တိုင်းပြည်မွေးနေ့

တိုင်းပြည်မွေးနေ့
Published 8 January 2016
မောင်ကြည်

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်သည် ကျွန်တော် ၄၂ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ မိမိ မွေးနေ့မှာ ကိတ်မုန့်လှီးပြီး Happy Birthday မလုပ်ဖြစ်ခဲ့ပါ။ မောင်နှမ ဝမ်းကွဲများကိုသာ လက်ဖက်ရည် တိုက်ဖြစ်ခဲ့သည်။ ထို့နောက် Facebook ပေါ်မှ သူငယ်ချင်းများက မွေးနေ့ ဆုတောင်းပေးကြသည်။ ဘာမှကြီးကြီးကျယ်ကျယ် မလုပ်ခဲ့။ ထိုမျှလောက်သာ။သို့သော် မိမိ၏ မွေးနေ့၌ ကျေးဇူးတင်ထိုက်သည့် ပုဂ္ဂိုလ်များအကြောင်း မှတ်မှတ်ရရ တွေးမိခဲ့သည်။ ပထမ ဒီအသက်အရွယ် ထိရောက်အောင် ကျွေးမွေးပြုစု ယုယခဲ့သည့် အမေ။ ထို့နောက် အဖေ။ ညီအစ်ကို မောင်နှမများ၊ သူငယ်ချင်းများ အားလုံးကို ကျွန်တော့်စိတ်ထဲမှ ကျေးဇူးတင်နေမိပါသည်။ အဘယ်ကြောင့်ဆိုသော် ခုအချိန်ထိ ကျွန်တော်အသက်ရှင် ရပ်တည်နေနိုင်ခြင်းသည် အဆိုပါ ပုဂ္ဂိုလ်များ၏ ကျေးဇူးတရားနှင့် အထောက်အပံ့တို့ကြောင့် ဖြစ်သည်။ ကျွန်တော် တစ်ယောက်တည်းသာ ရှင်သန် ရပ်တည်ရမည်ဆိုလျှင် အခုလောက် ကိုယ်ကျန်းကျန်းမာမာ၊ စိတ်ချမ်းချမ်းသာသာနှင့် အဆင်ပြေပြေ ရပ်တည်နိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် ကျွန်တော့်မွေးနေ့မှာ ကျေးဇူးတင်ထိုက်သူ အားလုံးကို မမေ့မလျော့ ကျေးဇူးတင်ရပါမည်။တကယ်တော့ မွေးနေ့ဆိုတာ မထူးဆန်းလှပါ။ တစ်နှစ်မှာတစ်ခါ။ လူတိုင်းကြုံရသည့် နေ့တစ်နေ့မျှသာ ဖြစ်သည်။ အသက်တစ်နှစ် ကြီးသွားသည့် သဘောသာ ရှိပါသည်။ 'မွေးနေ့ဆိုတာ သေဖို့ရာ နှစ်တစ်ပတ်ပြည့်လာပြန်တဲ့ အထိမ်းအမှတ်ပဲ' ဟု တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ကြီးက မိန့်ဖူးပါသည်။သို့သော် မွေးနေ့ရောက်တိုင်း စဉ်းစားဖို့ ကောင်းသည့်အချက်က 'ဘယ်လိုမွေးနေ့မျိုးကို ငါဖြတ်သန်းခဲ့သလဲ' ဆိုသည့် အချက်ဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ် အရိုးတွေ ပိုရင့်လာသည့် မွေးနေ့လား။ အကုသိုလ် မကောင်းမှုတွေ ပိုများလာတဲ့ မွေးနေ့လား။ လောဘ၊ ဒေါသတွေ ပိုကြီးလာတဲ့ မွေးနေ့လားဟုတော့ စဉ်းစားကြည့်ဖို့ ကောင်းလှပါသည်။သာမန် သူလိုကိုယ်လို ဖြတ်သန်းလာသည့် မွေးနေ့လူမျိုးကတော့ စာမဖွဲ့လောက်ဘူး ထင်သည်။ ဘဝမှာ စားကာသောက်ကာ ပျော်ပါးမေ့လျော့ကာ အချိန်တန်လို့ ပြက္ခဒိန်ပေါ်မှာ အလှည့်ကျ ရောက်လာသည့် မွေးနေ့မျိုးကတော့ ကိတ်မုန့်တွေလှီး၊ ဖယောင်းတိုင်တွေ ထွန်းပြီး လက်ခုပ်လက်ဝါးတီးကာ ချီးကျူး အားပေးဖို့ မသင့်လှသော မွေးနေ့မျိုးသာ ဖြစ်ပါလိမ့်မည်။ ထိုကဲ့သို့သော မွေးနေ့မျိုးတွေ ကျွန်တော်တို့ ဘယ်နှခုလောက်များ ဖြတ်သန်းခဲ့ဖူးပြီလဲ။ ပြန်လည်ဆန်းစစ်ကြည့်ဖို့ ကောင်းလှသည်။စိတ်ကောင်းစိတ်မြတ်၊ စေတနာကောင်း စေတနာမြတ်တွေ မွေးဖွားလာသည့် မွေးနေ့မျိုးကိုသာ ဝမ်းသာလှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုသင့်သည်ဟု ထင်မိသည်။ ထိုကဲ့သို့သော မွေးနေ့မျိုးကိုသာ 'လှပသည့်မွေးနေ့' ဟု ကမ္ပည်းထိုး မှတ်တမ်းတင်ချင်သည်။ ကျွန်တော်တို့ ဘဝမှာ အရုပ်ဆိုး အကျည်းတန်လှသည့် မွေးနေ့တွေရှိခဲ့မှာ သေချာပါသည်။ လောဘ၊ ဒေါသ၊ မောဟတွေသာ မွေးနေ့မျိုးတွေပေါ့။ ထိုကဲ့သို့သော မွေးနေ့မျိုးတွေကို ဒိုင်ယာရီ အဟောင်းထဲမှာသာ နှစ်မြှုပ်ချန်ထားခဲ့လိုက်ပါတော့။ ရှေ့ဆက်မည့် မွေးနေ့ ပေါင်းများစွာကိုတော့ စိတ်ကောင်းစိတ်မြတ် ဖယောင်းတိုင်လေးတွေ ထွန်းညှိပြီး စေတနာကောင်း စေတနာမြတ် ကိတ်မုန့်တုံးလေးတွေ လှီးပြီး အချင်းချင်း မျှဝေစားသုံးကြမယ်ဆိုလျှင် ဘယ်လောက်ကောင်းမလဲဟု မိမိမွေးနေ့မှာ အတွေးကြွယ်မိပါသည်။ကျွန်တော်သည် မိမိမွေးနေ့နှင့် ဆက်စပ်ပြီး တိုင်းပြည်တစ်ခု၏ မွေးနေ့ကိုပါ စဉ်းစားနေမိပါသေးသည်။ တိုင်းပြည်ဆိုတာလည်း လူသားတစ်ယောက်လိုပါပဲ။ သူ့မှာလည်း မွေးနေ့သေနေ့ ရှိရမည်မှာ သဘာဝကျပါသည်။ မိမိတိုင်းပြည်၏ မွေးနေ့ကို ကျွန်တော်တို့ သတိထားမိကြပါရဲ့လား။ သူငယ်ချင်း မိတ်ဆွေတို့၏ မွေးနေ့ဝယ် လက်ဆောင်ပေးကြသလို မိမိတိုင်းပြည်၏ မွေးနေ့ဝယ် အဘယ်လက်ဆောင်မျိုးပေးဖို့ စဉ်းစားထားကြပါသလဲ။ မိမိတို့ တိုင်းပြည်မွေးနေ့အတွက် အကောင်းဆုံး လက်ဆောင်သည် ဘယ်အရာမျိုး ဖြစ်မည်နည်း။ ထိုအချက်ကို ကျွန်တော်တို့ တွေးကြည့်သင့်ဟု