အမျိုးသားပညာရေး သပိတ်မှောက်ဆန္ဒထုတ်ဖော် လမ်းလျှောက်ခဲ့သည့် ကျောင်းသားများကို ဖမ်းဆီးထားခြင်း ဆယ်လပြည့်အဖြစ် အမြန်ပြန်လည်လွတ်ပေးရေးအတွက် ပဲခူတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့နယ် တရားရုံးအတွင်း ပုဒ်မ ၁၈ ဖြင့် ရုံးထုတ်လာသည့် တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဇန်နဝါရီလ ၈ ရက်နေ့ နေ့လည် တစ်နာရီက ပုဒ်မ ၁၈ အမှုများ ရုံးထုတ်စစ်ဆေးစဉ် ထောင်ဒဏ်ကျခံနေရသည့် ကိုဝင်းလှိုင်၊ ကိုကျော်ဆွေ၊ ကိုမျိုးသူထွဋ်တို့ သုံးဦးက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများအား အမြန်ဆုံး ပြန်လွတ်ပေးရေး တောင်းဆိုမှုများကို ပြုလုပ်ခဲ့သည်။“ဘာအပြစ်မှမရှိပဲ သာယာဝတီအကျဉ်းထောင်ထဲမှာ နှစ်ရှည်လများ အကျဉ်းချထားတာ လူသားအရင်းအမြစ်ကို ဖြတ်တောက်တာဖြစ်တယ် နိုင်ငံအတွက် လုံးဝအကျိုးမရှိတဲ့အပြင် တကယ်အကျိုးပြုမယ့်သူတွေကို ထောင်ထဲမှာ အကျဉ်းချထားတာ ကျနော်တို့နိုင်ငံကို အကျိုးယုတ်စေတယ် ဒီအစိုးရအနေနဲ့ ကျနော်တို့အပေါ်မှာ တစ်ကယ် စေတနာမေတ္တာ ရှိတယ် တစ်ကယ်ကောင်းစားစေချင်တယ်ဆိုရင် လူသားအရင်းအမြစ်ဖြစ်တဲ့ အနာဂတ် မျိုးဆက်သစ်လူငယ်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ် ဘာမှအပြစ်မရှိပဲ ထောင်ထဲမှာ နှစ်ရှည်လများ ဖမ်းဆီးထားမယ်ဆိုရင် ကျနော်တို့မြန်မာနိုင်ငံအတွက် လုံးဝအကျိုးမရှိပါဘူး။ သမ္မတဦးသိန်းစိန်အနေနဲ့ သူ့သမ္မတ သက်တမ်းမကုန်ခင်မှာ ကျောင်းသားတွေ ဝန်းရံပြည်သူတွေ တက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံး လွှတ်ပေးပါလို့ ဒီနေရာကနေ တောင်းဆိုပါတယ်” ဟု ထောင်ဒဏ်ကျခံနေရပြီး ကျန်ရှိအမှုများကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည့် ကိုမျိုးသူထွဋ်ကပြောသည်။တောင်းဆိုမှုများ ပြုလုပ်ရာတွင် ကိုဝင်းလှိုင်က ကျောင်းသား၊ ကျောင်းသူများကို လွတ်ပေးခြင်းဖြင့် ဂုဏ်သိက္ခာဆယ်ပါ သမ္မတကြီး၊ စာသားပါ အကျီၤကို ကိုင်ဆောင်ကာ ကျောင်းသားကျောင်းသူများ လွတ်ပေးရေး တို့အရေး၊ ကျောင်းသားကျောင်းသူ ဝန်းရံသူများ လွတ်ပေးရေး တို့အရေး၊ တရားရုံးတွေမှာ တရားဥပဒေစိုးမိုးရေး တို့အရေး စသည့် ကြွေးကြော်မှုများကို ပြုလုပ်ခဲ့သည်။“အစိုးရတစ်ရပ်ကို လမ်းကြောင်းမှန်အောင် မီးမောင်းထိုးပြတာ ဆန္ဒပြတဲ့သူတွေကို ဖမ်းတယ်ဆိုတာ လုံးလုံးမဖြစ်သင့်ဘူး ကျောင်းသားတွေ အမြန်လွှတ်ပေးပါလို့ပဲ တောင်းဆိုချင်တယ် ကျွန်တော်တို့ မလွှတ် လွတ်လွတ်ပါ” ဟု ကိုကျော်ဆွေကပြောသည်။ရုံးချိန်းများအား ဇန်နဝါရီလ ၁၈ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ဒေါ်ခင်ဝင်း ပစ်ခတ်ခံရမှု အမြန်ဆုံးဖော်ထုတ် အရေးယူပေးရေးအတွက် ဆန္ဒဖော်ထုတ်မှုအတွက် ပ-၇/၂၀၁၅၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ကိုဝင်းလှိုင်၊ ကိုကျော်ဆွေ၊ ကိုမျိုးသူထွဋ် သုံးဦး၊ (၁၀.၉.၂၀၁၅) ကျောင်းသားများ ဖမ်းဆီးခံရခြင်း ခြောက်လပြည့် တစ်ကိုယ်တော်ပြုလုပ်မှုဖြင့် ပုဒ်မ ၁၈ မတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ကျောင်းသားထု ဝန်းရံရေး ဆန္ဒဖော်ထုတ်မှုအတွက် ပ-၁၆၁/၂၀၁၅၊ ပုဒ်မ ၁၈ ဖြင့် ကိုဝင်းလှိုင်၊ ကိုကျော်ဆွေ နှစ်ဦးကို အမှတ်(၂) ရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းက တရားလိုပြုလုပ် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းတို့ အပါအဝင် အခြား ပုဒ်မ ၁၈ နှစ်မှုလည်း ပါဝင်ခဲ့ပြီး ပုဒ်မ ၁၈၊ ၁၉၊ ၅၀၅ (ခ)တို့ဖြင့် ကိုဝင်းလှိုင်က ထောင်ဒဏ် သုံးနှစ် လေးလ၊ ပုဒ်မ ၁၈၊ ၁၉ များဖြင့် ကိုကျော်ဆွေက ထောင်ဒဏ်ဆယ်လ၊ ပုဒ်မ ၁၈ ဖြင့် ကိုမျိုးသူထွဋ်က ထောင်ဒဏ် လေးလ ကျခံနေရခြင်းဖြစ်သည်။
သပိတ်မှောက်ကျောင်းသားများ ဖမ်းဆီးထားခြင်း ဆယ်လပြည့် အမြန်ပြန်လွတ်ပေးရေး ပြည်မြို့တရားရုံးအတွင်း ပုဒ်မ ၁၈ ဖြင့် ရုံးထုတ်လာသည့် တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်















