သေဒဏ်ချခံရသော မြန်မာနိုင်ငံသားနှစ်ဦးအတွက် ဆန္ဒပြတောင်းဆိုမှုကို အကြောင်းပြကာ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော ဘုရားသုံးဆူ နယ်စပ်ဂိတ်အား ဒီဇင်ဘာ ၂၈ ရက်တွင် ထိုင်းနိုင်ငံဘက်မှ ပိတ်လိုက်ခြင်း ကြောင့် နယ်စပ်ကုန်သွယ်မှု ရပ်တန့်သွားသည်ဟု သိရသည်။ ဒီဇင်ဘာ ၂၆ နှင့် ၂၇ ရက်တွင်လည်း ဂိတ်အား ပိတ်လိုက် ဖွင့်လိုက် ပြုလုပ်ခဲ့သည်ဟု သိရသည်။
လိပ်ကျွန်းလူသတ်မှုမှ မတရားသေဒဏ်ချခံရသော မြန်မာနိုင်ငံသားနှစ်ဦး ပြန်လည် လွတ်မြောက်ရေးအတွက် မြန်မာ-ထိုင်း ဘုရားသုံးဆူနယ်စပ်တွင် ဒီဇင်ဘာ ၂၈ ရက် နံနက်က အမှတ်(၁)ရပ်ကွက် ချက်ပွိုင့်တွင် လူအင်အား ၁၀၀ ခန့်ဖြင့် ဆန္ဒပြမှု စတင်ခဲ့ပြီး နံနက်၈ နာရီခန့်တွင် ပြည်သူလူထု ၄၀၀ ခန့် ပါဝင် ဝန်းရံတောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။
ထို့နောက် နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ လက်ထောက် မြို့ပိုင် ထိလာဆပ်ထိယာဖုန်ထံသို့ ဘုရားသုံးဆူမြို့ ဆန္ဒပြသူများကိုယ်စား ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံရသူနှစ်ဦး လွတ်မြောက်ရေး ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုထားသည့် စာအား မြန်မာ-ထိုင်း-အင်္ဂလိပ် သုံးဘာသာဖြင့် ရေးသား၍ပေးအပ်ခဲ့ကြောင်း၊ အဆိုပါစာအား လက်ထောက်မြို့ ပိုင်မှ ထိုင်း အစိုးရထံ ဆက်လက် ပေးပို့တင်ပြသွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်ဟု သိရသည်။
တောင်းဆိုထားသည့်စာတွင် အမှုတည်ဆောက်ချိန်နှင့် သက်သေထွက်ဆိုချက်များ မခိုင်လုံကြောင်း၊ နိုင်ငံတကာမှပညာရှင်များ ထွက်ဆိုပြီးဖြစ်ကြောင်း၊ ထိုင်းရဲများ၏ နှိပ်စက်ခြင်းကြောင့် ထွက်ဆိုခဲ့ရခြင်းမှာ မရိုးဖြောင့်မှန်း သိသာကြောင်း၊ သို့ဖြစ်၍ သက်သေမခိုင်လုံဘဲ သေဒဏ်ကျခံရစေရန် စီရင်ချက် ချမှတ်လိုက်ရခြင်းမှာ မည်သို့မှ နားမလည်နိုင်သလို မရိုးသားသော ပြုမူချက်အဖြစ် မြန်မာတစ်နိုင်ငံလုံး မခံမရပ်နိုင်အောင် ဖြစ်ပွားနေရကြောင်းလည်း ထည့်သွင်းရေးသားခဲ့ကြောင်း သိရသည်။
ထိုင်းဘက်မှ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ရုတ်တရက် ယာယီပိတ်လိုက်သဖြင့် ထိုင်းဘက်သို့ အလုပ်ဆင်းမည့် အလုပ်သမားများ ဒေသခံ လက်လုပ်လက်စားများ အခက်အခဲများ ဖြစ်လျက်ရှိသည်ဟု သိရသည်။
"ဒီနေ့ဆို ချက်ပွိုင့်ပိတ်ထားတာ သုံးရက်ရှိပြီလေ၊ ဆန္ဒပြတောင်းဆိုမှုတွေ ပြင်းထန်နေပါတယ်။ ကုန်စည်တွေတော့ တရားဝင် တင်သွင်းလာတာ မရှိပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နည်းနည်းပါပါးပဲ ဝင်တာရှိပါတယ်"ဟု ဘုရားသုံးဆူမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဘုရားသုံးဆူ နယ်စပ် ချက်ပွိုင့်တံခါး ပိတ်ထားသည့်အတွက် ဒေသခံ လက်လုပ်လက်စားများ အခက်အခဲဖြစ်နေသလို ထိုင်းဘက်မှလာသော စားသောက်ကုန်များလည်း ဈေးမြင့်တက်လာသည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုင်း-မြန်မာ နယ်စပ်ဂိတ်များအနက် ကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ်မြို့တွင် လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသော မြန်မာနိုင်ငံသားနှစ်ဦးအတွက် နှစ်ရက် ဆန္ဒဖော်ထုတ်ခဲ့သော်လည်း နယ်စပ်ဂိတ်အား ပိတ်ခြင်းမရှိကြောင်း၊ ထိုင်းကုန်စည်များ တင်သွင်းမှုမှာ ယခင်နေ့ရက်များထက် ကုန်ကားဝင်ရောက်မှု အနည်းငယ် လျော့ကျသွားသော်လည်း ပုံမှန်ကုန်သွယ်လျက်ရှိကြောင်း သိရသည်။















