အယ်လ်နီညိုကြောင့် သောက်သုံးရေရှားပါးခြင်း၊ စိုက်ပျိုးရေနည်းပါးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လို

အယ်လ်နီညိုကြောင့် သောက်သုံးရေရှားပါးခြင်း၊ စိုက်ပျိုးရေနည်းပါးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လို
Published 8 January 2016
ဆန်းထူးအောင်

ယခုနှစ်အတွင်း အယ်လ်နီညိုကြောင့် သောက်သုံးရေ ရှားပါးခြင်း၊ စိုက်ပျိုးရေ နည်းပါးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာ များ ဖြစ်ပွားနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။“ဒီနှစ်က အယ်လ်နီညိုနှစ်ဆိုတော့ ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပဲ အရင်တုန်းကဖြစ်ခဲ့တဲ့ အချက်အလက်တွေအရ အယ်လ်နီညိုဖြစ်ခဲ့တဲ့ နှစ်တွေမှာ ပိုပြီးပူတဲ့ အနေအထားတွေ ရှိခဲ့တယ်။ သဘာဝဘေးက ရှောင်လွှဲလို့မရဘူး။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားသင့်တယ်။ ပထမဆုံးဖြစ်နိုင်တာက သောက်သုံးရေအခက်အခဲ၊ ပြီးရင်စိုက်ပျိုးရေ၊ ရေရှားပါးလာတဲ့အတွက် ချောင်းတွေ၊ မြောင်းတွေမှာ ရေစီးဆင်းမှုနည်းလာရင် လျှပ်စစ်အခက်အခဲတွေ၊ ကျန်းမာရေးဆိုင်ရာတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်”ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။ထို့ပြင် မြန်မာနိုင်ငံတွင် အယ်လ်နီညို အမြင့်ဆုံးအချိန်တွင် အယ်လ်နီညို ရာသီဥတုကို ခံစားရခြင်းမရှိဘဲ အယ်လ်နီညို ပြန်ကျသည့် အချိန်တွင် ခံစားရကြောင်းလည်း ဒေါက်တာကျော်မိုးဦးက ဆက်လက်ရှင်းပြသည်။“ဒီဇင်ဘာလမှာ အယ်လ်နီညို အမြင့်ဆုံးဖြစ်ပြီးတော့ ခု ပြန်ကျနေပြီ၊ နောက်ပိုင်းတွေ တဖြည်းဖြည်း ပြန်ကျနေပြီ၊ မြန်မာနိုင်ငံမှာ အယ်လ်နီညို အပြင်းဆုံးအချိန်တွေမှာ မခံစားရဘဲနဲ့ ပြန်ကျတဲ့အချိန်တွေမှာ ခံစားရ တဲ့အနေအထားလေးတွေ ရှိတယ်။ အနီးစပ်ဆုံး ကြည့်မယ်ဆိုရင် ၂၀၀၉ ခုနှစ် မေလလောက်မှာ စဖြစ်တယ်။ ၂၀၀၉ ခုနှစ်ကုန်ပိုင်းမှာ အမြင့်ဆုံးရောက်ခဲ့တယ်။ ၂၀၁၀ ခုနှစ် ကျတော့ မြို့တွေမှာ စံချိန်တင် အပူချိန်တွေ ဖြစ်ခဲ့တယ်”ဟု ၎င်းက ပြောကြားသည်။ဆက်လက်ပြီး ဒေါက်တာကျော်မိုးဦးက “အယ်လ်နီညိုက ၂၀၁၅ ဧပြီ၊ မေလောက်က စတယ်။ အဲဒီအချိန်တုန်းက ပစိဖိတ်သမုဒ္ဒရာမှာ အယ်လ်နီညို ၀ ဒသမ ၅ လောက်ပဲ ရှိတယ်။ အဲဒီလောက်ကနေ တဖြည်းဖြည်း မြင့်လာပြီး အောက်တိုဘာ၊ နိုဝင်ဘာလောက် မှာ ၉၀ ရာခိုင်နှုန်းလောက်အထိကနေ ဒီဇင်ဘာမှ ၁၀၀ ရာခိုင်နှုန်းအထိ ဖြစ်သွားတယ်။ အယ်လ်နီညို Index ကလည်း နှစ်ကျော်သွားတဲ့ အနေအထားဖြစ်တယ်။  မှတ်တမ်းတွေအရ ၁၉၅၄ ခုနှစ်ကနေစပြီးတော့ ၂၀၁၅ -၂၀၁၆ ခုနှစ်အထိကို မှတ်တမ်းတွေအရ နှစ်ကျော်သွားတဲ့ဟာက ၁၉၉၇-၉၈ ခုနှစ်နဲ့ ဒီနှစ်ပဲ ရှိတယ်။ ၉၇-၉၈ ခုနှစ်ကလည်း သောက်သုံးရေ အခက်အခဲတို့၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲတို့၊ ဘက်ပေါင်းစုံမှာ ပြဿနာဖြစ်ခဲ့တဲ့အတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားသင့်တယ်။ အယ်လ်နီညိုနှစ်ဆိုတော့ ခါတိုင်းနှစ်တွေထက် ပိုပူမယ့်အနေအထား ရှိတယ်” ဟု ပြောကြားသည်။ယင်းအပြင် အယ်လ်နီညို ရာသီဥတုကြောင့် အလွန်အမင်း မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း အမျိုးသား သဘာဝအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က ပြောကြားထားသည်။မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်သည် ပုံမှန်ထက် အပူချိန်စံချိန်တင်ခဲ့ကာ မိုးခေါင်ခြင်းကိုလည်း ကြုံတွေ့ခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ၂၀၀၉ ခုနှစ်ကို ကျော်လွန်ကာ အပူချိန်စံချိန်တင်ခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်အတွင်း မတ်၊ ဧပြီ၊ မေလများသည် အပူချိန် စံချိန်ကျိုးမှုများ ဖြစ်ပေါ်သည်အထိ စံချိန်တင် ပူပြင်းခဲ့သကဲ့သို့ မိုးရာသီကာလနှင့် မိုးလွန်ကာလတို့တွင်လည်း အချို့နေရာများတွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုများပင် ရှိခဲ့ကြောင်းလည်း သိရသည်။၂၀၀၉ ခုနှစ်တွင် အယ်လ်နီညို ရာသီဥတုကြောင့် မိုးခေါင်ခဲ့ခြင်း၊ မြစ်ရေခန်းပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေအရင်းအမြစ် နည်းပါးခဲ့ခြင်း၊ သောက်ရေ၊ သုံးရေရှားပါးခဲ့သည့်အတွက် မသန့်ရှင်းသောရေများကို အသုံးပြုရာမှ ရောဂါများဖြစ်ပွားခြင်း၊ အပူချိန်မြင့်တက်မှုကြောင့် အပူနှင့် ဆက်နွှယ်ကာ ရောဂါများဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ 

Most Read

Most Recent