မြန်မာ့ကာတွန်း နှစ် (၁၀၀) ပြည့်ခဲ့လေပြီ

မြန်မာ့ကာတွန်း နှစ် (၁၀၀) ပြည့်ခဲ့လေပြီ
Published 2 January 2016
ဘစံကောက်

၁၉၁၅ ခုနှစ် ရန်ကုန်တက္ကသိုလ် ကောလိပ် မဂ္ဂဇင်းမှာ မြန်မာကာတွန်းပညာရှင် ရွှေတလေး(ခေါ်) ကာတွန်း ဦးဘကလေး က စတင်ပြီး ရေးဆွဲခဲ့တဲ့ မြန်မာ့ကာတွန်းဟာ အခု ၂၀၁၅ ခုနှစ် အရောက်မှာတော့ နှစ် ၁၀၀ ပြည့် မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ကာတွန်းလို့ ပြောလိုက်ရင် စာနဲ့အရုပ် ပေါင်းစပ်ပြီး သရုပ်ဖော်တဲ့ ပညာရပ်တစ်ခု ဖြစ်တယ်ဆိုတာ ခုနေခါ လူတိုင်း သိကြပါတယ်။ တကယ်တော့ မြန်မာ့ကာတွန်းတွေဟာ မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ ကျရောက်နေချိန်မှာ စတင် ပေါ်ပေါက်လာရတာမို့ နိုင်ငံရေး အငွေ့အသက်လည်း မကင်းခဲ့ပါဘူး။ အထူးသဖြင့် ကာတွန်းပညာရှင် ဆရာရွှေတလေး က အကြောင်း တိုက်ဆိုင်တဲ့အခါတိုင်း သူတတ်စွမ်းတဲ့ ကာတွန်းပညာနဲ့ နယ်ချဲ့ အင်္ဂလိပ်ကို အန်တု ဗလပြုခဲ့တာပဲ တွေ့ရပါတယ်။ ပမာအားဖြင့် ဆရာစံရဲ့ တောင်သူလယ်သမား အရေးတော်ပုံ၊ တောပုန်းကြီးစံဖဲ အစရှိတဲ့ အရေးအခင်းတွေမှာ ဆရာရွှေတလေးက သူ့ရဲ့ ကာတွန်းပညာနဲ့ မြန်မာတွေ အမျိုးသားရေး စိတ်ဓာတ် မကင်းမဲ့ကြဖို့ နှိုးဆော်ခဲ့သလို နယ်ချဲ့ အင်္ဂလိပ်ကို အထင်ကြီးပြီး ကိုယ့်အမျိုးသား ယဉ်ကျေးမှုကို ပစ်ပယ်တဲ့ သူတွေ၊ အင်္ဂလိပ်ကိုမှ ဘုရားထူးချင်တဲ့ ခေတ်ပညာတတ် မြန်မာအမျိုးသားတွေကို အင်္ဂလိပ်နယ်ချဲ့ရဲ့ လက်ပါးစေ၊ နယ်ချဲ့ရဲ့ လက်ကိုင်တုတ် မဖြစ်ကြစေဖို့ အသိပညာပေး ရေးဆွဲခဲ့တာလည်း တွေ့ရပါတယ်။ ဒါကြောင့်လည်း သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်းက “ မြန်မာ့ကာတွန်း ကတော့ စထွက်ကတည်းက အများအကျိုး၊ တိုင်းပြည် အကျိုးကို အခြေခံပြီး ထွက်လာခဲ့တာပါ” လို့ မှတ်ချက်ပြု ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
သည်ကနေ့ အချိန်မှာတော့ မြန်မာ့ကာတွန်းတွေဟာ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးသတင်း များလိုပဲ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှာ အလေးထား ဖော်ပြခြင်း ခံနေကြရတာလည်း တွေ့ရပါတယ်။ ဒါကလည်း ရှေးရှေး ကာတွန်းဆရာ ပညာရှင်ကြီးများ ဖြစ်ကြတဲ့ ဦးဘကလေး၊ ဦးဘဂျမ်း၊ ဦးဟိန်စွန်း အစရှိတဲ့ ကာတွန်း ပညာရှင်ကြီးများရဲ့ နိုင်ငံနဲ့ လူမျိုး အကျိုးစီးပွားကို လိုလားတဲ့ ကိုယ်ကျိုးမငဲ့ စွန့်လွှတ် စွန့်စားတဲ့စိတ်၊ ငွေကြေးထက် ပညာကို ပိုပြီး တန်ဖိုးထားတဲ့ စိတ်ဓာတ်တွေနဲ့ လမ်းဖောက်ခဲ့လို့သာ ဒီအခြေအနေ အထိ ရောက်ရတယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကာတွန်းတွေ လူထုကြားမှာ ဒီလောက်အထိ ခိုင်ခိုင်မာမာ အခြေတည်နိုင်တာကလည်း အချိန် နေရာပေးစရာမလို၊ အလွယ်တကူနဲ့ နားလည် သဘောပေါက်နိုင်ပြီး ထိမိ ပြောင်မြောက်တဲ့ ရေးကွက်တွေ ကြောင့် ဟဒယနှလုံး ရွှင်ပြုံးရတဲ့ အတွက် အောင်မြင်နေတာလို့ ဆိုနိုင်ပါတယ်။ ပမာအားဖြင့် ကာတွန်းတစ်ကွက်ကို ဖတ်ဖို့ အတွက် စာဖတ်သူပေးရတဲ့ အချိန်က အလွန် တိုတောင်းပါတယ်။ တစ်နေရာတည်း တစ်ထိုင်တည်း ဒါမှမဟုတ် သွားရင်းလာရင်း ဖြတ်ခနဲ လှန်ကြည့်လိုက်ရုံနဲ့တင် ကာတွန်း ဖတ်တဲ့ ကိစ္စက ပြီးသွားနိုင်တယ် ဆိုတော့ အလုပ်နဲ့ လက်မပြတ် နေ့စဉ် ရုန်းကန်နေရတဲ့ အ ခြေခံ လူတန်းစားတွေ အနေနဲ့လည်း စာတွေ၊ ပေတွေ မလေ့လာ မဖတ်ရှုနိုင်ဘူး ဆိုစေဦးတော့ လက်ရှိ ကိုယ်ရောက်နေတဲ့ ခေတ်ရဲ့ အခြေအနေ လက်ငင်း ကြုံတွေ့နေရတဲ့ လူမှု ပြဿနာတွေကို ကာတွန်းဖတ်လိုက်ရုံနဲ့ တစ်ထိုင်တည်း ရိပ်စား သိရှိ သွားနိုင်ပါတယ်။
သမားစဉ် ပြောစကားအရ “ စာလုံးပေါင်း ထောင်သောင်း ရေးပြသည်ထက်၊ ရုပ်ပုံတစ်ပုံနဲ့ ဖော်ပြခြင်းက ပိုပြီး တာသွားတယ်” ဆိုသလိုပါပဲ။ တချို့ ကာတွန်းတွေက စာတစ်လုံးမှ မပါဘဲ ရုပ်ပုံသက်သက်နဲ့ ဖော်ပြတဲ့ ရေး ကွက်ကလေး တစ်ခုကို မြင်လိုက်ရုံနဲ့တင် စာတစ်ပုဒ် ဖတ်လိုက်ရသလောက် ထိရောက် သွားတာမျိုးလည်း တွေ့ရပါတယ်။ စာမဲ့ ကာတွန်းတွေ ဆိုပါတော့။
ကာတွန်းတွေရဲ့ သဘော သဘာဝကိုက  ကာတွန်းရေးသူ ကျင်လည်ရာ ပတ်ဝန်းကျင်မှာ နေ့စဉ် မြင်တွေ့နေရတဲ့ အမြီးအမောက်  မတည့်မှုတွေကို သရော်တာမျိုး ဖြစ်လေတော့  ဟာသဉာဏ်ကလည်း ပါရ ပါသေးတယ်။ ဒီလို ဟာသဉာဏ်လေး ပါမှလည်း ကာတွန်းတွေက ထိရောက် ပါတယ်။ နို့မဟုတ်ရင်တော့ ကြော်ငြာလိုလို၊ ကလော်တာလိုလို၊ ဆော်တာလိုလိုနဲ့ တစ်မျိုး အတွေးရောက် သွားနိုင်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကာတွန်းကို ဘယ်လို ရေးရတယ်ဆိုတဲ့ နည်းကလေးကို ဆရာရွှေတလေးက ကဗျာလေးနဲ့ ပညာပေးသွားပုံက
