လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပုံစံအမျိုးမျိုး

လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပုံစံအမျိုးမျိုး
Published 8 January 2016
ဝင်းနိုင်ထွန်း

နိုင်ငံအသီးသီးသည် လူကုန်ကူးမှုများကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းလာပါက အပြည်ပြည်ဆိုင်ရာ ဥပဒေအရ အကူအညီပေးမှုများပါ ပါဝင်လုပ်ဆောင်ကြရမည် ဖြစ်သည်။ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပုံစံများတွင် ရဲတပ်ဖွဲ့များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကဲ့သို့သော အလွတ်သဘောပူးပေါင်း ဆောင်ရွက်ခြင်းနှင့် တရားဝင် ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် အပြန်အလှန် ဥပဒေရေးရာ အကူအညီပေးခြင်း၊ တရားခံ လွဲှပြောင်းပေးခြင်းတို့ ပါဝင်သည်။အာဆီယံနိုင်ငံများ၏ ကတိကဝတ်အာဆီယံဒေသသည် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံးသော နိုင်ငံအသိုက်အဝန်း ဖြစ်သည်။ အာဆီယံနိုင်ငံများ အတွင်းတွင် လူကုန်ကူးမှု တိုက်ဖျက်ရန် ကတိကဝတ်များ ရှိထားကြသည်။ မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်ပြစ်မှုဆိုင်ရာ ကိစ္စများတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေနှင့် နည်းဥပဒေ (The Mutual Assistance in Criminal Matters Law and Rules) ကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ ထို့အတူ မလေးရှားနိုင်ငံက ဦးဆောင် ရေးဆွဲခဲ့သည့် ပြစ်မှုဆိုင်ရာ ကိစ္စများတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး သဘောတူစာချုပ် (Treaty on Mutual Legal Assistance in Criminal Matters - MLAT) တွင် မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ထိုစာချုပ်အား အတည်ပြုခြင်း (Ratification) ပြုလုပ်ခဲ့သည်။၂၀၁၀ ပြည့်နှစ် အာဆီယံနိုင်ငံများ၏ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှ စတင်ကာ အာဆီယံနိုင်ငံများအကြား လူကုန်ကူးမှု တိုက်ဖျက်ရေးကို နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။ ၂၀၁၁ ခုနှစ် အာဆီယံနိုင်ငံများ၏ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် လူကုန်ကူးမှုနှင့် ပတ်သက်သော ပြစ်မှုဆိုင်ရာ ကိစ္စများတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး လက်စွဲစာအုပ်ကို ထုတ်ဝေနိုင်ခဲ့သလို အာဆီယံနိုင်ငံအတွင်း သင်တန်းများပါ ဆက်လက်ပေးရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ သင်တန်းအတွက် သင်ရိုးညွှန်းတမ်းကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် သြစတြေးလျ အစိုးရ၏ သြစတြေးလျ-အာရှ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ်မှ တာဝန်ရှိသူများနှင့် ရေးဆွဲခဲ့ကြသည်။ ၂၀၁၅ ခုနှစ်ကုန်ပိုင်းမှစကာ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံများသို့ ရှေ့ပြေးစမ်းသပ် သင်တန်းဖြစ်သည့် International Cooperation Training ပေးလျက်ရှိသည်။ လေးနိုင်ငံ သင်တန်းပေးမှု အတွေ့အကြုံများကို ပြန်လည်သုံးသပ်ကာ အာဆီယံ နိုင်ငံအားလုံး၏ သင်တန်းအတွက် သင်ရိုးညွှန်းတမ်း ဖြစ်လာမည် ဖြစ်သည်။ ထိုသင်တန်းသည် အာဆီယံနိုင်ငံများမှ တရားစွဲ အရာရှိများ၊ ရှေ့နေများနှင့် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဗဟိုအာဏာပိုင် အဖွဲ့ဝင်များကို လူကုန်ကူးမှုအကြောင်း ထဲထဲဝင်ဝင် သိရှိနားလည်ရန်အတွက် ရည်ရွယ်သည်။အရှေ့တောင် အာရှဒေသတွင်းတွင် လူကုန်ကူးမှု အကြောင်းအရာကို ကောင်းစွာသိရှိမှု အဆင့်နိမ့်ကျဆဲ ဖြစ်သည်။ ထို့ကြောင့် အချို့နိုင်ငံများသည် လူကုန်ကူးမှုနှင့် တရားစွဲစရာ မလိုသော်လည်း လူကုန်ကူးမှု အမည်တပ်ကာ တရားစွဲဆိုနေကြသလို အချို့နိုင်ငံများတွင် လူကုန်ကူးမှုကို လူကုန်ကူးမှုနှင့် တရားမစွဲဘဲ အခြားအမှုများဖြင့် တရားစွဲဆိုနေကြသောကြောင့် လူကုန်ကူးသူများ လွတ်မြောက်နေကြဆဲ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ပူးပေါင်း ဆောင်ရွက်ခြင်း ပြုလုပ်ကြမှာ ဖြစ်သည့်အတွက် လူကုန်ကူးမြောက်ပြီး တရားစွဲဆိုရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်လာမည် ဖြစ်သည်။အာဆီယံ ကွန်ဗင်းရှင်း၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်၊ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ နိုင်ငံများ၏ ကွန်ဗင်းရှင်း အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် ကုလသမဂ္ဂ အတွင်းတွင်ပါ ချီးကျူးပြောဆိုလျက် ရှိနေကြသည်။လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်းတွင် အခန်း (၇) ခန်းပါရှိရာ ၎င်းတို့မှာ အထွေထွေ ပြဋ္ဌာန်းချက်များ (General Provisions)၊ ပြစ်မှုမြောက်ခြင်း (Criminalization)၊ ကြိုတင်ကာကွယ်ခြင်း (Prevention)၊ အကာအကွယ်ပေးခြင်း (protection)၊ ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်း (Law Enforcement)၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (International Cooperation) နှင့် အပြီးသတ် ပြဋ္ဌာန်းချက်များ (Final Provision) ပါရှိကြသည်။ ထိုကွန်ဗင်းရှင်းတွင် လူကုန်ကူးမှု၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ အာဏာသက်ရောက်မှုဆိုင်ရာ နယ်ပယ်၊ အချုပ်အခြာ အာဏာဆိုင်ရာ အကာအကွယ်ပေးမှု၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုမြောက်မှု၊ အုပ်စုဖွဲ့ ကျူးလွန်ရာတွင် ပါဝင်မှုအား ပြစ်မှုမြောက်စေခြင်း၊ ငွေကြေးခဝါချမှုဆိုင်ရာ ပြစ်မှုမြောက်စေခြင်း၊ အဂတိ လိုက်စားမှုဆိုင်ရာ ပြစ်မှုမြောက်စေခြင်း ၊ တရားစီရင်ရေးတွင် အဟန့်အတား အနှောင့်အယှက်ပေးမှုဆိုင်ရာ ပြစ်မှုမြောက်စေခြင်း၊ တရားစီရင်ပိုင်ခွင့်၊ လူကုန်ကူးမှုအား ကြိုတင်ကာကွယ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော်မှုအား ထိန်းချုပ်မှုနှင့် အထောက်အထားများအား