ကမာရွတ်မြို့နယ် အတွင်းရှိ ATM စက် နှစ်စက်မှ ငွေထုတ်ကတ် အတုဖြင့် ငွေခိုးထုတ်ယူခဲ့သည့် ဘူဂေးလ်ရီးယား နိုင်ငံသားအား ထပ်မံစစ်ဆေးရာ အခြားလိမ်လည် ထုတ်ယူမှု နှစ်မှု ထပ်မံ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ယင်းဘူဂေးရီးယား နိုင်ငံသားသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာရှိ ကမ္ဘောဇ ATM စက်မှ ငွေထုတ်ကတ် အတုဖြင့် ငွေလေး သိန်းကျပ်အား ထုတ်ယူခဲ့သည့်အပြင် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းကွင်း ကမ္ဘောဇဘဏ်ခွဲရှိ ATM စက်မှ ငွေထုတ်ကတ် အတုဖြင့် ငွေငါးသိန်းကျပ်အား ထပ်မံ ခိုးထုတ်ယူသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ထိုသို့ ငွေထုတ်ကတ် အတုဖြင့် ငွေခိုး ထုတ်ခဲ့သည့် ဘူဂေးလ်ရီးယား နိုင်ငံသားအား ကမ္ဘောဇဘဏ်မှ လက်ထောက်မန်နေဂျာ ဦးအောင်ပြည့်ဇော်မှ တရားလို ပြုလုပ်ပြီး ဇန်နဝါရီ ၅ ရက်တွင် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။ထိုသို့ တိုင်ကြားသဖြင့် ဘူဂေးလ်ရီးယား နိုင်ငံသားအား ပြစ်မှုပုဒ်မ-၃၈၀/၄၆၈ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးလျက်ရှိသည်။ ထို့ပြင် ဘူဂေးလ်ရီးယား နိုင်ငံသားသည် ရန်ကုန်မြို့အတွင်း အခြားမြို့နယ်များရှိ ATM စက်များ၌ ခိုးထုတ်ယူမှုများ ရှိသေးကြောင်း သိရသည်။“ကျွန်တော်တို့ အနေနဲ့ ခိုးထုတ်သွားတဲ့ ဘူဂေးလ်ရီးယားနိုင်ငံသားထုတ်တဲ့ ATM စက်တွေက စီစီတီဗွီ မှတ်တမ်းတွေ လိုက်ရှာပြီးတော့ နောက်ဘယ်နေရာကနေ ခိုးထုတ်သွားလဲဆိုတာ နည်းပညာပိုင်း ဆိုင်ရာတွေနဲ့ လိုက်နေပါတယ်။ ရန်ကုန်တိုင်းထဲမှာရှိတဲ့ မြို့နယ်တွေမှာလည်း ထုတ်ယူထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ မြို့နယ်အလိုက် တရားစွဲဆိုမှုတွေ ပြုလုပ်ဖို့ လုပ်နေပါတယ်။ နောက်ပြီးတော့ မန္တလေး၊ ညောင်ဦးတို့ကတော့ ကျွန်တော်တို့ လိုက်စုံစမ်းနေပါတယ်” ဟု ကမ္ဘောဇဘဏ်မှ လက်ထောက်မန်နေဂျာ ဦးအောင်ပြည့်ဇော်က ပြောကြားသည်။အဆိုပါ ဘူဂေးလ်ရီးယား နိုင်ငံသားသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်က ကမ္ဘောဇဘဏ် ATM ကတ်ဌာန ငွေလဲလှယ်/ဖြည့်တင်းသည့် ဝန်ထမ်းဖြစ်သူ ကို....... (၂၅)နှစ်သည် လှည်းတန်းစိန်ဂေဟာရှေ့နှင့် လှည်းတန်းစင်တာရှေ့တွင်ရှိသည့် ATM စက်များရှေ့တွင် TK.MAXX တစ်ကတ်စီ တွေ့ရှိသဖြင့် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ လက်ထောက်မန်နေဂျာဖြစ်သူအား အကြောင်းကြားခဲ့ကြောင်း သိရသည်။ထို့နောက် ကမ္ဘောဇဘဏ် ATM ကတ်ဌာနမှ လက်ထောက်မန်နေဂျာက ယင်းကတ် နှစ်ကတ်အား IT ဌာနတွင် စစ်ဆေးရာ ဗီဇာကတ် Data များ တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ထိိုသို့ စစ်ဆေးချက်များအရ နိုဝင်ဘာ ၈ ရက် ၃ နာရီကျော်ခန့်တွင် လှည်းတန်းစင်တာရှိ ATM စက်နှင့် လှည်းတန်းစိန်ဂေဟာရှေ့ရှိ ATM စက်တို့တွင် ဘူဂေးလ်ရီးယား နိုင်ငံသား တစ်ဦးမှ ATM ကတ်အတု၊ VISA ကတ်အတုနှင့် MASTRO ကတ် အတုတို့ဖြင့် စုစုပေါင်းငွေ ၁၈ သိန်းအား ထုတ်ယူသွားခဲ့ကြောင်း သိရသည်။ထိုသို့ ထုတ်ယူသွားသည့် ဘူဂေးလ်ရီးယား နိုင်ငံသားအား ဒီဇင်ဘာ ၁၁ ရက်တွင် ကျောက်တံတားမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ ငွေကျပ် ၄၉၂ သိန်း၊ ENGLAND POUNDS ၂၀ တန် (၁၅ ရွက်)နှင့် အခြား ၎င်းအသုံးပြုသည့် ပစ္စည်းများနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ အမှုအား ၂၀၁၅ ခုနှစ်၊ ဒီဇင် ဘာ ၁၄ ရက်မှ စပြီး မှုခင်းတပ်ဖွဲ့ (CID) မှ ကိုင်တွယ်စစ်ဆေးနေကြောင်း သိရသည်။ဖမ်းဆီးရမိသည့် ဘူဂေးလ်ရီးယား နိုင်ငံသားအား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ချုပ်ရက် ရမန်ယူခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၈ ရက် ရုံးချိန်းတွင် စတင်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် ငွေထုတ်ကတ် အတုဖြင့် ATM စက်မှ ငွေခိုးထုတ်ယူခဲ့သည့် ဘူဂေးလ်ရီးယား နိုင်ငံသားကို စစ်ဆေးရာမှ အခြား ခိုးထုတ်မှုနှစ်မှု ထပ်မံပေါ်ပေါက်