“ ဘယ်သူ့ထိပ်ကိုမှ ပိတ်ရော့လို့
မောင်မဆော်၊ ဟုတ်တိုင်းဗျာ
မှန်ရာတွေးလို့ ရေးရပါသော်၊
နာလုံးတွေဖော်၊ အော်ကာဗျာ မည်သူဆဲ။
ရွှေတလေးမှာဖြင့် ကျေအေးတယ်
ခါမယူ ကမ္ဘာသူ ဓာတ်မှန်ပြသည်သို့၊
အမှားကို အမှန်ကျအောင်ဗျာ၊
ရေးရတာပဲ။”
လို့ ဆိုထားတာကြောင့် ကာတွန်းရေးသူတွေ အနေနဲ့ သိရ၊ မှတ်ရ၊ ဆောင်ရ၊ ရှောင်ရမယ့် အချက်တွေက သည်ကဗျာထဲမှာ အကုန် ပါသွားပါတယ်။ ပမာအားဖြင့်
“ ဘယ်သူ့ထိပ်ကိုမှ ပိတ်ရော့လို့ မောင်မဆော်” ဆိုတဲ့ အတိုင်း ကာတွန်းရေးသူ အနေနဲ့ ဘယ်သူ့ကို မဆို ပုဂ္ဂိုလ်ရေး အရ နာမှနာစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာမျိုးလည်း မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ကိုယ်လက်အင်္ဂါ ချို့တဲ့ ဆင်းရဲသူတွေ၊ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ၊ ကလေးနဲ့ ကိုယ်ဝန် ဆောင် အမျိုးသမီးတွေကို သရော်တာမျိုး ကာတွန်း ပညာရှင်တွေ အနေနဲ့ ရှောင်ကြတာလည်း တွေ့ရပါတယ်။
“ ဟုတ်တိုင်းဗျာ မှန်ရာ တွေးလို့ ရေးရပါသော်” ဆိုတဲ့ နေရာမှာလည်း ဟုတ်တယ်၊ မှန်တယ် ဆိုတဲ့ နယ်ပယ်က အင်မတန် ကျယ်ဝန်းပါတယ်။ ကိုယ်တစ်ယောက်တည်း ဟုတ်၊ ကိုယ်တစ်ယောက်တည်း မှန်နေလို့လည်း မရသေးပါဘူး။ အများဖတ်တဲ့ စာမျက်နှာ၊ အများနဲ့က ပိုပြီး ဆိုင်ပါတယ်။ ဒါကြောင့် အများ အကဲခတ်၊ အကဲဖြတ်နိုင်တဲ့ အမှန်မျိုး၊ အများအကျိုးကို ဆောင်နိုင်တဲ့ အမှန်မျိုးကိုသာ တွေးပြီး ရေးနိုင်အောင် ကြိုးစား သင့် ပါတယ်။
“ နာလုံးတွေဖော် အော်ကာဗျာ မည်သူ ဆဲ” ဆိုတဲ့ အပိုင်းကတော့ ကိုယ်ရေးတဲ့ ကာတွန်း တစ်ကွက်ကြောင့် တချို့လည်း အနာပေါ် တုတ်ကျသလို ဆတ်ဆတ်ခါ နာပြီး ရန်သူလို ဆက်ဆံ ခံရတာမျိုးတွေလည်း ကြုံကောင်း ကြုံရနိုင်ပါတယ်။ ဒီလို အခါမျိုးမှာ ကာတွန်းရေးသူ အနေနဲ့ ကိုယ့်ရဲ့မှန်ကန်တဲ့ ရပ်တည်ချက်ကို မပျက်စေဘဲ တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ပြီး ပြဿနာကို ရင်ဆိုင်ဖို့ အဆင်သင့် ရှိနေသင့်ပါတယ်။ အထူးသဖြင့် မိမိရဲ့အတ္တကို ချိုးနှိမ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
