ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် ပြီးပြည့်စုံသည့် ညီလာခံမျိုး မဟုတ်သော်လည်း လိုလားချက်များ တင်ပြရန် တက်ရောက်မည်ဟု UNA ခေါင်းဆောင်များ အစည်းအဝေး၌ ဆုံးဖြတ်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် ပြီးပြည့်စုံသည့် ညီလာခံမျိုး မဟုတ်သော်လည်း လိုလားချက်များ တင်ပြရန် တက်ရောက်မည်ဟု UNA ခေါင်းဆောင်များ အစည်းအဝေး၌ ဆုံးဖြတ်
Published 30 December 2015
ငြိမ်းကို

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင်များ အစည်းအဝေး ဒုတိယနေ့ကို ဒီဇင်ဘာ ၃၀ ရက်က ဆက်လက်ကျင်းပရာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် ပြီးပြည့်စုံသည့် ညီလာခံ မဟုတ်သော်လည်း လိုလားချက်များ တင်ပြရန် UNA အဖွဲ့ဝင် ပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။ဒုတိယနေ့ အစည်းအဝေးတွင် နံနက်ပိုင်း အစည်းအဝေး သဘာပတိအဖြစ် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA အပေါ် သုံးသပ်ဆွေးနွေး အတည်ပြုခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ရေး ကိစ္စကို ဆွေးနွေး အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့သည်။UNA ခေါင်းဆောင် တစ်ဦးဖြစ်သည့် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် NCA လက်မှတ် မရေးထိုးထားသော လက်နက်ကိုင် အဖွဲ့များသည် ဝင်ရောက်ဆွေးနွေးခွင့် ရမည် မဟုတ်သည့်အတွက် ပြီးပြည့်စုံသည့် ညီလာခံတစ်ခု ဖြစ်လာမည်မဟုတ်ကြောင်း ပြောကြားသည်။“နိုင်ငံရေး ဆွေးနွေးပွဲကို ၁၂ ရက်မှာ စမယ်။ ၂၂ ရက်မှာ ပြီးမယ်။ အခု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလို့ ခေါ်ခေါ် နိုင်ငံရေး ဆွေးနွေးပွဲ ညီလာခံလို့ပဲ ပြောပြော ဒီညီလာခံမှာက လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ပဲ ကိုယ်စားလှယ်အဖြစ် တက်မယ်။ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့တွေကို အထူးဧည့်သည် အနေနဲ့ ဖိတ်မယ်လို့ သိရတယ်။ ကိုယ်စားလှယ် မဟုတ်ဘူး။ ဒီလိုဆိုရင် ဒီညီလာခံက ဘယ်လိုဖြစ်မလဲ ဒီဧည့်သည်တွေက ဆွေးနွေးခွင့် မရဘူးလေ။ ဒီမှာ ငြိမ်းချမ်းရေး ညီလာခံက ဘယ်လိုဖြစ်မလဲ။ ပြီးပြည့်စုံတဲ့ ကျွန်တော်တို့ လိုလားတဲ့ ညီလာခံတစ်ခု မဟုတ်ဘူး” ဟု ဦးအေးသာအောင်က ပြောကြားသည်။ဆက်လက်ပြီး ဦးအေးသာအောင်က “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာတော့ တကယ်ပဲ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီလို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိတဲ့ အမျိုးသားပြည်နယ်များနဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ကိစ္စကို ပြည်ထောင်စု ညီလာခံက ဖော်ဆောင်ပေးနိုင်မလား။ ရပ်တန့်သွားမလား။ နောက်ထပ် ဘယ်လို ဆက်ပြီးသွားမလဲ။ နောက်အစိုးရသစ် လက်ထက်မှာ ဘယ်လို ဖော်ဆောင်မလဲ။ ဘယ်လို ဆက်လုပ်မလဲ။ စဉ်းစားစရာတွေ အများကြီး ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ကတော့ ဒီဟာတွေ အားလုံးကို ကျွန်တော်တို့ သုံးသပ်တယ်။ သို့သော် ဒီလို သုံးသပ်ပေမယ့် ပြည်ထောင်စု ညီလာခံမှာတော့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ တက်မယ်။ ကျွန်တော်တို့ ပြောစရာရှိတာတွေ ပြောမယ်။ ကျွန်တော်တို့ ဖြစ်ချင်တာတွေကို တင်ပြဖို့အတွက် တက်မယ်ဆိုတဲ့ ဟာမျိုးတော့ ကျွန်တော်တို့ သဘောထား ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။  UNA တွင် တိုင်းရင်းသားပါတီ ရှစ်ပါတီ ပါဝင်ကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီနှင့် ကရင်အမျိုးသားပါတီတို့ ဖြစ်သည်။UNA အဖွဲ့ဝင် ပါတီ ရှစ်ပါတီ ရှိသည့်အနက် ရွေးကောက်ပွဲတွင် လေးပါတီက အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက နေရာ ၄၀၊ ရခိုင်အမျိုးသား ပါတီက ၄၄ နေရာ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ခြောက်နေရာနှင့် မွန်အမျိုးသား ပါတီက သုံးနေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။                      

Most Read

Most Recent