(၁)
ကျွန်တော့်စာကြည့်စားပွဲ စာအုပ်စင်တွင် 'ပြည်တော်သာခရီးစဉ်' ဆိုသော စာအုပ်စိမ်းလေးတစ်အုပ် ရှိသည်။ ထိုစာအုပ်ကို အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရေးခဲ့သည်။ ထိုစာအုပ်ထဲတွင် မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနား အလံတင်ပုံများကို ဦးသန့်က တင်ပြထားသည်။
''မြန်မာနိုင်ငံတော် လွတ်လပ်ရေး အောင်ပွဲအခမ်းအနား၌ ပါဝင်ဆင်နွှဲရန် နံနက် ၄ နာရီတွင် တိုင်းပြုပြည်ပြု လွှတ်တော်မျက်နှာစာရှိ အလံတိုင်၏ ရင်ပြင်မြက်ခင်းတွင် နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်သည် ကိုယ်ရံတော်များ ဖြစ်သော ကာနယ်မြင့်သိန်း၊ ကာနယ်တင်စိန်၊ အတွင်းဝန် ဦးရွှေဘော်၊ အိမ်တော်ဝန် ဦးစံဖေတို့နှင့်အတူ ကြွရောက်လာပြီး ယာယီဝန်ကြီးချုပ်၊ ယာယီပါလီမန် ဥက္ကဋ္ဌ၊ ယာယီဝန်ကြီးများနှင့် ဟိုက်ကုတ် လွှတ်တော် တရားဝန်ကြီးချုပ်၊ မဟာမင်းကြီးများ၊ နိုင်ငံခြားအထူးသံတမန်များ၊ ဖဆပလ အမှုဆောင်လူကြီးများ၊ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်များ၊ နိုင်ငံတော် ကာကွယ်ရေးအဖွဲ့ အကြီးအကဲများ၊ တိုင်းပြုပြည်ပြု လွှတ်တော်အရာရှိများ၊ တိုင်းမင်းကြီးများ၊ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့်ရာထူးဝန်များ၊ အစိုးရဌာန အကြီးအကဲများ၊ အတွင်းဝန်များ၊ ဒေသန္တရ ကိုယ်စားလှယ်များ၊ ရှေ့နေရှေ့ရပ်ကြီးများ၊ ကုန်သည်ကြီးအသင်း ကိုယ်စားလှယ်များ၊ နေပြည်တော်မှ ကျော်စောကိတ္တိ ရှိသော ဧည့်သည်တော်များ စုရုံး ရောက်ရှိ နေရာယူထားကြသည်'' ဟု ဦးသန့်က မှတ်တမ်းတင်ခဲ့၏။ ဆက်လက်၍ ဦးသန့်က ဤသို့ရေးခဲ့သည်။
(၂)
လွှတ်တော်၏ မျက်နှာစာ အရှေ့ဘက်တွင် တိုင်းပြုပြည်ပြု လွှတ်တော်အမတ်များ၊ လွှတ်တော်ဆင်ဝင်ရှေ့တွင် ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုများ၊ ဆင်ဝင်၏ ဝဲယာတွင် နိုင်ငံခြား ကိုယ်စားလှယ်များနှင့် အစိုးရ အရာရှိကြီးငယ်များ၊ လူမျိုးပေါင်းစုံ ဧည့်သည်များ အသီးသီး နေရာယူထားကြသည်။
ထိုအချိန်တွင် စည်တော်ကြီး ရွမ်းလျက်ရှိ၏။