ထင်ပါသည်။ကျွန်တော်သည် မိမိတို့တိုင်းပြည်၏ မွေးနေ့အကြောင်း ပြန်ပြောင်း စဉ်းစားမိသည့်အခါ အကြိမ်ကြိမ်မွေးဖွားပြီး အကြိမ်ကြိမ် သေဆုံးခဲ့ရသည့် အဖြစ်ကို သတိပြုလိုက်မိပါသည်။ သက်ဦးဆံပိုင် ပဒေသရာဇ် စနစ်ဖြင့် စတင်သန္ဓေတည်ခဲ့သော မိမိတို့ တိုင်းပြည်သည် မလှပသော မွေးဖွားခြင်းဖြင့် မွေးဖွားလာခဲ့ရသည်။ ရေစီးတစ်ခါ ရေသာတစ်လှည့် ဖြတ်သန်းခဲ့ရသော အဆိုပါ တိုင်းပြည်သည် ပဒေသရာဇ်စနစ် ချုပ်ငြိမ်းပြီးနောက် ကိုလိုနီစနစ်ဆိုးအောက်မှာ တစ်ဖန်ပြန်လည် မွေးဖွားလာခဲ့ရပြန်ပါသည်။ နှစ်ပေါင်း ၁၀၀ ကျော် သူများနှာခေါင်းပေါက်နှင့် အသက်ရှူ ခဲ့ရပြီး တစ်ဖန် ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှာ မိမိတို့ တိုင်းပြည်ပြန်လည် မွေးဖွားသန့်စင်လာခဲ့ပြန်သည်။ကိုလိုနီ လငပုပ်လက်မှ လွတ်မြောက်ပြီး ကြည်လင်ဝင်းပတော့မည်ဟု ကြံကာရှိသေးသည်။ ဟော သူတစ်လူ ငါးတစ်မင်း အချင်းချင်း စစ်ခင်းကာ ထိုင်ခုံလုကြပြန်သောကြောင့် ရှင်ကြီးဝမ်းမှ ရှင်ငယ်ဝမ်းသို့ သက်ဆင်းခဲ့ရပြန်ပါသည်။ မိမိတို့ တိုင်းပြည်သည် အကြိမ်ကြိမ် မွေးဖွားပြီး အကြိမ်ကြိမ် သေဆုံးခဲ့ရသည်။ ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ်ဟု တင်စားခံရသည့် နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲများကြားထဲမှာ မိမိတို့တိုင်းပြည်လေးသည် မွေးနေ့ပွဲကို ကောင်းကောင်းမွန်မွန်နှင့် စိတ်ချမ်းသာကိုယ်ကျန်းမာ ဆင်နွှဲခွင့် မရခဲ့ပြန်ပါ။ချောက်ထဲကျဖို့ လက်တစ်လုံးသာ လိုတော့သည့် တိုင်းပြည်ကို ကယ်တင်ချင်သည့် ခေါင်းဆောင်များကြားထဲမှ မိမိတို့တိုင်းပြည်သည် နာတာရှည် ရောဂါသည်လို အိပ်ရာညောင်စောင်းမှာပဲ လဲလျောင်းနေခဲ့ရသည့် နှစ်တွေ မနည်းမနောပါပဲ။ ဆေးမြီးတိုနှင့် ဖြစ်သလို ကုသခံခဲ့ရဖူးသည်။ ဒေါက်တာရမ်းကုတွေ၏ လက်ထဲသို့လည်း ဝ,ကွက်ခံခဲ့ရဖူးသည်။ 'ငါမရှိရင် ခက်ရချည်ရဲ့' ဆိုသည့် ပညာရှိကြီးတွေ၏ ဘုန်းရိပ်ကိုလည်း ခိုလှုံခဲ့ရဖူးသည်။ တိုင်းပြည်ကို စိတ်မချသူတို့၏ မျက်လုံးထောင့်ထောက် ကြည့်ကာ စောင့်ရှောက်မှုအောက်မှာလည်း တောတွေပျောက်၊ တောင်တွေပြုန်း၊ မြစ်တွေခမ်းခဲ့ရဖူးသည်။ 