တရားဝင်ဖြစ်စေခြင်း၊ လူကုန်ကူးခံရသူများအား အကာအကွယ်ပေးမှု၊ ပြန်လည်ဝင်ဆံ့စေမှုနှင့် လူကုန်ကူးခံရသူများအား ပြန်လည်လွဲွှပြောင်းပေးမှု၊ ဥပဒေအရ အရေးယူဆောင်ရွက်မှုနှင့် တရားစွဲဆိုမှု၊ ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းခြင်းနှင့် ရှာဖွေသိမ်းဆည်းမှု၊ တရားစီရင်ရေးဆိုင်ရာ အပြန်အလှန် အကူအညီပေးမှု၊ တရားခံလွဲှပြောင်းမှု၊ ဥပဒေအရ ပူးပေါင်းအရေးယူမှု၊ ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းရန်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ သိမ်းဆည်းထားသော သက်သေခံများအား စီမံခန့်ခွဲမှု၊ ပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းမှု၊ စောင့်ကြည့် ကြပ်မတ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် အစီရင်ခံစာ တင်သွင်းမှု၊ မှတ်တမ်းတင်ခြင်းနှင့် ရုပ်သိမ်းစေခြင်းစသည့် အပိုဒ်များကို အသေးစိတ်ပါရှိသည်။ထိုကွန်ဗင်းရှင်းတွင် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးနှင့် တရားခံ လွှဲပြောင်းပေးရေး (Extradition) တို့ကို တိတိကျကျ ဖော်ပြထားသည်။ နိုင်ငံတိုင်းအတွက် လူကုန်ကူးမှုဆိုင်ရာ ဥပဒေရေးရာအရ နိုင်ငံအချင်းချင်း အကူအညီပေးရေးသည် အသစ်အဆန်းကဲ့သို့ ဖြစ်နေပေသေးသည်။အလွတ်သဘော ပူးပေါင်းဆောင်ရွက်နေမှုမြန်မာနှင့် ထိုင်းနိုင်ငံအကြား ပြစ်မှုဆိုင်ရာ ကိစ္စများတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ မြန်မာနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ရဲတပ်ဖွဲ့ အချင်းချင်းနှင့် ဌာနဆိုင်ရာ အချင်းချင်းတို့ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည့်အပြင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာများ ရေးထိုးဆောင်ရွက်နေခြင်း၊ နှစ်နိုင်ငံ ပုံမှန်အစည်းအဝေးများ ရှိနေခြင်းတို့ကြောင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလျက် ရှိနေသည်။ လူကုန်ကူးခံရသူများကို တရားရုံးသို့ သက်သေအဖြစ် ခေါ်ဆောင်လာနိုင်ခြင်း၊ မူရင်းနိုင်ငံသို့ ပြန်ပို့ခြင်း၊ လူကုန်ကူးခံရသူများကို အကာအကွယ်ပေးခြင်းတို့အထိ ပူးပေါင်းလုပ်ဆောင်နေကြပြီ ဖြစ်သည်။ ယင်းသို့အေဂျင်စီ အချင်းချင်း ရင်းနှီးမှု၊ နားလည်မှု၊ ပုဂ္ဂိုလ်ရေး ယုံကြည်မှုတို့ဖြင့် ဆောင်ရွက်နေခြင်းသည် အလွတ်သဘော ပူးပေါင်းဆောင်ရွက်မှု (Informal Cooperation) မျိုးဖြစ်သည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် အမြဲတမ်း ဆောင်ရွက်နေကြရသည်။ထိုင်းနိုင်ငံ အနေဖြင့်လည်း လူကုန်ကူးခံရသူများသည် မိခင်နိုင်ငံသို့ ဆောလျင်စွာ ပြန်လိုက်ပြန်စေပြီး နောက်ပိုင်းတရားစွဲသည့်အခါ ထွက်ဆိုချက်များကို မူရင်းနိုင်ငံမှာရှိသည့် တရားရုံး (သို့မဟုတ်) ထိုင်းသံရုံးများတွင် ဗီဒီယိုရိုက်ပြီး ထွက်ဆိုချက်ပေးကာ အင်တာနက်ကတစ်ဆင့် ထိုင်းနိုင်ငံ တရားရုံးသို့ ပေးပို့နိုင်ရေး စီစဉ်နေပြီ ဖြစ်သည်။ လူကုန်ကူးခံရသူများ ထိုင်းနိုင်ငံ ဂေဟာများတွင် အချိန်ကြာမြင့်စွာ မနေလိုသူများအတွက် စီစဉ်ကြခြင်း ဖြစ်သည်။ ထိုသို့ဆောင်ရွက်ကြပြီဆိုပါက နိုင်ငံတော်အဆင့် တရားဝင် ပူးပေါင်းဆောင်ရွက်မှု (Formal Cooperation) မျိုး လုပ်ဆောင်ကြရတော့မည် ဖြစ်သည်။ အလွတ်သဘော ပူးပေါင်းဆောင်ရွက်မှုတွင် ဥပဒေသီးသန့် ပြဋ္ဌာန်းစရာ မလိုချေ။ ဥပမာ-မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံ၊ ရဲတပ်ဖွဲ့သို့ တယ်လီဖုန်းဖြင့်သော် လည်းကောင်း၊ အီးမေးလ်ဖြင့်သော် လည်းကောင်း ဆက်သွယ် လုပ်ကိုင်နိုင်ကြသည်။ တရားဝင် ပူးပေါင်းမှု မဆောင်ရွက်ခင် အလွတ်သဘော ပူးပေါင်းဆောင်ရွက်မှုက ကြိုတင်ဆောင်ရွက်လေ့ရှိကြသည်။ Video Conferencing များအား တစ်ဖက်နိုင်ငံ တရားရုံးတွင် တရားဝင် သက်သေခံ အထောက်အထား ဖြစ်ရန်မှာ MLAT ကို အသုံးပြုရပါမည်။ ထိုနည်းလမ်းသည် ငွေကုန်ကြေးကျ သက်သာကာ အမှုအများအပြားကို လျင်မြန်စွာ ကိုင်တွယ် စစ်ဆေးနိုင်မည် ဖြစ်သည်။ထိုလုပ်ဆောင်မှုများတွင် တရားရုံးတွင် လိုအပ်သည့် အချက်အလက်များကို အပြန်အလှန် လွဲှပြောင်းပေးမှုများလည်း ပါဝင်သည်။ နိုင်ငံအချင်းချင်း အပြန်အလှန် အကူအညီ ပေးခြင်းသည် စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲခြင်းများ ပြုရန်ရည်ရွယ်၍ သတင်းအချက်အလက်များ၊ သက်သေများကို ပံ့ပိုးပေးရန် နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံတစ်နိုင်ငံသို့ အကူအညီ တောင်းခံသည့် လုပ်ငန်းစဉ် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံမှာ ရောက်နေသည့် တရားခံ၏ တည်နေရာကို ဖော်ထုတ်ပေးရန် တောင်းဆိုမှုမျိုးလည်း ရှိနိုင်သည်။ တရားခံ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို ရှာဖွေပေးရန် နိုင်ငံအချင်းချင်း မေတ္တာရပ်ခံမှုမျိုးလည်း ရှိနိုင်သည်။ တရားရုံးတွင် သက်သေလာရောက် ထွက်ဆိုပေးရန် အကူအညီ တောင်းခံခြင်း၊ မသွားမလာနိုင်ပါက ဗီဒီယို ကွန်ဖရင့်ဖြင့် ပေးပို့ရန် နိုင်ငံအချင်းချင်း တောင်းခံခြင်းတို့လည်း ရှိလာနိုင်သည်။ ထို့အပြင် သက်သေခံချက် မပေးလိုကြောင်း ငြင်းဆိုနိုင်သည့် အခွင့်အရေးလည်း ရှိသည်။တရားခံ လွဲှပြောင်းပေးခြင်းတစ်ခါတစ်ရံ အမှုတစ်ခုတည်းမှာပင် တစ်ပြိုင်နက်တည်း ဥပဒေအရ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် တရားခံ လွဲှပြောင်းပေးခြင်း (Extradition) ပါ ပူးတွဲ ဆောင်ရွက်ရတတ်သည်။ နိုင်ငံအချို့သည် ဥပဒေအရ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကာ သက်သေခံ အထောက်အထားများ အရင်ရယူပြီး၊ သက်သေခံ အထောက်အထားများ ပေါ်မူတည်ကာ နောက်တစ်ဆင့် တရားခံ လွဲှပြောင်းမှု ပြုလုပ်လေ့ရှိကြသည်။တရားခံလွဲှပြောင်းခြင်းသည် လူကိုယ်တိုင် လွဲှပြောင်းပေးခြင်းဖြစ်သည့်အတွက် သက်သေခံ အထောက်အထားများ လွဲှပေးမှုနှင့် မတူညီချေ။ မေတ္တာရပ်ခံသည့် နိုင်ငံတွင် တရားစွဲရန်၊ ပြစ်ဒဏ်ချရန်တို့အတွက် တရားခံကို