မြန်မာနိုင်ငံတွင် ဆီးချိုသွေး ချိုရောဂါဖြစ်ပွားမှုနှုန်း တစ်ရှိန်ထိုး မြင့်တက်နေခြင်းကြောင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တစ်နိုင်ငံလုံးအဆင့် အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဆေးသုတေသန ဦးစီးဌာနမှပြုလုပ်သည့် ‘မြန်မာနိုင်ငံရှိ ဆီးချိုသွေးချိုဖြစ်ပွားမှု’သုတေသနစာတမ်းအရ သိရသည်။ဆေးသုတေသနဦးစီးဌာနမှ ၂၀၁၄ ခုနှစ်အတွင်းက မကူးစက်တတ်သော ရောဂါများ ဖြစ်စေတတ်သောအကြောင်းအရာများကို နိုင်ငံတစ်ဝန်း လေ့လာမှုပြုလုပ်ခဲ့ပြီး မြို့နယ်ပေါင်း ၅၂ မြို့မှ အသက် ၂၅ နှစ်မှ ၆၄ နှစ်ရှိသော လူဦးရေပေါင်း ၈၇၅၇ ဦးကို လေ့လာသုတေသန ပြုလုပ်ခဲ့ကြောင်း၊ လေ့လာချက်မှ ရရှိသော အချက်အလက်အချို့ကို အသုံးပြု၍ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော ဆီးချိုသွေးချို ဖြစ်ပွားမှုနှုန်းများကို တင်ပြခဲ့ခြင်းဖြစ်ကြောင်းနှင့် လေ့လာမှုများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆီးချိုသွေးချို ဖြစ်ပွားမှုနှုန်းမှာ နိုင်ငံလူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းခန့်အထိ ရှိနေကြောင်း သိရသည်။ အမျိုးသားများတွင် ရောဂါဖြစ်ပွားမှုမှာ ၉ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိပြီး အမျိုးသမီးများတွင် ၁၁ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပွားနေကြောင်း၊ အမျိုးသားများတွင် ရောဂါဖြစ်ပွားမှုနှုန်းသည် ၂၅-၃၄ နှစ် အုပ်စုတွင် ၃ ဒသမ ၆ ရာခိုင်နှုန်းရှိရာ အသက်ကြီးရင့်သည်နှင့်အမျှ ဖြစ်နှုန်းမြင့်သွားရာ ၅၅-၆၄ နှစ် အုပ်စုတွင် ၁၉ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိကြောင်းနှင့် အမျိုးသမီးများတွင် ၂၅-၃၄ နှစ် အုပ်စုတွင် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ၅၅-၆၄ အုပ်စုတွင် ၂၃ ဒသမ ၇ ရာ ခိုင်နှုန်းထိ မြင့်တက်လျက်ရှိသည်။ဆီးချိုသွေးချို ဖြစ်ပွားခါနီး ရောဂါအစပျိုးနေသည့် အခြေအနေသည် တစ်နိုင်ငံလုံးတွင် ရာခိုင်နှုန်း ၂၀ နီးပါးရှိနေခြင်းကြောင့် ရောဂါဖြစ်ပွားသူဦးရေ ယခုထက် ပိုမိုလာနိုင်ခြေရှိနေကြောင်းနှင့် သုတေသန တွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် ဆီးချိုသွေးချို ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို နိုင်ငံအဆင့် အရှိန်ပြင်းပြင်းနှင့် တိုးချဲ့လုပ်ဆောင်ရန် လိုအပ်နေကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသန ပညာရှင်များက ပြောကြားသည်။မြန်မာနိုင်ငံတွင် ဆီးချိုသွေး ချိုရောဂါဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူထားသည့် ပထမဆုံးသော အမျိုးသားအဆင့် စစ်တမ်းကို၂၀၁၅ ခုနှစ် အတွင်းက ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယင်းစစ်တမ်းကို တစ်နိုင်ငံလုံး ကိုယ်စားပြု သတ်မှတ်နိုင်ရန် တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း စသည့် ဒေသများခွဲခြားကာ ဆီးချိုသွေးချို ဖြစ်နိုင်ခြေသည့် အသက်အရွယ် ၄၀ အထက် ရှိသူများကို ကျပန်းစနစ်ဖြင့် အချက်အလက် ကောက်ခြင်းဖြစ်ကြောင်း သိရသည်။အချက်အလက်များ ကောက်ယူရန်အတွက် နိုင်ငံတကာ ဆီးချို သွေးချိုအဖွဲ့အစည်းမှ ငွေကြေးပံ့ပိုး ကူညီပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေး ဦးစီးဌာနအောက်ရှိ ဆီးချိုသွေးချိုရောဂါတိုက်ဖျက်ရေး စီမံချက်တို့ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှု အခြေအနေများကို အတိအကျသိနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တမ်းသည်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် ပထမဆုံး စစ်တမ်းဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်းကမြို့ပြနှင့် ကျေးလက်အချို့ရှိမြို့ နယ်ကျေးရွာများတွင် ဆီးချိုသွေးချို နှင့် ပတ်သက်၍ လူဦးရေနှစ်သိန်း ခန့်အား အသေးစား စစ်တမ်းပြုလုပ်ခဲ့ရာ လူဦးရေ၏ ရာခိုင်နှုန်း ၂၀ မှာဆီးချိုသွေးချိုရှိနေသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။
ဆီးချိုသွေးချိုဖြစ်နှုန်း တစ်ရှိန်ထိုးမြင့်တက်နေ၍ ရောဂါကာကွယ်ထိန်းချုပ်ရေးကို နိုင်ငံအဆင့် အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်နေ