'မင်း ဘဏ္ဍာ ကိုယ့်ဟာမှတ်လို့ တပြုံးပြုံး' ဆိုရိုးစကားကို နေ့စဉ်ရွတ်ဖတ် ပွားများနေသူများ၏ မေတ္တာရိပ်အောက်မှာလည်း လုံခြုံနွေးထွေးခဲ့ရဖူးသည်။ ဤသို့ဖြင့် မိမိတို့တိုင်းပြည်ကို ကိတ်မုန့်သဖွယ် စားပွဲပေါ်တင် ဓားနှင့်လှီးပြီး "Happy Birthday" အော်ကာ လက်ခုပ်တီးပြီး အချင်းချင်း ဝေမျှစားသုံးနေကြသည်ကိုလည်း ခံခဲ့ရဖူးပါသည်။ထိုကဲ့သို့သော မွေးနေ့ပေါင်းများစွာ ဖြတ်သန်းခဲ့ရသော မိမိတို့ တိုင်းပြည်အကြောင်း ပြန်ပြောင်းစဉ်းစားမိသည့်အခါ 'ဝမ်းသာပီတိ' ဖြစ်ရတာထက် 'ရင်နာမချိ' ခံစားမိရတာ ပိုပါသည်။ မလှမပ အရုပ်ဆိုး အကျည်းတန်လှတဲ့ မွေးနေ့တွေ တော်တော်များခဲ့ပါလားဟု ကြေကွဲမိပါသည်။ မိမိတို့ တိုင်းပြည်အတွက် "Happy Birthday" မဖြစ်ဘဲ "Unhappy Birthday" သာ ဖြစ်ခဲ့ရပါလားဟု ရင်နာမိပါသည်။အမဲလိုက် မုဆိုးတွေကြားက လွတ်မြောက်လာသည့် သားကောင်သဖွယ် မိမိတို့ တိုင်းပြည်ပြန်လည် မွေးဖွားလာမည့်နေ့ရက်ကို ရည်မျှော်မှန်းဆ တမ်းတမိပါသည်။ အကြိမ်ကြိမ် သေဆုံးခဲ့တာတွေ ရှိပါစေတော့။ မလှပတဲ့ မွေးဖွားခြင်းတွေ ထားခဲ့ပါတော့။ အတိတ်ဆိုး အိပ်မက်ဆိုးတွေကို လွှတ်ပစ်လိုက်ပါတော့။ မမေ့အပ်သော သင်ခန်းစာများက သမိုင်းစာအုပ်ထဲမှာ ကျန်ရစ်နေခဲ့ဦးမှာပါ။ဝတ်ကောင်းစားလှတွေ ဆင်မြန်းပြီး အမွှေးနံ့သာတွေ ပက်ဖျန်းထားသောကြောင့် အလှကြီး လှနေသည့် မိမိတို့တိုင်းပြည် အသစ်တစ်ဖန် ပြန်လည်ကျင်းပခွင့်ရမည့် မွေးနေ့ မင်္ဂလာကို စောင့်ကြိုနေမိပါသည်။ ပြည်သူပြည်သား အပေါင်းက "Happy Birthday" ဟု တညီတညာတည်း သံပြိုင်ကြွေးကြော်ကြမည့် အချိန်ကို ငံ့လင့်နေမိပါသည်။အဲဒီအချိန်သည် စိတ်ကောင်းစိတ်မြတ် စေတနာကောင်း စေတနာမြတ်တို့ဖြင့် လိမ်းကျံထားအပ်သော မိမိတို့ တိုင်းပြည်အလှပဂေးကို တစ်ကမ္ဘာလုံးက တအံ့တသြ ငေးကြည့်ရမည့် အချိန်ဖြစ်ပါသည်။ မဝေးတော့သည့် တစ်နေ့မှာ ထိုကဲ့သို့သော မွေးနေ့မင်္ဂလာ ရောက်ရှိလာမည် ဖြစ်ပါသောကြောင့် ခုကတည်းက ကြိုတင်လို့ မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါရစေ။"Happy Birthday Myanmar"

Most Read

Most Recent