ကလေးကဗျာ

ကလေးကဗျာ
Published 2 January 2016
မြေနီသစ္စာ

"ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့၊ ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်။"ယင်းကဗျာကို စာသင်သားဘ၀ ငယ်ငယ်ကပင် စ,ဆိုခဲ့ရသည်။ သိပ်မဆော့နှင့်။ ဆော့လျှင် ဘုန်းတော်ကြီး ရိုက်လိမ့်မည်ဟူသော အတွေးသည် ကလေးသူငယ်၏ ခေါင်းထဲသို့ ရိုက်သွင်းသလို တန်းဝင်သွားသည်။"မောင်မဆော့ပါ၊ စိပ်ပုတီးနှင့် ဘုန်းတော်ကြီး လိုနေပါမယ်" ဟူသော စာပိုဒ်က မဆော့ဘဲ တည်ငြိမ်စွာ နေထိုင်လျှင် ဘုန်းတော်ကြီးကဲ့သို့ လေးစားကြည်ညိုဖွယ် ဖြစ်မည်ဟူသော အသိသည် သူငယ်၏ ခေါင်းထဲသို့ တန်းဝင်သွားသည်။ယင်းကဗျာကို နေ့စဉ်ဆိုနေ၍ စာသင်သား ကလေးငယ်၏ သဘာဝသည် ယဉ်ကျေး သိမ်မွေ့မှုဘက်သို့ တိမ်းညွတ်သွားလေသည်။ အဆိုးဘက်သို့ ရွေ့သွားမည့်အစား၊ အကျိုးတရားဘက်သို့ ရွေ့သွားလေသည်။ထိုစဉ်က ကျောင်းတွင် မင်္ဂလာတရား (၃၈) ပါးသင်သည်။ မိဘကို လုပ်ကျွေးပါ။ ဆွေမျိုးသားချင်းကို ထောက်ပံ့ပါ။ လူကြီးမိဘကို ရိုသေပါဟူသော မင်္ဂလာ တရားတော်ထဲက ကျင့်ဝတ်သီလတို့သည် ဘယ်အချိန်မေးမေး၊ တပည့်တို့ အလွတ်ရနေကြသည်။ ကလေးသူငယ်၏ ဦးနှောက်ကို ကောင်းမှု အစုစုဖြင့် နေ့စဉ်လေ့ကျင့် သွတ်သွင်းပေးနေ၍ စိတ်ကောင်း စေတနာကောင်းတို့သည် ကလေးသူငယ်ကို နေ့စဉ်ပြုစု ပျိုးထောင်ပေးနေ၏။ကျွန်တော့်ဖခင်သည် မိခင်နှင့်အကြောင်း မပါမီက မန္တလေး ဘုရာကြီးတိုက်တွင် သံဃာတော် တစ်ပါးဖြစ်သည်။ လူဝတ်ကြောင့်ဖြင့် ဖခင်ဖြစ်လာတော့လည်း ဗုဒ္ဓဓမ္မ၏ အနှစ်သာရတို့ကို အဖေသည် ကျွန်တော့်ကို သင်ကြားပေးသည်။ "လူကြီးမိဘ ရိုသေကြ။" ဆရာတော် ဦးချမမေ့ရ။ စားဦးစားဖျား ကပ်လှူထား။ မိခင်ဖခင် ကျေးဇူးရှင် ချစ်ခင်ဆုံးမ၊ နားထောင်ကြ။ သက်ကြီးရွယ်အို၊ အကူအညီလို၊ သင့်သလိုပြု ဒါနမှုစသော အလေ့အကျင့် အမြင့်အမြတ် ကဗျာတို့ကို အမြဲပင် သင်ကြားပေးက လက်တွေ့လည်း ကျင့်ကြံဆောင်ရွက်စေ၏။ကလေးဘဝကပင် သံမှိုနှင့်နှက် ထိုးသွင်းသလို