အင်းစိန်မြို့နယ်တွင် ရဲတပ်ကြပ်တစ်ဦးအား ဓားဖြင့်ခုတ်ကာ စကေဘာနှင့် ထိုးသတ်ခဲ့သည့် ကျူးလွန်သူနှစ်ဦးကို မြောက်ပိုင်းခရိုင်တရားရုံးက စွဲချက်တင်အမိန့်ချ

အင်းစိန်မြို့နယ်တွင် ရဲတပ်ကြပ်တစ်ဦးအား ဓားဖြင့်ခုတ်ကာ စကေဘာနှင့် ထိုးသတ်ခဲ့သည့် ကျူးလွန်သူနှစ်ဦးကို မြောက်ပိုင်းခရိုင်တရားရုံးက စွဲချက်တင်အမိန့်ချ
Published 5 January 2016
မြင့်သူ၊ နေမျိုးဝင်း

အင်းစိန်မြို့နယ်တွင် ရဲတပ်ကြပ်တစ်ဦးကို ဓားဖြင့်ခုတ်ကာ စကေဘာဖြင့် ထိုးသတ်ခဲ့သည့်ဖြစ်စဉ်မှ စွပ်စွဲခံထားရသူ နှစ်ဦးဖြစ်သော ချစ်ကိုနှင့် သက်ခိုင်(ခ)တက်ပုတို့အား မြောက်ပိုင်းခရိုင် တရားရုံးတွင် ဇန်နဝါရီ ၅ ရက်က ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းရုံးချိန်းတွင်  မြောက်ပိုင်းခရိုင် တရားရုံး ဒုခရိုင်တရားသူကြီး(၄)မှ ၎င်းတို့ နှစ်ဦးအား ကြိုတင်ကြံရွယ်ချက်ဖြင့် လူသတ်မှု ပုဒ်မ ၃၀၂ (၁) (ခ) ဖြင့် စွဲချက်တင် အမိန့်ချခဲ့ပြီး တရားရုံးမှ ဇန်နဝါရီ ၇ ရက်သို့ ရုံးချိန်း ပြန်လည်ချိန်း ဆိုပေးခဲ့ကြောင်း သိရသည်။"သူတို့နှစ်ယောက်ကို တရားရုံးကနေ ကြိုတင်ကြံရွယ်ပြီးတော့ လူသတ်မှု ပုဒ်မ ၃၀၂ (၁) (ခ) နဲ့ ဒီနေ့ပဲ စွဲချက်တင် အမိန့်ချလိုက်ပြီးတော့ ဇန်နဝါရီ ၇ ရက်ကို ရုံးချိန်း ပြန်ချိန်းပေးလိုက်ပါတယ်" ဟု မြောက်ပိုင်း ခရိုင်တရားရုံးမှ ရဲအရာရှိတစ်ဦးက  ဇန်နဝါရီ ၅ ရက်က ပြောကြားခဲ့သည်။ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနမှ နယ်ထိန်းဖြစ်သော ရဲတပ်ကြပ် ချစ်ကိုကိုမောင်သည် အောင်ဇေယျတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် စုံတွဲတစ်တွဲအား ဓားထောက်၍ ခြိမ်းခြောက်လုယက်ကာ မိန်းကလေးအား သားမယားပြုကျင့်ခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူအား စုံစမ်းရန် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီခွဲက အင်းစိန်မြို့နယ် ကမ်းနားလမ်း အနောက်ရပ်ကွက် အောင်ဇေယျ အိမ်ရာလမ်းအတွင်း လမင်းရိပ် အမည်ရှိ လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆယ်အိမ်မှူးတစ်ဦးနှင့် စကားပြောနေခဲ့ကြောင်း၊ ယင်းသို့ စကားပြောနေစဉ် ရွာမအနောက်ရပ်ကွက်နေ သက်ခိုင် (ခ) တက်ပု (၂၀)နှစ်ဆိုသူမှ ဓားရှည်ကိုင်ဆောင်၍လည်းကောင်း၊ ရွာမ အလယ်ရပ်ကွက်နေ ချစ်ကို (၂၇)နှစ်သည် စကေဘာကိုင်ဆောင်၍ လည်းကောင်း ရောက်ရှိလာပြီး၊ ရဲတပ်ကြပ်အားဝိုင်း၍ ဓားဖြင့်ခုတ်ကာ စကေဘာဖြင့်ထိုးခဲ့ကြောင်း၊ ယင်းသို့ အခုတ် အထိုးခံရမှုကြောင့် ရဲတပ်ကြပ်မှာ ဦးခေါင်းယာဘက် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဦးခေါင်းဝဲဘက် ပြတ်ရှတစ်ချက်၊ ရင်ညွန့်ထိုးသွင်း တစ်ချက်၊ ယာရင်အုံ ထိုးသွင်းတစ်ချက် အပါအဝင် စုစုပေါင်း ဓားခုတ်ဒဏ်ရာနှင့် ထိုးသွင်း ဒဏ်ရာ ၁၅ ချက်ရရှိကာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူနှစ်ဦးကို သတင်းပေးချက်အရ အခင်းဖြစ်ပွားသည့်  ဇူလိုင် ၂၆ ရက် ည ၁၁ နာရီခန့်တွင် ရွာမအနောက်ရပ်ကွက် ဖန်ချက်စက်ရုံလမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ပြီး၂၀၁၅ ခုနှစ် သြဂုတ် ၂၁ ရက် မှစတင်ကာ မြောက်ပိုင်းခရိုင်တရားရုံးတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။