နှိပ်စက်ခံခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် အိမ်အကူ မိန်းကလေးက အိမ်ရှင်ဖြစ်သူ အမျိုးသားအား ဗဟန်းမြို့နယ် တရားရုံး၌ တရားစွဲဆိုထားသော အမှုတွင် တရားသူကြီး အပြောင်းအလဲ ရှိသောကြောင့် မစစ်ဆေးဖြစ်ကြောင်း သိရသည်။၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းက အသက် ၁၄ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုကာ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက်နေ အိမ်ရှင်ဖြစ်သူ ကိုကြည်လှမြင့်နှင့် မသီရိကိုကိုတို့အား ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသောအမှု ဖြစ်ကြောင်း သိရှိရသည်။“မြို့နယ် တရားသူကြီး အပြောင်းအလဲ ရှိတဲ့အတွက် အမှုကို မစစ်ဆေး ဖြစ်သေးဘူး။ ရုံးချိန်းပေးတာ သုံးချိန်းလောက်တော့ ရှိပါပြီ။ လာမယ့် ရုံးချိန်းက ဇန်နဝါရီ ၁ ရက်ပါ။ အဲဒီနေ့ကျရင် ပြန်ခေါ်သက်သေ တစ်ဦးကို စစ်ဖို့တော့ ခေါ်ဆိုထားပါတယ်” ဟု အိမ်အကူ မိန်းကလေး၏ ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်တွင် ဗဟန်းမြို့နယ် တရားရုံးက ၁၄ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုကာ အိမ်ရှင်ဖြစ်သူ အမျိုးသားအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု)၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု)၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု)တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပြီးနောက် အိမ်ရှင်ဖြစ်သူက အဆိုပါ စွဲချက်များအား ပယ်ဖျက်ပေးရန် အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်ထားခဲ့ကာ ခရိုင်တရားရုံးက ပုဒ်မ ၅၀၆ အား ပယ်ဖျက်ပေးရန် အမိန့်ချခဲ့ကြောင်း သိရသည်။နှိပ်စက်ခံခဲ့ရသည့် အိမ်အကူ မိန်းကလေးမှာ လက်တွင် ဆီပူလောင် ဒဏ်ရာများနှင့် ခန္ဓာကိုယ် အချို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ဆေးရုံတွင် ဆေးကုသမှု ခံခဲ့ရကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။အလားတူ အိမ်ရှင်ဖြစ်သူက အိမ်အကူ မိန်းကလေးအား ညှဉ်းပန်းနှိပ်စက်သည်ဆိုသည့် ဖြစ်စဉ်တစ်ခု ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ၄၁ ရပ်ကွက်တွင် ပြီးခဲ့သည့်လများက ဖြစ်ပွားခဲ့ပြီး အသက် ၁၄ နှစ်အရွယ် အိမ်အကူ မိန်းကလေးအား အိမ်ရှင်မိသားစုက ဆေးရုံတက် ကုသရသည်အထိ ရိုက်နှက်ညှဉ်းပန်းခဲ့သည့်အတွက် အိမ်ရှင်မိသားစုအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တရားရုံးတွင် (ပ)၃၆၅/၁၅ ပြစ်မှုပုဒ်မ ၃၂၅၊ ၃၅၄၊ ၂၉၄၊ ၅၀၆ တို့ဖြင့် တရားစွဲဆိုထားကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့မရဲစခန်းမှ သိရှိရသည်။
နှိပ်စက်ခံရသည့် အိမ်အကူ မိန်းကလေးက အိမ်ရှင်ဖြစ်သူအား ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲထားသောအမှု တရားသူကြီး အပြောင်းအလဲကြောင့် မစစ်ဆေးဖြစ်