ဖခင်၏ ဆုံးမသြဝါဒ စကားတို့ကို ကြားနာခွင့်ရနေသောအခါ ကျွန်တော်သည် လူ့ဘဝခရီးတွင် ကျင့်ကြံပွားများရမည့် လောကဝတ်၊ ဓမ္မဝတ်တို့ကို ဝတ်ပွန်ကျေပွန်နေ တတ်လေသည်။မြေနီကုန်း မြူနီစီပယ်ကျောင်းတွင် ကျွန်တော်ကို မိခင်သည် ကျောင်းအပ်သောအခါ ဆန်တစ်ပြည်၊ ဂျော့ဒင်္ဂါးတစ်ပြား၊ ကုလားမခြင်းဆွဲ နို့ဆီတစ်ဘူးနှင့် ဆရာကြီးရှေ့တွင် ဦးချ၏။ ကျွန်တော်လည်း ထိခြင်းကြီး ငါးပါးဖြင့် ဆရာကြီးကို ကန်တော့၏။ "ဟဲ့ မအေးသား ကန်တော့တာက အကျပါလား" ဟု ဆရာကြီးက ဂုဏ်ပြုစကားပြော၏။ "သူ့အဖေက ကျွန်မနဲ့ အကြောင်းမပါစဉ်က ဦးပဉ္ဇင်းလေ" ဟု အမေက ပြန်ပြောတော့ "ဒါကြောင့် ကလေးက လိမ္မာယဉ်ကျေးနေတာကို" ဟု ချီးကျူး၏။ဆရာကြီးသည် သြဝါဒပေါင်းချုပ် စာအုပ်ပါ ဂမ္ဘီသာရပျို့ထဲက ရှင်မဟာရဋ္ဌအကျော် ဆရာတော်၏ "စာသင်ဟူက ကျမ်းထိုမျှကို၊ တွေ့မရှောင်" အစချီကဗျာကို သင်ကြားပေး၏။ "တပည့်တွေ ဘယ်စာကို ရှောင်ရမလဲ" ဟု ဆရာကြီးကမေးလျှင် "ဘယ်စာမဆို မရှောင်ရပါဘူး၊ ဆရာကြီး" ဟု တစ်တန်းလုံး ညံနေအောင် ရွတ်ဆိုပြကြလေသည်။အတန်းထဲသို့ ရောက်သောအခါလည်း အတန်းပိုင် ဆရာမက ဆုံးမပဲ့ပြင် ကဗျာတို့ကို လေ့ကျင့် သင်ကြားပေးပြန်၏။ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချို ချို၊ ချစ်ဖွယ်ဆို၍၊ စိုစိုပြည်ပြည် ချစ်မှုနည်နှင့်၊ လည်လည်ပတ်ပတ် လောကဝတ်၌ ပြတ်ပြတ်သားသား၊ အပြားပြားလျှင်၊ မှုများခပ်သိမ်း၊ အောင်တိုင်းငြိမ်းလျက်၊ သူစိမ်းသူကျက်၊ ပေါင်းဖက်သရွေ့၊ မိဘတွေသို့၊ မွေမွေလျော်လျော်၊ ပျော်ပျော်ပါးပါး၊ နှုတ်ချိုပျားနှင့်၊ ဝတ်စားပေးပံ့၊ ဖြည့်ဖြူးနှံ့လျက်၊ အလွှံ့ကျွန်ကျွေး၊ ဆွေသားမြေးကို၊ ကျွေးမွေး မညှိုးငယ်စေမင်း။ရခိုင်သူမြတ်၏ ပျူပျူငှာငှာ ကဗျာကို ဆရာမက တိုင်ပေး၏။ တပည့်တို့ သံပြိုင် ရွတ်ဆိုကြ၏။ အခါခါ ရွတ်ဆိုသောအခါ အလွတ်ရကြ၏။ ဆရာမ သင်ပေးသော ခက်ဆစ် အသုံးအနှုန်းတို့ကိုလည်း အကုန်အစင်ရကြ၏။ ထိုမျှမက