ပြက္ခဒိန်တစ်ခု ပြောင်းသွားခြင်းသက်သက် မဖြစ်စေချင်ပါ

ပြက္ခဒိန်တစ်ခု ပြောင်းသွားခြင်းသက်သက် မဖြစ်စေချင်ပါ
Published 3 January 2016
သဲသီရိကျော်

ပြက္ခဒိန်တစ်ခု လွန်မြောက်လို့ နောက်ထပ် ပြက္ခဒိန်တစ်ခု ပြောင်းလဲခဲ့ပြီ။
၂၀၁၅ခုနှစ်ရဲ့ နောက်ဆုံးနေ့တစ်နေ့ ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နဲ့ ၂၀၁၆ ခုနှစ်ရဲ့ ပထမဆုံး နေ့ရက်မှာတော့ လူအတော်များများရဲ့ အွန်လိုင်းမီဒီယာတွေပေါ်မှာ နှစ်သစ် ဆုမွန်ကောင်း စာသားတွေ၊ ခံစားချက်တွေ၊ ၂၀၁၅ ခုနှစ်အတွင်း ကိုယ့်ရဲ့တစ်နှစ်တာ ဖြတ်သန်းမှုတွေထဲက ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်တဲ့ စာသားတွေ၊ ကိုယ့်အခြေအနေ၊ ကိုယ့်တိုင်းပြည်အခြေအနေ၊ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေအကြောင်းကို အမှတ်တရအနေနဲ့ ရေးသားထားတဲ့ စာသားတွေနဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြတာကိုလည်း ပလူပျံအောင် တွေ့မြင်ခဲ့ကြရပြီးပါပြီ။ ဒီလိုပြက္ခဒိန်တစ်ခု ပြောင်းလဲခဲ့ခြင်းနဲ့အတူ အသစ်၊  ဟောင်း ငြင်းခုံခြင်းတွေကလည်း ရှိနေကြ ပြန်တာကိုလည်း တွေ့ရပါတယ်။
တချို့က ပြက္ခဒိန်တစ်ခု ပြောင်းလဲသွားခြင်းကလွဲရင် ကျန်တာအားလုံးက အဟောင်းပဲ ဖြစ်သတဲ့။ ကိုယ့်အသက်တစ်နှစ် ပိုကြီးသွားတာ၊ပိုပြီး အိုမင်းရင့်ရော်လာတာကိုတော့ သတိမမူကြဘဲ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ဆိုပြီး နှစ်သစ်ကို ကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတာတွေကို အပြစ်တစ်ခုလို ဝေဖန် ပြောဆိုတာမျိုးတွေကိုလည်း တွေ့နေရပါတယ်။လူကတော့ ဒီလူပါပဲ၊ ဒီကိုယ်ခန္ဓာ အဟောင်းကြီးပါပဲ၊ ဒီမိသားစု၊ ဒီအသိုင်းအဝိုင်း၊ ဒီအလုပ်၊ ဒီပတ်ဝန်းကျင်မှာပဲ ရှိနေတဲ့အတွက် ဒါတွေက အဟောင်းတွေပါပဲ။ လူတွေရဲ့အသက်တွေ ပိုကြီးလာတယ်၊ နုပျိုမှုတွေ ကုန်ဆုံးသွားတယ်၊ ကမ္ဘာကြီးရဲ့သက်တမ်းလည်း ပိုရင့်လာတယ်၊ ဒါတွေကြောင့် အသစ်၊ အသစ်တွေ ဖြစ်လာတာမဟုတ်ဘဲ ဟောင်းသွားတာ၊ အိုသွားတာ ဖြစ်သတဲ့။ အဲ့ဒီလို ဟောင်းသွားခြင်းအဖြစ် ပြောင်းလဲသွားခြင်းကိုက ‘အသစ်’ ဖြစ်သွားတာ မဟုတ်လားလို့ တချို့ကလည်း ပြန်လည် တုံ့ပြန်ကြတာမျိုးကိုလည်း တွေ့ရပါတယ်။ ဆံပင်အနက်တွေက ဖြူလာတာဟာ အိုမင်းသွားခြင်း၊ ဟောင်းသွားခြင်းလို့ သတ်မှတ်လို့ရနိုင်သလို၊ အနက်ကနေ အဖြူရောင်အဖြစ် ပြောင်းလဲသွားတာကိုက အသစ်လို့ သတ်မှတ်ရင်လည်း ရနိုင်တာပဲ မဟုတ်လား။ တခြားသူတွေအတွက် ကြည့်ပြီးသား ရုပ်ရှင်၊ ဖတ်ပြီးသား စာအုပ်ဖြစ်လို့သူ့အတွက် အဟောင်းလို့ သတ်မှတ်ပေမယ့် ကိုယ်မဖတ် သေးရတဲ့ စာအုပ်ကိုဖတ်ရတဲ့အခါ၊ ကိုယ်မကြည့်ရသေးတဲ့ ရုပ်ရှင်ကိုကြည့်ရတဲ့အခါ ကိုယ့်အတွက်တော့ အသစ်ပါပဲ။ ဒီသဘောပါပဲ။ တချို့က အဟောင်းပါပဲလို့ သတ်မှတ်ပြီး ပုံမှန်ပဲ နေပေမယ့် တချို့ကတော့ အသစ်ဖြစ်လာတာရယ်လို့ဆိုပြီး ဝမ်းမြောက်စွာ ကြိုဆိုကြတယ်။
ငယ်ငယ်တုန်းက ကျွန်မတို့သူငယ်ချင်းတွေ ဒီလိုပဲအသစ်၊ အဟောင်း ငြင်းခုန်မှုတွေ၊ အမြင်မတူမှုတွေ ဖြစ်ခဲ့ကြတုန်းက ဆရာတစ်ယောက်က ညောင်ပင်ပေါ်က ညောင်ရွက်ကလေး အကြောင်းနဲ့ ဥပမာပေးပြီး ပြောဆို ဆုံးမခဲ့တာကို ပြန်အမှတ်ရမိပါရဲ့။ ညောင်ပင်ပေါ်မှာ ရှိနေတဲ့ ညောင်ရွက်ကလေးတစ်ရွက် မြေပြင်ပေါ်ကို ကြွေကျလာတဲ့ ဖြစ်စဉ်ကိုပဲ ကြည့်ပါ။ ဒီသစ်ရွက်ကလေးက ဟောင်းနွမ်းသွားလို့ မြေပေါ်ကိုကြွေကျလာတဲ့အတွက် ဒါဟာ ဟောင်းသွားခြင်းလို့ ပြောကြတဲ့သူတွေ ရှိသလို၊ ဒီညောင်ရွက်ကလေး အပင်ပေါ်ကနေ မြေပေါ်ကို ကျဆင်းတာက နောက်ထပ် ညောင်ရွက် သစ်လေးထွက်လာဖို့ ဖြစ်စဉ်တစ်ခု ဖြစ်တဲ့အတွက် အသစ်ဖြစ်တည်မယ့် သဘော၊ ဒီမြေပေါ် ကျဆင်းလာရတဲ့ ညောင်ရွက်ကလေးကလည်း အပင်ပေါ်ကနေ မြေပေါ်ကို ပြောင်းလဲ ဆင်းသက်ခဲ့ရတဲ့အတွက် ဒီပြောင်းလဲခြင်းကလည်း သူ့အတွက် အသစ်ပဲတဲ့။ ဒီတော့အသစ်လား၊ အဟောင်းလားဆိုတာက ဘယ်လို ဖြစ်စဉ်မျိုးမှာပဲ ဖြစ်ဖြစ် ရှုမြင်သူတစ်ဦးစီရဲ့အမြင်နဲ့ သတ်မှတ်ချက်ပေါ် မူတည်ပြီး မတူ ကွဲပြားနိုင်ပါသတဲ့။
