ကျောင်းမုန့်ဈေးဆိုင်များရှိ ဆန်၊ ဂျုံ၊ ပြောင်းတို့ဖြင့် ပြုလုပ်ထားသော အသင့်စားမုန့်များတွင် အစာအဆိပ်သင့်ခြင်း ဖြစ်စေသည့် မှိုများပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိကြောင်း သုတေသနပြုလုပ်ချက်အရ သိရ

ကျောင်းမုန့်ဈေးဆိုင်များရှိ ဆန်၊ ဂျုံ၊ ပြောင်းတို့ဖြင့် ပြုလုပ်ထားသော အသင့်စားမုန့်များတွင် အစာအဆိပ်သင့်ခြင်း ဖြစ်စေသည့် မှိုများပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိကြောင်း သုတေသနပြုလုပ်ချက်အရ သိရ
Published 7 January 2016
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချနေသည့် ဆန်၊ ဂျုံ၊ ပြောင်းတို့ဖြင့် အခြေခံပြုလုပ်ထားသော အသင့်စားမုန့်များတွင် အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသည့် T-2 mycotoxin မှိုများပါဝင်နေသည်ကို ဆေးသုတေသနဦးစီးဌာနမှ သုတေသီများက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
 
အသင့်စားမုန့်များတွင် တွေ့ရှိခဲ့သည့် T-2 mycotoxin (Txicothec ene type A) သည် အချို့သော မှိုမျိုးစိတ်များဖြစ်သည့် Fuscarium sporotrichioides,Fusarium poae ,Fusavium equiseti and fasarium acuminatum များမှထွက်သည့် သဘာဝအဆိပ်တစ်မျိုး ဖြစ်ကြောင်း၊ ယင်းမှိုများသည် စိုက်ပျိုးရေးထွက်ကုန်များတွင် စိုက်ပျိုးချိန်၌ လည်းကောင်း၊ သယ်ယူပို့ဆောင်ချိန်၊ ထွက်ကုန်ပြုပြင်ချိန်နှင့် လှောင်ချိန်များတွင်သော်လည်းကောင်း၊ ပေါက်ဖွားကြီးထွားနိုင်ကြောင်း နှင့် T-2 toxin သည် လူတွင်သာမက တိရစ္ဆာန်များ၏ အရေပြားများမှ တစ်ဆင့် ဖောက်ဝင်ခြင်း၊ စိမ့်ဝင်ခြင်းတို့ဖြစ်စေနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်ကြောင်း သိရသည်။ 
 
အဆိုပါ သုတေသနကို ၂၀၁၅ ခုနှစ် ဇူလိုင်မှ စက်တင်ဘာလအတွင်း အခြေခံပညာ မူလတန်းကျောင်းအနီးတွင် ရောင်းချသည့် မုန့်ဆိုင်များမှ မုန့်နမူနာ ၈၄ ခုကို Enzyme Linked Sorbent ImmunoAssay နည်းပညာ ကို အသုံးပြု၍ ရှာဖွေခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း မုန့်နမူနာ ၈၄ ခုအနက် ၄၆ မျိုးတွင် T2 mycotoxin  ပါဝင်ကြောင်း  စမ်းသပ်တွေ့ရှိခဲ့ကြောင်းနှင့် ဂျုံအခြေခံသော မုန့်နမူနာ ၃၀ ခု (၅၄ ဒသမ ၅၅ ရာခိုင်နှုန်း)၊ ဆန်အခြေခံသော မုန့်နမူနာနှစ်ခု(၄၀ရာခိုင်နှုန်း)၊ ပြောင်း အခြေခံသော မုန့်နမူနာ နှစ်ခု (ရာခိုင်နှုန်း ၅၀)၊ ဂျုံနှင့်ပြောင်း အရောအနှောအခြေခံသော မုန့်နမူနာ ငါးခု(ရာခိုင်နှုန်း ၁၀၀)၊ ဂျုံပြောင်း နှင့် ဆန်အရောအနှောအခြေခံသော မုန့်နမူ နာ ငါးခု(၇၁ ဒသမ ၄၃ ရာခိုင်နှုန်း)၊ ဂျုံနှင့် ဆန် အရောအနှောအခြေခံသော မုန့်နမူနာ သုံးခု (၃၃ ဒသမ ၃၃ ရာခိုင်နှုန်း)တို့တွင် T-2 mycotoxin  ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သည်။ 
 