ဆရာမသည် အပြန်အလှန် မေးခွန်းဖြင့်လည်း တပည့်သူငယ်တို့ကို စစ်မေး၏။"ပျူပျူငှာငှာဆိုတာ ဘာလဲ" ဟူသော ဆရာမ အမေးကို "ချစ်ချစ်ခင်ခင် ဖော်ဖော်ရွေရွေပါ ဆရာမ" ဟု တပည့်အားလုံး ညီညာစွာ ဖြေကြားကြ၏။"စိုစိုပြည်ပြည်ကကောကွယ်""ပျောင်းပျောင်းညံ့ညံ့ သာသာယာယာပါ ဆရာမ" "ကဲ မောင်အောင်သန်း နုတ်ချိုပျားဆိုတာ ဘာကိုဆိုလိုတာလဲဟေ့"ယင်းမှာ ကျွန်တော် မောင်အောင်သန်းက တစ်တန်းလုံးကြားအောင် မတ်တပ်ရပ် လက်ပိုက်၍ ကျယ်လောင်စွာ ဖြေကြားပုံကတော့ "နုတ်ချိုပျားဆိုသည်မှာ ပျားရည်ကဲ့သို့ ချိုမြသော နှုတ်ထွက်စကားပါ ဆရာမ" ဟူ၍ပင်။ဆရာမသည် ကျွန်တော်၏ ဖြေကြားပုံကို သဘောကျသွား၍ "ဒါမှ တို့တပည့်ကွ" ဟု ကောင်းချီးပေး၏။ ကျွန်တော် သိပ်ပျော်သွား၏။ စာသင်သား သူငယ်တို့သည် ဆုံးမ ကဗျာတို့ကို တေးသီချင်းဆန်ဆန် ဆရာက ဆိုပြသော အခါတွင် ပျော်ရွှင်စွာ ညီညွတ်စွာ လိုက်လံဆိုကြပေသည်။ ယင်းသို့ ဆိုပြကြရသည်ပင် တပည့်သူငယ်တို့သည် ကြည်နူး ချမ်းမြေ့နေ၍လေသည်။ စာသင်ကြားခြင်းသည်ကိုပင် တပည့်တို့ကို စိတ်လက်ပေါ့ပါးအောင် ဆွဲဆောင်ပေးနေ၍ ကျောင်းနေပျော်သော တပည့်တို့ ဖြစ်လာကြပေသည်။ဆရာသင်ကြားသော သြဝါဒ ကဗျာတို့ထဲကနေ၍ ကျောင်းသားသူငယ်တို့သည် လိမ္မာ ယဉ်ကျေးမှုကို ရကြ၏။ ဆရာနှင့် တပည့်၊ လူကြီးနှင့် လူငယ်တို့၏ ရိုသေစွာ ဆက်ဆံမှုကိုလည်း လေ့ကျင့်ပေးသည့်ပမာ အလိုလို လိုက်နာ ကျင့်သုံးလာကြလေသည်။ယင်းနည်းအားဖြင့် ကျောင်းသားသူငယ်တို့သည် ကြီးသူကို ရိုသေတတ်မှု၊ ငယ်သူကို ကူညီပံ့ပိုးတတ်မှု၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် တာဝန်ယူ ဆက်ဆံတတ်မှု၊ ခိုင်းစေလျှင် ပေါ့ပေါ့ပါးပါး လုပ်ကိုင်တတ်မှုစသော ကောင်းမှု အဖြာဖြာကို စာသင်ကြားရင်းက ရရှိကြလေသည်။ဤကား ဆုံးမစာ ကဗျာတို့ကို အခြေခံလျက် ကလေးတို့အား လိမ္မာယဉ်ကျေးမှု ပြုစုပျိုးထောင်ပေးသော သက်ငယ်ပညာရေး စာသင်သားဘဝက ပေးဝေလိုက်သော အကျိုးတရားများပင် . . .

Most Read

Most Recent