ရန်ကုန်မြို့အတွင်း ရွှေအတု လိမ်လည် ရောင်းချမှုကြောင့် အင်းစိန်ထောင်၌ ချုပ်နှောင် ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား သုံးဦးအား အလုံမြို့နယ် တရားရုံး၌ ဇန်နဝါရီ ၆ ရက်က ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။အဆိုပါ ရုံးချိန်းတွင် စွပ်စွဲခံထားရသော တရုတ်နိုင်ငံသား သုံးဦးအနက် တစ်ဦးဖြစ်သည့် YANG QUANFA (၅၉) နှစ်အား အလုံမြို့နယ် တရားသူကြီးက စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့ စစ်ဆေးရာတွင် တရားသူကြီးက ရွှေတုံး အတုတွေ၊ ရွှေအန်းကုံးရုပ်ထု အတုတွေကို ရွှေအစစ်တွေ ဖြစ်တယ်လို့ လိမ်လည်ရောင်းချခဲ့တာကို အပြစ်မရှိဘူးလို့ ပြောထားတဲ့အတွက် အဘယ်ကြောင့် အပြစ်မရှိပါသလဲဟု မေးမြန်းရာ YANG QUANFA မှ လက်ဆောင်ဖန်စီ ပစ္စည်းအနေနဲ့ လေကြောင်းကနေ ယူဆောင်လာခြင်းသာ ဖြစ်တဲ့အတွက် အပြစ်မရှိဘူးဟု ပြန်လည်ဖြေကြားခဲ့ပြီး တရားသူကြီးမှ YANG QUANFA အား အမှုနှင့် ပတ်သက်သည့် မေးခွန်းများ ဆက်လက် မေးမြန်းခဲ့ကြောင်း သိရသည်။ယင်းနောက် အလုံမြို့နယ် တရားသူကြီးက ဇန်နဝါရီ ၁၃ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ပြီး ထိုနေ့တွင် ကျန်ရှိနေသော တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် YANG HUIPING (၄၄) နှစ်နှင့် ZHUHAIYUA (၄၃)နှစ်တို့ကို ဆက်လက်စစ်ဆေး မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။“ခု သူတို့ကို စစ်ဆေးနေတာက ကျွန်တော်တို့ စွပ်စွဲခံရသူတွေဘက်က ရှေ့နေကလည်း မမေးဘူး။ ဥပဒေ အကြံပေးဘက်ကလည်း မမေးဘူး။ တရားသူကြီးက တိုက်ရိုက် မေးခွန်းထုတ်ပြီးတော့ သူတို့ကို စစ်ဆေးနေတာပါ။ ဒီနေ့ ယောင်ချမ်းဖာကို စစ်ဆေးပြီးပြီ။ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျန်တဲ့နှစ်ယောက်ကို ဆက်ပြီးတော့ စစ်ဆေးသွားမှာပါ” ဟု စွပ်စွဲခံထားရသော တရုတ်နိုင်ငံသားများ၏ ရှေ့နေ ဦးမြင့်စိုးက ဇန်နဝါရီ ၆ ရက် ရုံးချိန်းအပြီးတွင် ပြောကြားသည်။အဆိုပါ တရုတ်နိုင်ငံသား သုံးဦးဖြစ်သည့် YANG QUANFA (၅၉) နှစ်၊ YANG HUIPING (၄၄) နှစ်နှင့် ZHUHAIYUA (၄၃) နှစ်တို့ကို ပုဒ်မ-၄၂၀ (လိမ်လည်မှု)၊ ဗီဇာစည်းကမ်း ချိုးဖောက်မှုဖြင့် လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁)ဖြင့်ပါ စွဲချက်တင်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက် ရုံးချိန်းတွင် အလုံမြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက အလုံံမြို့နယ်၊ ဆင်မင်းဈေးရှေ့တွင် တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် YANGQUANFA (၅၉)နှစ်၊ နိုင်ငံကူးလက်မှတ် အမှတ် E-18376 810 နှင့် YANGHUIPING (၄၄)နှစ်၊ နိုင်ငံကူးလက်မှတ် အမှတ် E-3460 942 ကိုင်ဆောင်သူတို့ကို အမေရိကန်ဒေါ်လာ တစ်သိန်းခန့် (မြန်မာကျပ်ငွေ သိန်းတစ်ထောင်ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ထို့နောက် ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းရာတွင် ယင်းငွေများနှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်း မရှိဘဲ အလုံမြို့နယ် အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရာမှ ရွှေအတုများ လိမ်လည်ရောင်းချနေခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး တစ်ဆင့်ကျန် တရုတ်နိုင်ငံသား တစ်ဦးဖြစ်သည့် ZHUHAIYUA (၄၃)နှစ်နိုင်ငံကူးလက်မှတ် အမှတ် (E-37117470) ကိုင်ဆောင်သူကို ကြည့်မြင်တိုင်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ ဖမ်းဆီးရမိခဲ့ကာ ယခုကဲ့သို့ တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
ရွှေအတု လိမ်လည်ရောင်းချခဲ့သည့် တရုတ်နိုင်ငံသား သုံးဦးအား အလုံမြို့နယ် တရားရုံးတွင် စတင် စစ်ဆေး