ဒီကိုယ်ခန္ဓာကြီးကတော့ အရင်အတိုင်း အဟောင်းအတိုင်းပဲ။ ဒါပေမဲ့ ပြောင်းလဲသွားတဲ့ နှစ်တစ်နှစ်မှာ ကိုယ်လည်း စိတ်ဓာတ်သစ်၊ ခွန်အားသစ်တွေ၊ စိတ်ကူးစိတ်သန်းသစ်တွေ၊ လုပ်ဆောင်ချက် ပုံစံသစ်တွေ၊ ပြီးခဲ့တဲ့နှစ်က အဖြစ်အပျက်တွေ၊ အပြုအမူတွေ၊ လုပ်ဆောင်ချက်တွေထဲကနေ သင်ခန်းစာယူသင့်တာကို ယူပြီး ပြုပြင် ပြောင်းလဲသင့်တာကို ပြောင်းလဲ နေထိုင်သွားမယ်ဆိုရင် ကိုယ့်အတွက်လည်း အသစ်ပါပဲ။ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်ဖြစ်တယ်ဆိုတာ ခန္ဓာကိုယ်အသစ် ဖြစ်တည်တာထက် စိတ်ဓာတ်သစ်၊ အတွေးသစ် တွေနဲ့ ရှေ့ဆက်သွားတာကို ပြောတာပါပဲ။
အများအားဖြင့်တော့ ပြောင်းလဲမှု တစ်ခုစီတိုင်းက ကျွန်မတို့အတွက်တော့ အသစ်တစ်ခုလို့ မြင်ကြတာ များပါတယ်။ ပြောင်းလဲမှုက အသစ်ဆိုရင် မပြောင်းလဲသေးတဲ့ ဖြစ်စဉ်တိုင်း၊ လုပ်ရပ်တိုင်း၊ အပြုအမူတိုင်း၊ လူတိုင်းက အဟောင်းလို့ အကြမ်းဖျင်း သတ်မှတ်လို့ ရတာမှာပေါ့။ လူတွေက နှစ်သစ်ကို ကြိုဆိုကြတယ်။ ပြောင်းလဲမှုတွေကို မျှော်လင့်ကြတယ် ဆိုတာလည်း တစ်နည်းအားဖြင့် အသစ်တွေ မတူညီတဲ့ ပုံစံတွေကို ကြိုဆိုကြတာပဲပေါ့။ ဒါပေမဲ့ နှစ်သာ အသစ်ပြောင်းလဲလို့ဆိုပြီး ပျော်ပျော်ကြီး ကြိုဆိုကြတယ်၊ လူတွေကတော့ ကောင်းသော ပြောင်းလဲခြင်း အသစ်တွေကို ပြောင်းလဲ မသွားကြသေးတာကိုလည်း ထင်ထင်ရှားရှား တွေ့မြင်စေတဲ့ အနီးစပ်ဆုံး အဖြစ်အပျက်တစ်ခုကတော့ အဲ့ဒီနှစ်သစ်ကို ကြိုတဲ့ညမှာကတည်းက တွေ့မြင်ခဲ့ရတဲ့ မြင်ကွင်းတစ်ခုပါပဲ။ အင်လျားကန်ပေါင်မှာ နှစ်သစ်ကို ကြိုဆိုတယ်ဆိုပြီး ပျော်ပွဲရွှင်ပွဲတွေလုပ်၊ အော်ဟစ်ခဲ့ကြရုံသာမကဘဲ အင်လျားကန်ဘောင်ရဲ့အလှကို ပျက်ယွင်းအောင်၊ မြင်မကောင်းလောက်အောင် အမှိုက်တွေကို စည်းကမ်းမဲ့စွာ စွန့်ပစ်ထားတာကိုလည်း နှစ်သစ်ရဲ့မနက်ခင်းမှာ စိတ်မချမ်းသာစရာကောင်းစွာ၊ အကျည်းတန်လှတဲ့ မြင်ကွင်းတစ်ခုအနေနဲ့ တွေ့မြင်ကြရတာတော့ ဝမ်းနည်းစရာ ကောင်းပါတယ်။ ပြောင်းလဲမှုကို လိုချင်တဲ့သူတွေ၊ အသစ်တွေကို ကြိုဆိုပါတယ် ဆိုတဲ့သူတွေရဲ့စိတ်ဓာတ်တွေ၊ အပြုအမူတွေကတော့ မပြောင်းမလဲ ဟောင်းနွမ်း ဆွေးမြည့်နေတုန်းပါပဲ။ ပြက္ခဒိန်တစ်ခုသာ ပြောင်းလဲသွားတယ်၊ မပြောင်းလဲသေးတဲ့လူတွေ၊ မပြောင်းလဲသေးတဲ့ စိတ်ဓာတ်တွေ၊ အပြုအမူတွေကြောင့် ဘယ်မှာများ နှစ်သစ်လို့ ခေါ်ထိုက်ပါသလဲလို့သာ မေးလိုက်ချင်ပါရဲ့။အရင်ကအတိုင်း အဟောင်းပဲ ဖြစ်နေတော့မှာပေါ့။ ပြက္ခဒိန်တစ်ခု အစားထိုး ပြောင်းလဲလိုက်ခြင်း သက်သက်ထက် ဘာမှပိုမလာရင်တော့ နှစ်သစ်မဟုတ်တော့ဘူး။ ဒါက မပြောင်းမလဲ အဟောင်းပဲ ဖြစ်နေတော့မှာပါ။ နှစ်သစ်လို့ လက်ခံရင် နှစ်သစ်နဲ့ ထိုက်တန်တဲ့ ပြောင်းလဲမှုတွေရှိရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ နှစ်သစ်ကို ကြိုတယ်ဆိုတာ အပေါ်ယံ ပျော်ပွဲရွှင်ပွဲ သက်သက်ထက် မပိုတော့ပါဘူး။
တကယ်တော့အသစ်၊ အဟောင်းတွေ ငြင်းခုံနေကြဖို့ ထက်နှစ်တစ်နှစ် ကုန်လွန်သွားတိုင်း ကိုယ့်ရဲ့တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေ၊ ကိုယ့်အခြေအနေမှန်တွေကို ပြန်သုံးသပ်ဖို့၊ သင်ခန်းစာ ယူသင့်တာတွေကို သင်ခန်းစာယူပြီး နောက်ထပ်မမှားအောင် ဆင်ခြင်ကြဖို့၊  ပြောင်းလဲမှု အသစ်တစ်ခုကို လိုချင်တဲ့ သူတွေအနေနဲ့ ကိုယ်တိုင်လည်း ပြောင်းလဲသင့်တာတွေကို ပြောင်းလဲပြီး စိတ်သစ်၊ ခွန်အားသစ်၊ အတွေးအမြင်သစ်တွေနဲ့ တကယ့်နှစ်သစ်ကို ဖြတ်သန်းနေတာဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ ကုန်လွန်ခဲ့တဲ့ အတိတ်တွေကနေ သင်ခန်းစာယူ၊ ပစ္စုပ္ပန်မှာ အကောင်းဆုံးလုပ်၊ အနာဂတ်အတွက် ပြင်ဆင်ထားဖို့ပဲ လိုတာပါ။၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ခုနှစ်ကို ရောက်ရှိခြင်းဟာ ပြက္ခဒိန်တစ်ခု ပြောင်းသွားခြင်း သက်သက်တော့ မဖြစ်စေချင်ပါဘူး။ လူတစ်ယောက်ချင်းစီရဲ့စိတ်တွေ၊ လုပ်ဆောင်မှုတွေ ကလည်း အကောင်းဘက်ကို ပြောင်းလဲလာဖို့ လိုပါတယ်။ ဒီကမ္ဘာကြီးပေါ်မှာ အချိန်တွေကလည်း ကိုယ့်ကိုမစောင့်ဘူး၊ ဘယ်သူကမှလည်း ကိုယ့်ကို စောင့်နေမှာမဟုတ်ပါဘူး။ နှစ်သစ်တာတွေ၊ ဟောင်းတာတွေကို အပြန်အလှန် ငြင်းခုန်မှုတွေ လုပ်နေမယ့်အစား ကိုယ်သာ အလျင်အမြန် ပြောင်းလဲနေတဲ့ အချိန်နဲ့အမီလိုက်ပြီး ကြိုးစားအားထုတ်နေဖို့၊ ပြက္ခဒိန်တစ်ခု ပြောင်းလဲသွားခြင်း သက်သက်မဖြစ်ဖို့၊ တကယ့်နှစ်သစ်မှာ စိတ်ခွန်အားသစ်တွေနဲ့ လူသစ်တစ်ယောက် ဖြစ်နေဖို့အတွက် ပြောင်းလဲသင့်တာတွေကို ပြောင်းလဲပြီး ကိုယ်တိုင်က အသစ်တစ်ခုဖြစ်နေဖို့သာ အဓိကဖြစ်တယ်ဆိုတာ ပြောကြားရင်း...။

Most Read

Most Recent