ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများကို တစ်ဆင့်တိုးရာထူးများ ပေးအပ်ရန်ရှိသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။
သတင်းများထွက်ပေါ်ရာတွင် သူနာပြုဆရာမကြီးများကို ဦးစီးအရာရှိအဖြစ် လည်းကောင်း၊ သူနာပြုအုပ်များကို လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ လက်ထောက်ဆရာဝန်များကို ဦးစီးအရာရှိအဖြစ် လည်းကောင်း၊ လုပ်သက်ရင့် လက်ထောက်ဆရာဝန်များကို မြို့နယ်ကျန်းမာရေး အရာရှိအဖြစ် လည်းကောင်း၊ လက်ထောက်အထူးကု ဆရာဝန်များကို အထူးကုဆရာဝန်အဖြစ် လည်းကောင်း၊ အထူးကု ဆရာဝန်များကို ဒုတိယညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ တွဲဖက်ပါမောက္ခ များကို ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း အဆင့်တိုးမြှင့်ပေးရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
"အစိုးရဝန်ထမ်း ဆရာဝန်တွေကို ရာထူးတစ်ဆင့် တိုးမယ်ဆိုတဲ့ သတင်းတွေကတော့ ကြားနေရတယ်။ ဒါဟာ သေချာလား၊ မသေချာဘူးလားဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးပါဘူး။ ဝန်ကြီးဌာနက အမိန့်စာထုတ်မှပဲ တရားဝင်ဖြစ်မှာပါ။ တိုးပေးမယ်ဆိုရင်တော့ ဒါဟာကောင်းမွန်တဲ့ ရလဒ် ဖြစ်ပါတယ်။ လုပ်ငန်းခွင်တွေမှာ တကယ်တိုးသင့်တဲ့လူတွေ အများကြီးရှိနေတယ်။ ကျွန်တော်တို့ သိထားသလောက်ကတော့ ဒီ ၂၀၁၆ ဘဏ္ဍာနှစ် အတွင်းမှာ လုပ်မှာလို့လည်း ကြားပါတယ်"ဟု နိုင်ငံ့ဝန်ထမ်း အရိုးအထူးကု ဆရာဝန်တစ်ဦးက ပြောကြားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက ကျန်းမာရေးဝန်ကြီးဌာနမှ လိုအပ်နေသော ဆေးဘက်ဆိုင်ရာ ပညာရှင်များ ဖြည့်ဆည်းရန် ဆေးဘက်ဆိုင်ရာ ပညာရှင် ၅၀၀၀ ကျော်နှင့် သူနာပြု ၁၃၀၀ ကို လေ့ကျင့် သင်ကြားပေးရန်ရှိကြောင်း ပြောကြားထားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရရှိထားသည့်စာရင်းများအရ ဆရာဝန်ဦးရေ ၃၂၀၀၀ ကျော်အထိ မွေးထုတ်ထားပြီး ယင်းတို့အနက်မှ လူဦးရေ ၁၀၀၀၀ ကျော်ကိုသာ အစိုးရမှ နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ထားကြောင်း ပြီးခဲ့သည့်နှစ်အတွင်းက ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ရရှိထားသည့်စာရင်းများအရ ကျန်းမာရေးဝန် ကြီးဌာနမှ ပြည်သူ့ဆေးရုံများတွင် ဆရာဝန်များ ခန့်အပ်ထားနိုင်မှုမှာ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ၈၉၆၇ ဦး၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၁၀၂၄၃ ဦး၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၁၁၃၃၈ ဦး၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၁၂၀၅၃ ဦးနှင့် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၂၈၆၆ ဦးထိ တိုးမြှင့် ခန့်ထားခဲ့ကြောင်းနှင့် သူနာပြု ခန့်ထားမှု အရေအတွက်မှာ ၂၀၁၁ မှ ၂၀၁၅ ခုနှစ်၊ ဇွန်လအထိ ၃၇ ရာခိုင်နှုန်းထိ တိုးမြှင့်ခန့်အပ်ခဲ့ရာ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် သူနာပြု ၁၈၆၇၆ ဦး၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၂၃၆၄၈ ဦး၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၂၆၄၃၇ ဦး၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၂၇၇၉၀ ဦးနှင့် ၂၀၁၄-၁၅ ခုနှစ်တွင် ၃၀၉၇၃ ဦးထိ ခန့်အပ် ခဲ့ကြောင်းနှင့် ၂၀၀၄-၂၀၁၅ ခုနှစ်အထိ သွားဘက်ဆိုင်ရာ ဆရာဝန် အရေအတွက် ၆၇၄ ဦး၊ သွားဘက်ဆိုင်ရာ သူနာပြု ၄၀၇ ဦးတို့ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် စုစုပေါင်း လူဦးရေ သန်း ၅၀ ကျော်ရှိသည့်အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် အထူးကု ဆေးရုံ ၃၁ ရုံ၊ သင်ကြားရေးဆေးရုံ/အထွေထွေဆေးရုံ ခြောက်ရုံ၊ ကုတင် ၁၀၀၀ ဆေးရုံတစ်ရုံ၊ ခုတင် ၅၀၀ ဆံ့ ဆေးရုံ နှစ်ရုံ၊ ခုတင် ၃၀၀ ဆံ့ဆေးရုံ ငါးရုံံ၊ ခုတင်၂၀၀ ဆံ့ဆေးရုံ ၃၄ ရုံ၊ ခုတင် ၁၅၀ဆံ့ ဆေးရုံ နှစ်ရုံံ၊ ခုတင် ၁၀၀ ဆံ့ ဆေးရုံ ၄၂ ရုံ၊ ကုတင် ၅၀ဆံ့ ဆေးရုံ ၇၉ ရုံ၊ ခုတင် ၂၅ ဆံ့ ဆေးရုံ ၁၈၃ ရုံ၊ ခုတင် ၁၆ ဆံ့ ဆေးရုံ ၁၀ ရုံံ၊ တိုက်နယ်ဆေးရုံ ၆၇၀၊ စုစုပေါင်းဆေးရုံ ၁၀၆၅ရုံနှင့် ယင်းဆေးရုံများတွင် ခွင့်ပြုခုတင် စုစုပေါင်း ၄၈၄၂၃ သာ ရှိသည့်အတွက် လူဦးရေ ၁၀၀၀လျှင် ပျမ်းမျှ ခုတင်အရေအတွက် ၁ ဒသမ ၀ နှုန်းသာ ရှိကြောင်း သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား တစ်ဆင့်တိုး ရာထူးများ ပေးအပ်ရန်ရှိဟု သတင်းများထွက်ပေါ်















