မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်သတ္တု ကဏ္ဍတို့မှ ရရှိသည့် အခွန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကျော်ကို တိုက်ဆိုင် စစ်ဆေးထားသည့် (EITI) နောက်ဆုံး အစီရင်ခံစာအား ဇန်နဝါရီ ၂ ရက်တွင် နိုင်ငံတကာ အတွင်းဝန်ရုံးသို့ တင်သွင်းခဲ့ကြောင်း သိရသည်။“EITI ရဲ့ နောက်ဆုံး တင်သွင်းရမယ့် အစီရင်ခံစာကို နိုင်ငံတကာ အတွင်းဝန်ရုံးကို တင်သွင်းခဲ့ပါတယ်။ နဂိုသတ်မှတ်ထားတဲ့ ၃ ဒသမ ၁ ဘီလျံထက် ပိုများပါတယ်။ဘာလို့လဲဆိုတော့ အစိုးရက ရတာက ဥပမာ ရေနံဆို အခွန်ငွေရတာ ရှိတယ်။ ပစ္စည်း ရတာတွေ ရှိတယ်။ အဲဒါတွေပါတယ်။ အခုနောက်ဆုံး အစီရင်ခံစာ အားလုံးကို အကုန် Verify လုပ်ပြီးသားပါ။ အခု အစီရင်ခံစာရဲ့အခွန်ငွေ ရရှိမှုမှာက ရေနံနဲ့ သဘာဝဓာတ်ငွေ့က ၈၅ ရာခိုင်နှုန်း၊ ကျောက်မျက်က ၁၃ ရာခိုင်နှုန်း၊ ကျန်သတ္တု ကဏ္ဍက နှစ်ရာခိုင်နှုန်း ပါဝင်ပါတယ်” ဟု MEITI ရုံးမှ ဦးမင်းဇာနည်လင်းက ပြောကြားသည်။မြန်မာနိုင်ငံ အနေဖြင့် EITI တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင် ဖြစ်စေရေးအတွက် ဇန်နဝါရီ ၂ ရက်တွင် နောက်ဆုံး အစီရင်ခံစာကို တင်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံ၏ (EITI) နယ်ပယ်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကို အခြေခံသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်း၏ အခွန်ဘဏ္ဍာငွေ ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ရေနံနှင့် သဘာဝဓတ်ငွေ့ ကုမ္ပဏီ ၁၃ ခု၊ ကျောက်မျက်ရတနာပြပွဲ၏ အခွန်ဘဏ္ဍာငွေ ၆၇ ရာခိုင်နှုန်းကို ကိုယ်စားပြု သည့် ကျောက်မျက်ရတနာ ကုမ္ပဏီ ၃၀ နှင့် သတ္တုကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ ရာခိုင်နှုန်း ၅၀ ကို ကိုယ်စားပြုသည့် ကုမ္ပဏီ ၁၁ ခုတို့ပါဝင်ကြောင်း သိရသည်။ယင်းသို့ အခွန်ဘဏ္ဍာငွေများကို တိုက်ဆိုင်ရာတွင် အခွန်အခ အမျိုးအစားပေါင်း ၁၀ မျိုးကို ပါဝင်တိုက်ဆိုင် စစ်ဆေးထားကြောင်း သိရသည်။ထို့ပြင် နောက်ဆုံး ထွက်ရှိလာမည့် EITI အစီရင်ခံစာကို အများပြည်သူအား နားလည်စေရန် ဘာသာပြန်ဆို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။“EITI အစီရင်ခံစာက အင်္ဂလိပ်လို ထုတ်ပြန်တာလည်း ဖြစ်တယ်။ နောက်ပြီး နည်းပညာဆိုင်ရာ အသုံးအနှုန်းတွေလည်းပါတော့ ဘာသာပြန်ဆိုပြီး ထုတ်ပြန်သွားပါမယ်။ဖေဖော်ဝါရီလောက်မှာ ကျွန်တော်တို့ အစီရင်ခံစာကို မိတ်ဆက်ပါမယ်” ဟု ဦးမင်းဇာနည်လင်းက ဆက်လက် ပြောကြားသည်။EITI လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ခြင်းဖြင့် အခွန်ဘဏ္ဍာငွေ ကောက်ယူခြင်းနှင့် စီမံခန့်ခွဲခြင်း လုပ်ငန်းများ ပိုမိုပွင့်လင်းမြင်သာမှု ရှိလာမည်ဖြစ်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုဆွဲဆောင်လာနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၊ ကုမ္ပဏီများနှင့် ပြည်သူလူထုကြား အပြန်အလှန် ယုံကြည်မှု ခိုင်မာစေမည် ဖြစ်ကြောင်း သိရသည်။EITI ၏ ဒုတိယနှစ် အစီရင်ခံစာကိုမူ ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် နိုင်ငံတကာ အတွင်းဝန်ရုံးသို့ ထပ်မံတင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။EITI သည် သယံဇာတ တူးဖော်ရေး လုပ်ငန်းများ၏ ဝင်ငွေ၊ ပွင့်လင်းမြင်သာရေးကို အဓိကထားသည့် ကမ္ဘာလုံးဆိုင်ရာ စံချိန်ဖြစ်ပြီး ၂၀၁၄ ဇူလိုင် ၂ ရက်တွင် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် နိုင်ငံတကာ EITI အဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံအား ၄၅ နိုင်ငံမြောက် EITI အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် အတည်ပြု လက်ခံခဲ့ကြောင်း သိရသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တု ကဏ္ဍတို့မှ ရရှိသည့် အခွန်စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကျော်ကို တိုက်ဆိုင် စစ်ဆေးထားသည့် EITI အစီရင်ခံစာ နိုင်ငံတကာ အတွင်းဝန်ရုံးသို့ တင်သွင်း