ်ပါ။ ရောင်းဝယ်မှု၊ ချေးငွေ၊ ဈေးကွက်ထဲ ပို့ဆောင်မှု စတဲ့ လုပ်ငန်းစဉ်တွေကို ချဲ့ထွင်ဖို့ ပြောတာဖြစ်တယ်။ ထိုင်ဝမ်၊ ဗီယက်နမ်၊ ထိုင်းတို့ သူတို့ လက်ရှိ အခြေအနေကို ရောက်လာအောင် လုပ်တာကို ပြောတာ” ဟု ပြောကြားသည်။  စိုက်ပျိုးရေး ကဏ္ဍသည် တိုင်းပြည် လူဦးရေ ရာခိုင်နှုန်း ၇၀ နှင့် နိုင်ငံဝင်ငွေ၏ ရာခိုင်နှုန်း ၄၀ ဝန်းကျင်ကို ဖြည့်ဆည်းပေးနေသည့် ကဏ္ဍဖြစ်သည့်အတွက် ချန်လှပ်မရကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ တစ်ဝက်ရှိသည့် ဈေးကွက်အနားတွင် ရှိနေကြောင်း၊ ပတ်ဝန်းကျင်နိုင်ငံများတွင် ရေအရင်းအမြစ် ပြဿ နာများ ရှိချိန်တွင် မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါကြွယ်မှု ဒုတိယကြွယ်ဝမှု နေရာတွင် ရှိနေကြောင်းလည်း စီးပွားရေး ပညာရှင် အချို့က ဆွေးနွေးခဲ့ကြသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “လက်ရှိလည်း တကယ်တော့ ကိုယ်တို့ရဲ့ ဦးစားပေး ကဏ္ဍထဲမှာ စိုက်ပျိုးရေး ကဏ္ဍက ဦးစားပေး ကဏ္ဍထဲမှာ ပါတယ်။ သူ့ဟာသူ အကြောင်း အမျိုးမျိုးကြောင့် ဝင်မလာတာ။ အခုလည်း ပါဆဲပါတယ်။ နံပါတ်တစ်ကတော့ လယ်ယာ ကဏ္ဍကို ကျန်တဲ့ ကဏ္ဍထက်စာရင် အကျိုးအမြတ် ပြန်ရတာ နည်းတာပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တော်တော်များများကတော့ Return မြန်မြန် ပြန်ရတာကို ပိုပြီးတော့ စိတ်ဝင်စားတယ်။ စိုက်ပျိုးရေး Return ပြန်ရတာ နည်းတယ်။ နှစ်အချက်က ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ မူဝါဒ။ ဒါက သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်း မရှိဘူး။ ရင်းနှီးမြှုပ်နှံသူတွေကလည်း မြေနဲ့ပတ်သက်ပြီး စိုးရိမ်စိတ် ရှိတယ်ပေါ့။ နံပါတ်သုံး အချက်ကတော့ ဥပဒေပိုင်းမှာလည်း အားနည်းချက်တွေရှိတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လာရင် ဥပဒေတွေက ကန့်သတ်ချက်တွေ တော်တော်များများ ရှိတယ်။ ဒီသုံးချက်ပေါ့” ဟု ပြောကြားသည်။“စိုက်ပျိုးရေး လုပ်ငန်းကတော့ ၂၀၁၆ ခုနှစ်မှာ ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ သေချာတယ်။ ၂၀၁၇ ခုနှစ်မှာ သိသိသာသာ ပြောင်းလဲဖို့ အတွက်ကို ၂၀၁၆ ခုနှစ်မှာ တော်တော်လုပ်ရမယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

Most Read

Most Recent