ဥရောပအစားအသောက်ဆိုင်ရာ သိပ္ပံအဖွဲ့မှ သတ်မှတ်ချက်အရ T-2 mycotoxin သည် နေ့စဉ် ယာယီစားသုံးနိုင်သည့် ပမာဏ မှာ 0.06 mg/kg ခန္ဓာကိုယ်အလေးချိန်ထက် မပိုစေရန် အကြံပြုထားပြီး T-2 mycotoxin  ကို ပမာဏအနည်းငယ် စဉ်ဆက်မပြတ် စားသုံးမိခြင်းဖြင့် ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေပြီး ယင်း T-2 mycotoxin  အစားအစာကို စားသုံးမိခြင်းသည် စားသုံးသူအတွက် အရေးကြီးသည့် ကျန်းမာရေးပြဿနာများကို ဖြစ်စေကြောင်း ဆေးသုတေသနဦးစီးဌာနမှ သုတေသီများက ပြောကြားခဲ့သည်။   
 
ထို့ပြင် ၂၀၁၅ ခုနှစ်အတွင်းက မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စာသင်ကျောင်းမုန့်ဈေးတန်း အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက်အဖြစ် တိုင်းဒေသကြီး နှင့် ပြည်နယ်ရှစ်ခုရှိ အခြေခံပညာ ကျောင်းပေါင်း ၄၂၀ တွင် ရောင်းချနေသည့် အစားအသောက်များကို စစ်ဆေးခဲ့ကြောင်းနှင့် နေပြည်တော်ရှိ မြို့နယ် ၁၀ မြို့နယ်၊ ကျောင်းပေါင်း ၄၇ ကျောင်းမှ အစားအသောက်နမူနာ၂၅၀ မျိုး၊ ရန်ကုန်ရှိမြို့နယ်၂၉ မြို့နယ်၊ ကျောင်းပေါင်း ၃၁ ကျောင်းမှ အစားအသောက် နမူနာ ၁၇၀ မျိုး၊ မန္တလေးရှိ မြို့နယ် ၁၁ မြို့နယ်၊ ကျောင်းပေါင်း ၆၂ ကျောင်းမှ အစားအသောက်နမူနာ၂၇၉ မျိုး၊ ပဲခူးတိုင်းရှိ မြို့နယ် ၁၅ မြို့နယ်၊ ကျောင်းပေါင်း ၇၇ ကျောင်းမှ အစားအသောက်နမူနာ ၃၃၇ မျိုး၊ စစ်ကိုင်းတိုင်းရှိ မြို့နယ် ၁၁ မြို့နယ်၊ ကျောင်းပေါင်း ၃၀ ကျောင်းမှ အစားအသောက်နမူနာ ၇၂ မျိုး၊ ဧရာဝတီတိုင်းရှိ မြို့နယ် ၁၂ မြို့နယ်၊ ကျောင်းပေါင်း ၁၁၈ ကျောင်းမှ အစားအသောက်နမူနာ ၉၈၅ မျိုး၊ ကချင်ပြည်နယ်ရှိ မြို့နယ် နှစ်မြို့နယ်၊ ကျောင်းရှစ်ကျောင်းမှ အစားအသောက်နမူနာ ၃၀မျိုး၊ မွန်ပြည်နယ်ရှိ  မြို့နယ် ကိုးမြို့နယ်၊ ကျောင်းပေါင်း ၄၇ ကျောင်း မှ အစားအသောက်နမူနာ ၆၈၃ မျိုးကို စစ်ဆေးခဲ့ပြီး ယင်းတို့အနက် စားသုံးရန် မသင့်သော အစားအသောက်အမျိုးပေါင်း ၄၆ မျိုးကို ရောင်းချခွင့်တားမြစ်ခဲ့သည်။  
 
 
 

Most Read

Most Recent