၁၉၉၃ ခုနှစ် နောက်ပိုင်းမှ စပြီး ဗဟိုဘဏ်က ထုတ်ရောင်းထားသည့် ငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များကို နောက်အစိုးရ မတက်မီ စာရင်းရှင်းရန် စီစဉ်နေကြောင်း သိရ

၁၉၉၃ ခုနှစ် နောက်ပိုင်းမှ စပြီး ဗဟိုဘဏ်က ထုတ်ရောင်းထားသည့် ငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များကို နောက်အစိုးရ မတက်မီ စာရင်းရှင်းရန် စီစဉ်နေကြောင်း သိရ
Published 30 December 2015
ဇော်ဝေ

၁၉၉၃ ခုနှစ် နောက်ပိုင်းမှ စပြီး ဗဟိုဘဏ်က ထုတ်ရောင်းထားသည့် ငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များကို နောက်အစိုးရ မတက်မီ စာရင်းရှင်းရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးလုပ်ငန်း (MSEC) မှ ဒါရိုက်တာ တစ်ဦးက ပြောကြားသည်။“ဒီဇင်ဘာ ၃၁ ရက်ကစပြီးတော့ ဘဏ်တွေကို သူတို့ရောင်းထားတဲ့ ဟာတွေကို စာရင်းပြန်ပိတ်ပြီးတော့ အတိုးတို့ Principles တို့ကို ပြန်ပြီးတော့ တွက်ဖို့ Restructure လုပ်ဖို့ လုပ်နေတယ်။ Retail ရောင်းထားတဲ့ ဟာတွေကို ပြန်ပြီးတော့ တွက်ချက်နေတယ်။ နောက်ပိုင်းမှာတော့ Auction လုပ်မယ့် သဘောမျိုး ရှိတယ်။ ဗဟိုဘဏ်က Bill ကတော့ ပစ်နေပြီ။ အခုဟာက Bond ကို လုပ်တော့မယ်။ စီစဉ်နေကြပြီပေါ့။ အဲဒီအခါ ကျရင်တော့ အတိုးနှုန်းတွေက ပြင်သွားလိမ့်မယ် ထင်တယ်။ အခုဟာကတော့ ဘဏ်တွေကိုပဲ ထုတ်ရောင်းနေတာပေါ့။ Bond တွေကျရင်တော့ သူတို့ Securities ကုမ္ပဏီတွေရော ပေးမလားတော့ မသိဘူး။ အခုကတော့ ပြောဆိုနေကြတုန်းပဲ။ အခုက Treasure Department က အကုန်လုံး ကိုင်တော့မှာပေါ့။ ဒီနှစ်က ဘတ်ဂျက်လိုငွေ ဘယ်လောက်ရှိတယ်။ ဘယ်လောက်ရတယ်။ ဘယ်လောက်သုံးတယ်။ အဲဒါတွေအတွက် လုပ်မှာပေါ့။ အခုက ကျွန်တော်တို့က ငွေတိုက်လက်မှတ်ကို Agent ရတာ။ အခု အဲဒါတွေကို ပြန်ရှင်းပေးနေပြီ။ Agent က မြန်မာ့စီးပွားရေးဘဏ်ကလည်း လုပ်ပေးနေရတာပေါ့။ ကျွန်တော်တို့ကိုလည်း လုပ်ခိုင်းထားတယ်။ အခု ဒီဇင်ဘာ ၃၁ ရက်က စပြီးတော့ ဗဟိုဘဏ်ကရောင်းတဲ့ ဘဏ်တွေက ဝယ်ထားတဲ့ သူတို့ Liquidity Faul အဖြစ်မှာစိုးလို့ ၂၀ ရာခိုင်နှုန်းလောက် ထည့်ထားတဲ့ ဟာတွေကို  အဲဒါတွေကို စာရင်း ပြန်တွက်နေပြီး။ စာရင်းပြန်ရှင်းနေပြီ။ ပြန်ရှင်းပြီးတော့ သူတို့ကို ပြန်ဝယ်ခိုင်းမယ်။ မဝယ်ခိုင်းဘူးကတော့ မူဝါဒတစ်မျိုး သတ်မှတ်မလား မသိဘူး။ ဟိုတစ်နေ့က အစည်းအဝေးမှာတော့ ဒါတွေကို Auction Market ထဲ ထည့်ဖို့တို့ ဘာတို့ ပြောနေကြတာပဲ။ အခု လောလောဆယ်ကတော့ အခုအစိုးရ မလွဲခင်မှာ ဒီစာရင်းတွေကို ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် ရှင်းမယ်ပေါ့။ ဘယ်လောက်ရှိတယ် ဆိုတာတွေ သူတို့ လုပ်ရဦးမှာပေါ့။ ပြီးရင် နောက်အစိုးရလို ငွေကို ဘယ်လိုဖြည့်မယ်တို့ တိုင်းပြည်ဘဏ္ဍာကို ဘယ်လိုသုံးမယ်တို့ တစ်ခါ လုပ်ကြမှာပေါ့” ဟု မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေး လုပ်ငန်းမှ ဒါရိုက်တာ တစ်ဦးက ဆိုသည်။မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေကို မဆလခေတ်တွင် လိုငွေ၏ ရာခိုင်နှုန်း ၈၀ အထိ ငွေရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းခဲ့ပြီး မဆလခေတ် နောက်ပိုင်း ကာလများတွင် ဘတ်ဂျက်လိုငွေ၏ ရာခိုင်နှုန်း ၄၀ မှ ရာခိုင်နှုန်း ၆၀ အကြား ငွေစက္ကူ ရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းခဲ့ကာ လက်ရှိ အချိန်တွင်လည်း ဘတ်ဂျက်လိုငွေ၏ ရာခိုင်နှုန်း ၅၀ ခန့်ကို ငွေစက္ကူများ ရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းနေရဖွယ်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) နှင့် လက်ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသိန်းက ဒီဇင်ဘာ ၂၀ ရက်တွင် သုံးသပ် ပြောကြားသည်။ဦးသိန်းစိန် လက်ထက်တွင် ယခင်အစိုးရ လက်ထက်မှ တာဝန်များ စတင်လွှဲပြောင်းရယူစ ဖြစ်သည့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ကျပ် ၂၁၅၉ ဘီလျံကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ၁၉၅၃ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ဘတ်ဂျက်လိုငွေမှာ ၂၉၂၆ ဘီလျံကျော်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ၂၇၅၁ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ကာ ဦးသိန်းစိန် နောက်ဆုံး တာဝန်ယူသည့် ယခုဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ ဘီလျံ ၃၆၀၀ ကျော် ဖြစ်ပေါ်ခဲ့ရုံသာမက ထပ်တိုးဘတ်ဂျက်အဖြစ် ကျပ်ဘီလျံ ၂၅၀၀ ကျော် ထပ်မံခွင့်ပြု ခဲ့ရသဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၏ အသုံးစရိတ် လိုငွေသည် ကျန်ဘဏ္ဍာနှစ် အားလုံး၏ လိုငွေ ထက်ထက်ဝက်ကျော် များပြားခဲ့သောနှစ် ဖြစ်သည်။မြန်မာနိုင်ငံတွင် ငွေကြေးရိုက်ထုတ်မှုများအဖြစ် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ၆၃၃၁ ဒသမ ၈၀ ဘီလျံ၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၆၇၂၂ ဒသမ ၆၂ ဘီလျံနှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၉၀၄၆ ဒသမ ၁၉ ဘီလျံ ရိုက်ထုတ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ ၂၀၁၂-၁၃ ရိုက်ခဲ့ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက ထုတ်ပြန်ချက်များအပေါ် ကိုးကား၍ ပြောကြားထားသည်။လက်ရှိ အခြေအနေတွင်မူ ငွေစက္ကူ ရိုက်ထုတ်နေခြင်းများအား ဗဟိုဘဏ်၏ ညွှန်ကြားချက်ဖြင့်သာ လုပ်ဆောင်နေပြီး ဘတ်ဂျက်လိုငွေကိုလည်း ဂျီဒီပီ၏ ငါးရာခိုင်နှုန်းထက် မကျော်လွန်ရန် အစိုးရသို့ ဗဟိုဘဏ်က တင်းကျပ်သည့် စည်းမျဉ်းဖြင့် ပြောကြားထားသည်ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာဇော်ဦးက ပြောကြားသည်။“ပုံနှိပ်စက် ကောင်းကောင်းရှိတိုင်း ငွေစက္ကူ ရိုက်ထုတ်လို့ မရပါဘူး။ ငွေကြေးကို ရိုက်ထုတ်နေတဲ့ အာဏာဟာ ဗဟိုဘဏ်မှာပဲ ရှိနေပါတယ်။ အခု ထုတ်နေတဲ့ ပုံနှိပ်စက်ကလည်း ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့ ထုတ်နေတာပါပဲ။ ဗဟိုဘဏ်က ဘာနဲ့ ချိတ်ထားလည်းဆိုရင် သူ့မှာရှိတဲ့ ခိုင်မာတဲ့ ပစ္စည်းတစ်ခုနဲ့ပဲ ချိတ်ထားရမယ်။ ခိုင်မာတဲ့ အရာက ဘာလည်းဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြား အရန်ငွေ ဖြစ်နေတယ်။ နိုင်ငံခြား အရန်ငွေကို စုနေတယ်။ စုသလောက်ပဲ ထုတ်ခွင့်ရှိတယ်။ အဲဒါကြောင့်မို့လို့ အစိုးရကိုလည်း ကျွန်တော်တို့ ဘာပြောထားသလဲဆိုရင် ဗဟိုဘဏ်ကနေပြီးတော့ အစိုးရ လိုငွေပြမှုသည် ဂျီဒီပီရဲ့ ငါးရာခိုင်နှုန်းထက် မကျော်စေပါနဲ့ဆိုပြီး တင်းကျပ်တဲ့ စည်းမျဉ်းနဲ့ အစိုးရကို ပြောထားတယ်” ဟု ဒေါက်တာဇော်ဦးက ပြောကြားထားသည်။    

Most Read

Most Recent