ဆောက်လုပ်ဆဲ NLD ရုံးချုပ် အဆောက်အအုံတွင် ကျင်းပမည့် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားမည်

ဆောက်လုပ်ဆဲ NLD ရုံးချုပ် အဆောက်အအုံတွင် ကျင်းပမည့် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားမည်
Published 29 December 2015

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါ အခမ်းအနားသို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပမည့် အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်တိုင်း NLD အလုပ်အမှု ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက “နံနက် ၁၀ နာရီမှာ ရုံးချုပ်မှာ လုပ်မှာပါ။ အန်တီ တက်ပါ့မယ်ခင်ဗျ။ သဘာပတိ ဘဘဦးတင်ဦးက အဖွင့်စကားပြောမယ်။ ပြီးရင် အန်တီ စကားပြောမယ်။ ပြီးရင် ကြေညာချက်ဖတ်မယ်။ သဝဏ်လွှာတွေ မှတ်တမ်းတင်မယ်။ သဘာပတိ နိဂုံးချုပ် စကားပြောမယ်။ ပြီးရင် ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ဧည့်ခံမယ်။ မြို့နယ်တွေကနေ စတုဒိသာကျွေးဖို့လည်း ဖိတ်ခေါ်ထားတာ ရှိပါတယ်။ မြို့နယ်အလိုက် ကျွေးနိုင်တဲ့ စတုဒိသာပေါ့” ဟု ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို  ဆောက်လုပ်ဆဲ NLD ရုံးချုပ် အဆောက်အအုံတွင် ကျင်းပမည်ဖြစ်ကာ အဆိုပါ အဆောက်အအုံကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်နေသည်။

Most Read

Most Recent