လွှတ်တော်မျက်နှာစာ၏ အရှေ့ဘက်ထောင့်၌ တပ်မတော်၊ မျက်နှာစာ အရှေ့တွင် မြန်မာ့ရေတပ်၊ လေတပ်၊ သောင်းကျန်းမှု နှိမ်နင်းရေးတပ်၊ ဗမာနိုင်ငံ လုံခြုံရေးလက်နက်ကိုင်များ နေရာယူထားသည်။ နိုင်ငံတော်သမ္မတကြီး အဆောင်အယောင်နှင့် လွှတ်တော်ဆင်ဝင်ရှေ့သို့ ထွက်လာချိန်တွင် စည်တော်သံများ ရပ်စဲသွားတော့သည်။
သမ္မတကြီးသည် ပိုးအဖြူရောင်၊ ရွှေခြည်ထိုး ခေါင်းပေါင်းကိုဆင်လျက် စကားဝါနုရောင် ရွှေခြည်ထိုး ပုဆိုးတောင်ရှည်တို့ကို သပ်ရပ်ခန့်ညားစွာ ဆင်မြန်းထား၏။ ရေတပ်၊ ကုန်းတပ်မှ စစ်ဗိုလ်ကြီးများက ရှေ့ဆောင်၍ သမ္မတကြီးသည် ဗမာ့တပ်မတော်၊ ဗမာ့ရေတပ်၊ လေတပ်၊ သောင်းကျန်းမှု နှိမ်နင်းရေးတပ် နှင့် ဗမာ့လက်နက်ကိုင် ပုလိပ်အဖွဲ့များကို တစ်တပ်ပြီးတစ်တပ် လှည့်လည် စစ်ဆေးကြည့်ရှုခဲ့သည်။ ထိုစဉ် ကရင်အမျိုးသားတပ်က ဘင်ခရာများ တီးမှုတ်သည်။
ပါလီမန်လွှတ်တော်ရှေ့ရှိ အလံတိုင်ပေါ်မှ ဗြိတိသျှတို့၏ ယူနီယံဂျက် အလံမှာ တသုန်သုန် တိုက်ခတ်နေသော ဆောင်းလေကြောင့် တဖျပ်ဖျပ် လှုပ်ရှားလျက်ရှိ၏။
နံနက် ၄ နာရီ ၁၉ မိနစ်တွင် ကြွရောက်လာသော ပရိသတ်အားလုံး ငြိမ်သက်စွာ နေရာယူရန် မီးအချက်ပြသည်။
အလံတိုင်အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ဗာမင်ဟန်စစ်သင်္ဘောမှ အရာရှိရှစ်ဦးနှင့် ဗမာ့ရေတပ်မှ အရာရှိကြီး ရှစ်ဦးတို့သည် အခါတော်ကြား အမြောက်များကို ပစ်ဖောက်ကြပါသည်။
နံနက် ၄ နာရီ မိနစ် ၂၀ တိတိတွင် ရန်ကုန်မြစ် ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ဗာမင်ဟန် စစ်သင်္ဘောကြီးမှ အခါပေးအမြောက်များ ပစ်ဖောက်လိုက်သည်နှင့် တစ်ပြိုင်နက် ဗြိတိသျှအဖွဲ့က ထုံးစံအတိုင်း တီးမှုတ်လျက် ဗြိတိသျှ ရေတပ်ဗိုလ်တစ်ဦးက ယူနီယံဂျက်အလံကို အလံတိုင်ထိပ်မှ အောက်သို့ တဖြည်းဖြည်း ဆွဲချလိုက်သည်။ ဤတွင် အင်္ဂလိပ်ဘုရား ရှိခိုးကျောင်းများမှ ခေါင်းလောင်း သံများ၊ သင်္ဘောဥသြဆွဲသံများ၊ သေနတ်ပစ်ဖောက်သံ၊ ဗြောက်အိုး၊ မီးအိုးသံများ တသိမ့်သိမ့် ညံသွားသည်။ (မီးပန်း၊ ဗြောက်အိုးအရောင်များ ကောင်းကင်တစ်ခုလုံး လင်းထိန်နေ၏)
(၃)
ယူနီယံဂျက် အလံကြီးအောက် ရောက်လျှင် ဗမာ့ရေတပ်အရာရှိ စောချစ်စိန်၏ လက်မှ ပြည်ထောင်စု အလံကြီးက တဖြည်းဖြည်းချင်း တိုင်ထိပ်တက်သွားလေသည်။ စစ်တီးဝိုင်းများ၊ သံစုံတီးဝိုင်းများက အမျိုးသားတီးလုံးများကို မြိုင်ဆိုင်စွာ တီးမှုတ်ပေးသည်။ မိမိတို့အလံကြီး တိုင်ထိပ်သို့ ရောက်လျှင် ပုဏ္ဏားတော်များက ခရုသင်းများ မှုတ်၍ အောင်အတိတ် အောင်နိမိတ်များပေးသည်။
နံနက် ၄ နာရီ မိနစ် ၄၀ တွင် တက်ရောက်လာသော ပရိသတ်အပေါင်းသည် ယာယီပါလီမန် တိုင်းပြု ပြည်ပြု လွှတ်တော်ခန်းမကြီးသို့ သွားရောက်စုစည်းခဲ့၏။ ပရိသတ်စုံစွာဖြင့် နံနက် ၄ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော် သမ္မတကြီး စပ်ရွှေသိုက်သည် ဝန်ကြီးချုပ်ဦးနု၊ တိုင်းပြုပြည်ပြု လွှတ်တော်ဥက္ကဋ္ဌ ပျော်ဘွယ် ဦးမြတို့နှင့်အတူ ဝင်ရောက်လာကာ ပရိသတ်က မတ်တတ်ရပ် ဦးညွတ်ကြိုဆိုကြသည်။
နောက်ပိုင်း နံရံတွင် ဗိုလ်ချုပ်နှင့် အာဇာနည်ကြီးပုံများ ချိတ်ဆွဲထားသည်။ ငါတို့ချမှတ်ထားသော လမ်းစဉ်အတိုင်း ချီတက်ကြပေလိမ့်မည်ဟု ပြောနေသကဲ့သို့ ရှိပါသည်။ မြန်မာ့ရုပ်ရှင်ကုမ္ပဏီများ ရောက်ရှိပြီး အခမ်းအနားကျင်းပပုံကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပါသည်။
သမ္မတကြီးသည် စင်မြင့်တွင် နေရာယူပြီးနောက် သမ္မတရာထူး လက်ခံပြီ ဖြစ်ကြောင်း မြွက်ဟကြေညာလေသည်။ ထို့နောက် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ ဥပဒေကို အသေးစိတ်ကြေညာရာ ပရိသတ်များ လက်ခုပ်တီး အားပေးခဲ့ကြ၏။
ထို့နောက် ကျဆုံးလေပြီးသော ရဲဘော်များအတွက် နှစ်မိနစ် ငြိမ်သက် အလေးပြုကြပါသည်။ မကြာမီ ဝန်ကြီးချုပ်ဦးနုက အောင်စေသတည်း၊ အောင်စေသတည်းဟု အစချီသော လွတ်လပ်ရေး ကြေညာစာတမ်းကိုဖတ်ရာ ပရိသတ်များ ရိုသေစွာ နားထောင်သည်။ ထို့နောက်ဦးကျော်မြင့်လေး တိုင်ပေးသော နိုင်ငံတော်သီချင်းကို ပရိသတ်က လိုက်လံသီဆိုကြသည်။ နိုင်ငံတော်သီချင်း သီဆိုပြီးလျှင် ဝန်ကြီးချုပ်က ကျမ်းသစ္စာကျိန်ဆိုကာ တာဝန်ကို လက်ခံသည်။
ထို့ နောက် နိုင်ငံတော်သမ္မတကြီးက ဦးနုကို ဝန်ကြီးချုပ် အဆောင်အယောင် တံဆိပ်များ အပ်နှံရာ ဦးနုက မိန့်ခွန်း အနည်းငယ် ပြောပါသည်။ မကြာမီ ပဌမဆုံး လွတ်လပ်ရေးနေ့ အခမ်းအနား ပြီးဆုံးပါသည်''ဟု ရေးထားပြီး အောက်တွင် မောင်သန့်ဟု လက်မှတ်ထိုးထားသည်။
ကျမ်းကိုး
-မြန်မာ့ရေးရာသုတပဒေသာ (မောင်ဇနိယ)
-ဦးသန့်၏ ပြည်တော်သာ ခရီးစဉ်ပန်းတိုင်















