မြန်မာနိုင်ငံတော် (၆၈) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့

မြန်မာနိုင်ငံတော် (၆၈) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့
Published 3 January 2016
အောင်ကျည်စိုးမြင့် (ANA)

လွတ်လပ်ရေးနေ့ ရောက်ပြီဆိုရင် လူကြီး လူငယ် ကလေး အားလုံး ပျော်ရွှင်ဝမ်းမြောက် ကြပါတယ်။ သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့တဲ့ နေ့ကို ဂုဏ်ပြုပြီး ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့မှာ မြန်မာပြည်အနှံ့ မြို့ရွာအသီးသီးမှာ ပျော်ပွဲရွှင်ပွဲတွေ၊ အငြိမ့်သဘင်ပွဲတွေ ခင်းကျင်း ပြသကြပါတယ်။ ပြေးခုန်ပစ် အားကစား၊ ဘောလုံးပြိုင်ပွဲ၊ ခြင်းခေတ်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲတွေ ပြုလုပ်ပြီး စတုဒိသာမုန့်တွေ ကျွေးကြတယ်။ အိမ်တိုင်း၊ လမ်းတိုင်းမှာ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုပြီး ပြည်ထောင်စု အလံတော်တွေ လွှင့်ထူကြတယ်။၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ် အခါက စတင်လွှင့်ထူခဲ့တဲ့ အလံတော်ဟာ အနီရောင်အောက်ခံမှာ လက်ဝဲဘက်အပေါ်ထောင့် အပြာရောင် အခန်းအတွင်း ကြယ်ဖြူ ကြီး တစ်လုံးကို ကြယ်ဖြူပွင့်ငယ် ငါးလုံးက ခြံရံထားတဲ့အလံ ဖြစ်ပါတယ်။ အလံတော်ရဲ့ သဘောအဓိပ္ပာယ်က အဓိက အကြောင်းရင်းမှာ တော်လှန်ရေးကာလမှ ခေတ်သစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပေါ်ပေါက်လာသော ရာဇဝင်ကြောင်းကို အလံတော်မှာ အဓိပ္ပာယ်တွေ ဖော်ညွှန်းထားပြီး နောင်လာနောက်သားများ အစဉ်ထာဝရ သတိရစေရန် ရည်ညွှန်းထားပါတယ်။ အလံတော်ရဲ့ အတိုင်းအတာမှာ အလျား ငါးပေ၊ အနံ ငါးပေရှိပြီး ထောင့်မှန်စတုဂံပုံစံ ဖြစ်ပါတယ်။ အလံတော် အကြီးအသေးကို ထောင့်ဖြတ်တိုင်းပြီး ပြုလုပ်နိုင်ပါတယ်။ကြယ်ဖြူကြီးတစ်ပွင့်ရဲ့ အဓိပ္ပာယ်မှာ မြန်မာတစ်နိုင်ငံလုံးရဲ့ တော်လှန်ရေး အထိမ်းအမှတ်ဖြစ်သော လက်ရှိ တော်လှန်ရေး အလံတော်ကို မတိမ်ကော မပျောက်စေရန် ထိန်းသိမ်းထားသောသဘော ဖြစ်ပါတယ်။ ကြယ်ဖြူကြီး တစ်ပွင့်ကို ကြယ်ပွင့်ငယ် ငါးလုံး ခြံရံ ဝန်းရံထားခြင်းမှာ တော်လှန်ရေးကို အခြေပြုပြီး ဖွဲ့စည်းထားသော ပြည်ထောင်စုသမ္မတ နိုင်ငံရဲ့ အထိမ်းအမှတ်သဘော ဖြစ်ပါတယ်။ ကြယ်ဖြူပွင့်ငယ် ငါးပွင့် ထားရှိခြင်းရဲ့ သဘောမှာ လူမျိုးစု အများစုဖြစ်တဲ့ မွန်၊ မြန်မာ၊ ရခိုင်၊ ကရင်၊ ရှမ်း၊ ကချင်နဲ့ ချင်းစတဲ့ တိုင်းရင်းသား လူမျိုးစုများအားလုံး ပါဝင်ထူထောင်ကြသော ပြည်ထောင်စုသဘော ဖြစ်ပါတယ်။ ရေတွက် ဖော်ပြထားတဲ့ လူမျိုးအများစုထဲမှာ ဗမာတိုင်းရင်းသား အနည်းစုလည်း ပါဝင်တယ်လို့ မှတ်ယူကြရမှာဖြစ်တယ်။မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် (၄ နာရီ မိနစ် ၂၀) အချိန်မှာ ရန်ကုန်မြို့၊ တိုင်းပြုပြည်ပြု လွှတ်တော်ရှေ့မှာ အရုဏ်ဦး နံနက်မိုးမသောက်ခင် ဆောင်းဥတု နှင်းမှုန်မှုန်အောက်မှာ မင်္ဂလာအချိန် ရောက်ရှိတဲ့ အခါမှာ နှစ်ပေါင်း ၁၂၀ ကျော် ကိုလိုနီစနစ်နဲ့ နယ်ချဲ့ စိုးမိုးခဲ့တဲ့ ဗြိတိသျှ အင်္ဂလိပ်တို့ရဲ့ နေမဝင် အင်ပါယာ ကိုယ်စားပြုတဲ့ ယူနီယံဂျက် အလံဟာ ဘင်ခရာအဖွဲ့ရဲ့ ဝမ်းနည်းကြေကွဲဖွယ် တေးသံအောက်မှာ အလံတိုင်ထိပ်ကနေ တဖြည်းဖြည်း အောက်ကို လျှော့ချလိုက်တဲ့အခါ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်နဲ့အတူ အင်္ဂလိပ် အရာရှိများ အလေးပြုလိုက်ကြပြီးနောက် လွတ်လပ်သော ပြည်ထောင်စုသမ္မတ နိုင်ငံတော် အလံတော်ကို အလံတိုင်ထိပ်သို့ လွှင့်တင်လိုက်တဲ့အခါ မြန်မာ့ဆိုင်းဝိုင်းမှ တက်ကြွသော ကမ္ဘာမကျေ သီချင်းသံနဲ့အတူ ပုဏ္ဏားတို့ရဲ့ ခရုသင်းမှုတ်သံများ လေမှာ ပျံဝဲသွားကာ တိုင်ထိပ်မှာ အလံတော် ရောက်ရှိသွားပြီး တလူလူ လွှင့်နေစဉ်မှာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတကြီး စဝ်ရွှေသိုက်၊ ဝန်ကြီးချုပ် ဦးနု၊ ဗိုလ်လကျ်ာနဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဟာ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ တီးမှုတ်သံနဲ့အတူ ဝမ်းသာပီတိ အဟုန်ဖြင့် နိုင်ငံတော်အလံကို အလေးပြုလိုက်ကြပါတယ်။အဲဒီ အခါက ရေတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့မှာ ဗိုလ်ဘဝနဲ့ ပါဝင်ခဲ့တဲ့  ဗိုလ်ဘသော် (စာရေးဆရာ တိုက်ရေယာဉ် ၁၀၃) က ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် မနက် (၄ နာရီ မိနစ် ၂၀) ဆိုတော့ လွတ်လပ်ရေးဟာ အင်္ဂလိပ်လို ပြောရရင် (၄၂၀)(၄၂၀) ဖိုးတွမ်တီးပေါ့ကွာလို့ ရင်နာနာနဲ့ ရီကာမောကာ ပြောပြဖူးပါတယ်။ နောက်တစ်ခါ အဆိုတော် စိုင်းထီးဆိုင် သီဆိုတဲ့ သီချင်း “စက်ဘီးနံပါတ် OK 0122L” ဆိုတော့ လျှို့ဝှက်ချက်တွေနဲ့ ရည်ညွှန်းထားတဲ့ လွတ်လပ်ရေးနဲ့ ဖက်ဒရယ် သီချင်းတစ်ပုဒ်ရဲ့ အကြောင်းကိုလည်း မှတ်မှတ်ရရ ပြောပြခဲ့ဖူးပါသေးတယ်။ ဂျပန်ခေတ်မှာလည်း ဂျပန်အစိုးရက လွတ်လပ်ရေး ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ရွှေရည်စိမ် လွတ်လပ်ရေးလို့ တင်စားပြီး မယုံကြည်ခဲ့ကြပါဘူး။မြန်မာနိုင်ငံတော် မြန်မာနိုင်ငံသားတွေ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုတွေကို ခေါင်းငုံ့မခံဘဲ၊ တွန်းလှန် တိုက်ပွဲဝင်ခဲ့ကြတာဟာ ဗိုလ်ချုပ်အောင်ဆန်းလက်ထက် ရောက်မှသာ အောင်ပွဲ ဆင်မြန်းနိုင်ခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးရဲ့ဖခင် မြန်မာ့တပ်မတော်ကြီးရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ငယ်စဉ်ဘဝကပင် မဟုတ်မခံ ဇွဲစိတ်သန်သူ ဖြစ်ပါတယ်။  ဗြိတိသျှ ကိုလိုနီ အစိုးရက ပညာရေးကို ချိုးနှိမ်ထားတဲ့ စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝမှာ ကတည်းက မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌ၊ သခင်ဘဝ၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဒို့ဗမာ အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဂျပန်နိုင်ငံမှာ ရဲဘော်သုံးကျိပ် စစ်ပညာတော်သင် ခေါင်းဆောင်၊ ဖတပလ(ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နောင် ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်) ဥက္ကဋ္ဌ၊ ပြည်သူ့ရဲဘော်အဖွဲ့ ဥက္ကဋ္ဌ၊ အင်္ဂလိပ်ဘုရင်ခံ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး စတဲ့ကြီးမားတဲ့ တာဝန်တွေကို အသက် ၃၀ ဝန်းကျင်မှာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို အိန္ဒိယနိုင်ငံ အမျိုးသားခေါင်းဆောင် နေရူးက အာရှတိုက်ရဲ့ ခေါင်းဆောင်လို့ ထုတ်ဖော်ပြောဆိုရတဲ့အထိ ထူးချွန်ထက်မြက်သော၊ ရိုးသားဖြောင့်မတ်သော၊ ကတိသစ္စာ တည်ကြည်သော၊ နိုင်ငံနဲ့ လူမျိုးကို ချစ်တတ်သော၊ အဂတိတရား ကင်းရှင်းသော ရှားရှားပါးပါး မြန်မာ့ခေါင်းဆောင်တစ်ဦးပင် ဖြစ်ပါတယ်။လွတ်လပ်ရေး တောင်းဆိုဖို့ အင်္ဂလန် နိုင်ငံကို သွားရောက်တဲ့ အခါ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူတဲ့အခါ မြန်မာပြည်သာမက တောင်တန်းဒေသများပါ အတူတကွ လွတ်လပ်ရေးပေးဖို့ တောင်းဆိုခဲ့တာပါ။ တောင်တန်း၊ ပြည်နယ်၊ ပြည်မမခွဲခြားဘဲ အေးအတူပူအမျှ၊ တန်းတူလွတ်လပ်ခြင်း၊ တရားမျှတမှုစတဲ့ ဖက်ဒရယ်မူကို အခြေခံသော ပြည်ထောင်စု မြန်မာနိုင်ငံ ထူထောင်ဖို့ ရည်ရွယ်ပြီး၊ လွတ်လပ်ရေးတောင်းဆိုတဲ့ အခါမှာ အနှောင့်အယှက် အခက်အခဲတွေ၊ စိတ်ပျက်ဖွယ် ကောင်းတာတွေလည်း ကြုံဆုံခဲ့ရပါသေးတယ်။ အလွယ်တကူနဲ့ ရခဲ့တာ မဟုတ်ပါ။ အတူသွားတဲ့ အဖွဲ့ထဲက သခင်ဗစိန်နဲ့ ဦးစော (ဗိုလ်ချုပ်ကို လုပ်ကြံသူ)တို့က လွတ်လပ်ရေး တောင်းဆိုတဲ့ အခါမှာ ကန့်ကွက် နှောင့်ယှက် ခဲ့ကြပါသေးတယ်။ဘိလပ်မှာ လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့ပြီး တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည် ဟူသော ကတိစာချုပ် ရရှိခဲ့ပြီးနောက် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့မှာ တောင်တန်း ပြည်နယ် ပြည်မ မခွဲခြားသော ဗိုလ်ချုပ်နဲ့အတူ တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်တဲ့ ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၁၂ ရက်မှာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသား ဘဝက မျှော်မှန်းခဲ့တဲ့ လွတ်လပ်ရေးဟာ အောင်မြင်စွာ ခရီးပေါက်ခဲ့ပေမယ့် မသမာသူ အာဏာရူး ဂဠုန်ဦးစောနဲ့ အပေါင်းပါ လက်ပါးစေများ လက်ချက်နဲ့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်များ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြရပါတယ်။ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့တဲ့ လွတ်လပ်ရေး မီးရှူးတန်ဆောင်ကို သမ္မတကြီး စဝ်ရွှေသိုက်၊ ဝန်ကြီးချုပ်ဦးနုနဲ့ အစိုးရ ဝန်ကြီးများအဖွဲ့က ဆက်လက် အကောင်အထည်ဖော်ပြီး ဒီမိုကရေစီခရီးလမ်းကို ဆက်လက်လျှောက်လှမ်းခဲ့ကြရပါတယ်။လွတ်လပ်ရေးရပြီးနောက် လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေး ကျောက်တိုင်ကို စိုက်ထူခဲ့ကြပါတယ်။ လွတ်လပ်ရေးကျောက်တိုင် ဒီဇိုင်းကို မြူနီစီပယ် (စည်ပင်သာယာရေးအဖွဲ့)အင်ဂျင်နီယာ ဦးအုန်းကြိုင်က ရေးဆွဲကာ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးကျောက်တိုင်ရဲ့ ပုံစံမှာ အလံတော်ထဲကအတိုင်း ကြယ်ပွင့်ကြီးကို ကြယ်ပွင့်ငယ် ငါးပွင့်က ခြံရံထားသည့် ပုံစံအတိုင်းပင် ဖြစ်ပါတယ်။ငှက်ကြည့်အသွင် အပေါ်စီးကကြည့်လျှင် အလံတော်ပုံစံအတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်စဉ်က ဝန်ကြီးချုပ်ဦးနုက ပန္နက်ချပေးခဲ့ပါတယ်။ လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်ပုံမှာ ယောကျ်ားဆောင်းထီး အရိုးတံများကို ပက်လက်လှန်ပြီး ထားတာနဲ့ တူပါတယ်။ အလယ်ခေါင် ကျောက်တိုင်မှာ ကြယ်ပွင့်ကြီးဖြစ်ပြီး ဘေးမှာ ကြယ်ငါးပွင့် ဖြစ်ပါတယ်။ငါတို့ နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကပိုင်ပစ္စည်း မဟုတ်။ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။ အတိတ်ကာလက လည်းကောင်း ယခု မျက်မှောက်တွင် လည်းကောင်း နောင်လာလတ္တံ့သော အနာဂတ် ကာလ၌ လည်းကောင်း၊ ငါတို့ ပြည်ထောင်စုကြီး အတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်၊ ဝေးနီး၊ ကျားမ မခြား သစ္စာတော်ခံ နိုင်ငံသား ဟူသရွေ့ တို့၏ အမွေအနှစ်ပိုင် ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူ့အဝန်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလ လူ့ဝါဒနှင့် လျောညီစွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသော တရားတူညီသော အခွင့်အရေး၊ တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတ မြန်မာနိုင်ငံတော်တည်း ဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရပြီဟု မြန်မာ့လွပ်လပ်ရေး ကြေညာစာတမ်းကြီးတွင် ဖော်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး လွတ်လပ်ရေး အခမ်းအနားသို့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်ထံမှ ပေးပို့သော သဝဏ်လွှာတွင် ယခု ကျွနု်ပ်တို့ လက်ဆုပ်လက်ကိုင် အပိုင်ရရှိပြီးဖြစ်သော လွတ်လပ်ရေးဆုထူး မင်္ဂလာကြီးသည်ကား လက်နက်ဆွဲကိုင်၍ အင်အားချင်းပြိုင်ကာ အကြမ်းမှုဖြင့် ရရှိသော လွတ်လပ်ရေးဆုကြီး မဟုတ်မူ၍ ဗြိတိသျှနိုင်ငံနှင့် မိတ်သင်္ဂဟ အဖြစ်သို့ ရောက်ကြသည်နှင့်အညီ ချစ်ကြည်လေးနက်စွာ စေ့စပ်ညှိနှိုင်း၍ ရရှိအပ်သော လွတ်လပ်ရေး မင်္ဂလာဆုကြီးပင် ဖြစ်တော့သည်ဟု ဖော်ပြခဲ့ပါတယ်။လွတ်လပ်ရေးနေ့ ဆိုသည်မှာ ရုံးတစ်ရက် ကျောင်းတစ်ရက် ပိတ်ရုံလောက်သာ ရရှိတဲ့ လွတ်လပ်ရေး မဟုတ်ပါ။ အာဇာနည် ခေါင်းဆောင်ကြီးများနဲ့ အညတရ ရဲဘော် ပြည်သူတွေကသာ သိနိုင်ခဲ့မယ်ဆိုရင် ရင်နာမဆုံး ဖြစ်မှာပါ။လွတ်လပ်ရေးနေ့ဟာ နှစ်သစ်တစ်ခုရဲ့ အစမှာရှိပြီး မင်္ဂလာကျက်သရေ အပေါင်းနဲ့ ပြည့်စုံလှပါတယ်။ ရန်ကုန်မြို့ လွတ်လပ်ရေး ကျောက်တိုင်ကြီးရဲ့ မြက်ခင်းပြင်မှာတော့ မနက်စောစော သွားကြည့်မယ်ဆိုရင် လွတ်လပ်ရေးရဲ့ အရသာကို မြိန်မြိန်ရှက်ရှက် ခံစားနေသူတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ကက်ဆက်ထဲက မြူးကြွတဲ့ တီးလုံးသံနဲ့အတူ အေရိုးဗစ်အက၊ ဝူရှူးအက၊ ယပ်တောင်နီ အကတွေကို အုပ်စုလိုက် ကနေပြီး ပေါက်စီစားနေတာတွေကို မြင်တွေ့ရမှာပါ။ ကိုရွှေဗမာမဈေးသည်တွေက ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ် ရောင်းနေကြတယ်လေ။လွတ်လပ်ရေးရပြီ ဆိုပေမယ့် ကျေနပ်မနေသင့်ပါ။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ခြံစည်းရိုးကို ကာဖို့အတွက် များစွာ လိုအပ်နေပါသေးတယ်။ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံအတွင်း ပထမဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်ခဲ့ပါတယ်။မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အစိုးရ ဦးနေဝင်း လက်ထက်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အဓိက ကူညီပေးခဲ့ကြသော ရဲဘော်သုံးကျိပ်ရဲ့ ဆရာဖြစ်သူ ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီးနဲ့ မဟာမိတ် တပ်များရဲ့ စစ်သေနာပတိ လော့ဒ်မောင့်ဘက်တန်တို့ကို အမှတ်တရ ဂုဏ်ပြုသောအားဖြင့် သူတို့ရဲ့ ဇနီးတွေကို အောင်ဆန်းတံခွန် ဂုဏ်ထူးဆောင်ဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

Most Read

Most Recent