“ ရွှေတလေးမှာဖြင့် ကျေအေးတယ် ခါမယူပ” ဆိုတာ ကတော့ ကာတွန်းရေးသူအနေ နဲ့ ချစ်သူ၊ မုန်းသူ မဟူ တန်းတူ ဆက်ဆံနိုင်ဖို့ လိုပါတယ်။ ချစ်လို့ ပြောတဲ့ ချီးမွမ်းစကားနဲ့ မုန်းလို့ ဆဲတဲ့ ကြမ်းကြမ်းတမ်းတမ်း စကားတွေကိုလည်း ကျိုးကြောင်းဆင်ခြင်ပြီး လက်ခံနိုင်ဖို့ လိုပါတယ်။ စာမျက်နှာပေါ်မှာ ဖော်ပြခံရတဲ့ ကိုယ့်ရဲ့ကာတွန်းတစ်ကွက် အတွက် လားရာမတူတဲ့ ဝေဖန်သံတွေကို ကြားရလိမ့်မယ် ဆိုတာ ကြိုပြီး သဘောပေါက်ထားရင် အားလုံးကို တူတူမျှမျှ လက်ခံလာနိုင်ပါတယ်။
“ ကမ္ဘာသူ ဓာတ်မှန်ပြသည်သို့
အမှားကို အမှန်ကျအောင် ရေးရတာပဲ”  ဆိုတာ ကတော့ ရှင်းပါတယ်။ ကိုယ့်ရဲ့ စေတနာက အမှားကိုမြင်ပြီး အမှန်ကိုဆင်ခြင်နိုင်အောင် နည်းလမ်းတကျ ထောက်ပြတာ ဖြစ်လို့ ကိုယ့်စေတနာကို အများ မြင်ပြီး လက် ခံနိုင်အောင် ဘယ်လို ရေးသင့်တယ် ဆိုတာ ကိုယ့်ဘာသာကိုယ် ချင့်ချိန်နိုင်ရင် အောင်မြင်တဲ့ ကာတွန်းဆရာ တစ်ယောက် ဖြစ်လာမှာပါပဲ။ နမူနာ ယူစရာကတော့ ကာတွန်း ဦးဘဂျမ်း ပါပဲ။ ဦးဘဂျမ်းက ကာတွန်းကို ဆဲသလို မရေးဘဲ ရယ်ရအောင် ရေးသွားခဲ့တဲ့ ကာတွန်း ပညာရှင်ကြီးပါ။
ပြောရရင် ဒီကနေ့အချိန်မှာ ကာတွန်းတွေဟာ အများပြည်သူတွေ ဖတ်ရှုတဲ့ စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာ နေကြပါပြီ။ ကာတွန်း ရေးဆွဲတဲ့ ပညာရှင်တွေလည်း များလာသလို ကာတွန်း ရေးကွက်တွေ ကလည်း ရှုထောင့်စုံ ပါတယ်။ ဒါ့အပြင် လက်ရာနဲ့ စိတ်ကူးအတွေးတွေကလည်း ဆန်းသစ်လာတာ တွေ့ရပါတယ်။ ဒါက အားရစရာကောင်းတဲ့ အချက်ပါ။ ဘယ်လိုဖြစ်ဖြစ် ဒီကနေ့ ကာတွန်းကို ပြည်သူတွေ လက်ခံလာတယ် ဆိုတာ ရှေးကာတွန်းဆရာကြီးတွေရဲ့ နိုင်ငံနဲ့ လူမျိုးရဲ့ အကျိုး အတွက် ရည်ရွယ်ပြီး ဖောက်ခဲ့တဲ့လမ်း ဖြစ်တာမို့ လက်ရှိ ကာတွန်းဆရာတွေ အနေနဲ့လည်း ရှေးကာတွန်းပညာ ရှင်ကြီးတွေလိုပဲ။ လမ်းကို ပိုပြီး ပေါက်အောင် ပိုပြီး ဖြောင့်အောင် ကြိုးစားပြီး ဆက်ဖောက် ရမယ့် တာဝန်ရှိလာ ပါပြီ။ ယခု ရောက်ရှိနေတဲ့ နှစ် ၁၀၀ ကနေပြီး နောင်နှစ်ပေါင်းများစွာ မြန်မာ့ စာပေလောကမှာ ကာတွန်းတွေ အောင်အောင်မြင်မြင်နဲ့ ရပ်တည်နိုင်အောင် ဆိုရင် အသိ၊ သတိနဲ့ ယှဉ်ပြီး တိုင်းပြည်နဲ့ လူမျိုးရဲ့အကျိုးကို ဆထက် ထမ်းပိုး တိုးပြီး ရွက်ဆောင်နိုင်တဲ့ ကာတွန်းပညာရှင်တွေ ဖြစ်လာအောင်လည်း ကြိုးစားကြရဦးမှာပါ။ ကြိုးစား နိုင်ကြပါစေ လို့လည်း ဆန္ဒပြုလိုက် ရပါတယ်။

Most Read

Most Recent