လွဲှပြောင်းပေးရန် တောင်းဆိုသည့် အခါမျိုးတွင် လူသားကို လွဲှပြောင်းရသည့်အတွက် အရေးကြီးသလို၊ အလေးနက်ထားရမည်ဖြစ်ကြောင်း MLAT တွင် အသေးစိတ် ပြဋ္ဌာန်းပေးထားသည်။ ထို့ပြင် တရားခံသည် မိမိနိုင်ငံသားဖြစ်လျှင် ငြင်းပိုင်ခွင့်လည်း ရှိသည်။လက်ရှိရှိနေပြီးသား အလွတ်သဘော ပူးပေါင်း ဆောင်ရွက်မှုများအပြင် MLAT က တစ်ဆင့် နည်းလမ်းတကျ တရားဝင် ပူးပေါင်းဆောင်ရွက်မှု အနေအထားများ ခိုင်မာလာရန် လိုအပ်ပါသည်။အာဆီယံ နိုင်ငံများအကြား ပြစ်မှုဆိုင်ရာ ကိစ္စများတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး သဘောတူစာချုပ် (MLAT) အား လက်မှတ် ရေးထိုးထားကြပြီးဖြစ်၍ ထိုမှတစ်ဆင့် ဆောင်ရွက်ကြရမည်ကို နိုင်ငံအားလုံးက သိရှိထားကြပြီး ဖြစ်သည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ တရားသူကြီး အချင်းချင်း အထူးမေတ္တာရပ်ခံချက်ဖြင့် ဆက်သွယ်သည့် ပုံစံမျိုးဖြင့်လည်း တစ်ခါတစ်ရံ ကျင့်သုံးလေ့ရှိကြသည်။ သို့သော် ထိုသို့ဆက်သွယ်မှုမှာ လွန်စွာနည်းပါးပြီး၊ ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်လေ့ မရှိကြပေ။ဗဟိုအဖွဲ့ အာဏာပိုင်အဖွဲ့ တာဝန်ထိုင်းနိုင်ငံသည် Mutual Legal Assistance - MLA အသုံးပြုရန် စီစဉ်ခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကတည်း ကပင် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၁၉၉၃ ခုနှစ် က Mutual Legal Assistance - MLA ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေ၏ လုပ်ပိုင်ခွင့်အာဏာကို ရှေ့နေချုပ်ရုံးက တာဝန်ယူသည်။ မြန်မာနိုင်ငံတွင်မူ ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ယူ လုပ်ဆောင်နေသည်။ ထိုဥပဒေ၏ ဗဟိုအာဏာပိုင်အဖွဲ့ (Central Authority) တွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဋ္ဌာနမှ ဥက္ကဋ္ဌ၊ ရဲချုပ်မှအတွင်းရေးမှူးအဖြစ် တာဝန်ယူထားကြသည်။ ထိုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်တွင် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ပနိုင်ငံ တစ်ခုခုသို့ အကူအညီ တောင်းခံခြင်းနှင့် အကူအညီရယူခြင်းတို့ ပါဝင်သည်။၂၀၁၆ခုနှစ်မှစကာ အာဆီယံ စီးပွားရေး အသိုက်အဝန်း ဖြစ်လာတော့မည်ဖြစ်သဖြင့် နိုင်ငံဖြတ်ကျော် မှုခင်းများလည်း များပြားလာမည်ဖြစ်သည်။ ထိုအခါ အာဆီယံနိုင်ငံ အချင်းချင်း MLAT ကိစ္စကို ဆောင်ရွက်ကြရတော့မည် ဖြစ်သည်။ ထို့ကြောင့် အလွတ်သဘော ပူးပေါင်းဆောင်ရွက်မှုရော တရားဝင်ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍများပါ ပါဝင်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသို့ အကူအညီ တောင်းခံမှုများ ပိုမိုများပြားစွာ ရောက်ရှိလာမှာ ဖြစ်သလို၊ မြန်မာနိုင်ငံမှလည်း လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းဆိုင်ရာ တစ်ဖက်နိုင်ငံများသို့ အကူအညီ တောင်းခံမှုများလည်း ပိုမိုရှိလာနိုင်မည် ဖြစ်သည်။

Most Read

Most Recent