ညစ်ညမ်းစာများ ဖြန့်ဝေမှု၊ တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသမှုတို့ကြောင့် တရားစွဲခံထားရသော တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်က ရုံးရှေ့ လာရောက်ခွင့်မှ ကင်းလွတ်ခွင့်နှင့် အဆိုပါအမှုတွဲ ချေဖျက်ရန် လျှောက်ထားမှု မန္တလေးတိုင်း တရားလွှတ်တော် ပယ်ချ

ညစ်ညမ်းစာများ ဖြန့်ဝေမှု၊ တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသမှုတို့ကြောင့် တရားစွဲခံထားရသော တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်က ရုံးရှေ့ လာရောက်ခွင့်မှ ကင်းလွတ်ခွင့်နှင့် အဆိုပါအမှုတွဲ ချေဖျက်ရန် လျှောက်ထားမှု မန္တလေးတိုင်း တရားလွှတ်တော် ပယ်ချ
Published 28 December 2015
ယဉ်မျိုးသွယ်

ညစ်ညမ်းစာများ ဖြန့်ဝေမှု၊ တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသမှုတို့ကြောင့် တရားစွဲဆို ခံထားရသော တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဒေါ်နန်းလှစိန်သည် ရုံးရှေ့လာရောက်ခွင့်မှ ကင်းလွတ်ခွင့်နှင့် အဆိုပါအမှုတွဲ ချေဖျက်ရန် လျှောက်ထားမှုကို မန္တလေးတိုင်း တရားလွှတ်တော်မှ ပယ်ချခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် တရားရုံးမှ သတင်းရရှိသည်။“ဒေါ်နန်းလှစိန်ရဲ့ ရုံးရှေ့လာရောက်ခြင်း ကင်းလွတ်ခွင့် အယူခံကို တိုင်းတရားလွှတ်တော်က ပယ်ချလိုက်ပါပြီ။ မြို့နယ်နဲ့ ခရိုင်ရုံးတွေရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်လို့ သူမကိုယ်တိုင်ပဲ လာရောက် အစစ်ခံရတော့မှာပါ။ ဇန်နဝါရီ ၁ ရက်ကို ရုံးချိန်းပြန်လည် ချိန်းထားပါတယ်။ နောက်ပြီး သူတို့ကို စွဲဆိုထားတဲ့ အမှုတွဲကို ချေဖျက်ဖို့ လျှောက်ထားတာကိုလည်း တိုင်းတရားလွှတ်တော်က ပယ်ချလိုက်ပါတယ်” ဟု ချမ်းအေးသာစံမြို့နယ် သတင်းပြန်ကြားရေး အရာရှိ တွဲဖက်မြို့နယ် တရားသူကြီး ဦးအောင်မျိုးညွန့်က ဆိုသည်။တော်ဝင်နှင်းဆီဆေးရုံ တတိယ အလွှာတွင် Health News အထူးကုဆေးခန်း အမည်ဖြင့် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသနေခြင်း၊ ညစ်ညမ်းစာ၊ ညစ်ညမ်းဓာတ်ပုံများပါသော လက်ကမ်းစာစောင်များ ဖြန့်ဝေမှုများ ပတ်သက်၍ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက အဆိုပါ တရုတ်နိုင်ငံသားများနှင့်အတူ ဆေးရုံပိုင်ရှင်များဖြစ်သော ဂရိတ်ဝေါလ် ဦးတင်မောင် (ခ)လီစန်းရှင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကိုပါ ထည့်သွင်း တရားစွဲဆို ခဲ့သော်လည်း ဇွန် ၃ ရက်က တရားခံပြေးအဖြစ် ကြေညာရာတွင် တရုတ်နိုင်ငံသားများနှင့် ဒေါ်နန်းလှစိန်သာ ပါဝင်ခဲ့ပြီး ဦးတင်မောင်မှာ မပါဝင်တော့ဘဲ လွတ်မြောက်သွားသည်။ဒေါ်နန်းလှစိန်ကိုလည်း ပြစ်မှုဆိုင်ရာပုဒ်မ ပုဒ်မ ၂၉၂ (က)/၁၀၉ ကျင့် ၅၁၂ ဖြင့်သာ တရားခံပြေးအဖြစ် ကြေညာခဲ့ပြီး၊ ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃၊ ၃၅/ကျင့် ၅၁၂ ဖြင့် တရားစွဲဆိုထားမှုတွင် ဦးတင်မောင်နှင့်အတူ မပါဝင်ခဲ့ပေ။ ဒေါ်နန်းလှစိန်မှာ တရားရုံးသို့ လာရောက်သည့်နေ့မှာပင် ချက်ချင်း အချုပ်လွတ် ထုချေခွင့် အာမခံပေးခဲ့ပြီး ရုံးရှေ့လာရောက်ခြင်းမှ ကင်းလွတ်ခွင့် အာမခံကို ထပ်မံလျှောက်ထားခဲ့ရာ ချမ်းအေးသာစံမြို့နယ် တရားရုံးမှ ပယ်ချခဲ့သည်။ ဆက်လက်၍ ခရိုင် တရားရုံးကို အယူခံ ထပ်မံဝင်ခဲ့ရာ ခရိုင်မှလည်း ပယ်ချခဲ့ပြီး မြို့နယ်တရားရုံးသို့ အမှုတွဲ ပြန်လည်ချထားပေးခဲ့ရာတွင် ၎င်းပိုင်ဆိုင်သော နန်းတော်ဆေးရုံ ဆေးစာဖြင့် ကျန်းမာရေး မကောင်းသောကြောင့် ရုံးချိန်းနှစ်ပတ် ခွင့်ယူခဲ့ကြောင်း၊ ထပ်မံ၍ ရုံးချိန်း လာရောက်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သဖြင့် အာမခံ ပေးထားသူများကို ပြန်လည်ဆင့်ခေါ်ခဲ့ရကြောင်း၊ နောက်ဆုံးတွင် တိုင်းတရားရုံးသို့ ရုံးရှေ့လာရောက်ခြင်းမှ ကင်းလွတ်၍ ထုချေခွင့်ကို ထပ်မံလျှောက်ထားရာ ပယ်ချခဲ့ခြင်းဖြစ်သည်။ယင်းအပြင် လမ်း ၃၀ နှင့် ၃၁ လမ်းကြား၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားရှိ ဟိုတယ်၊ ပလာဇာ၊ ရုံးခန်း၊ ဈေးဆိုင်ခန်းနှင့် တိုက်ခန်းများ၊ ကွန်ဒိုမီနီယမ် ဆောက်လုပ်ငှားရမ်းခြင်းများကို လုပ်ကိုင်နေသည့် စီးတီးမန်း ကုမ္ပဏီသည် လွန်ခဲ့သော ၁၈ နှစ်ခန့်က ပျက်ကွက်မှုများ၊ ထိမ်ချန်မှုများနှင့် ပတ်သက်၍ ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇ ပုဒ်မ ခွဲ(ဂ)အရ အရေးယူနိုင်ရန် အခွန်ဆိုင်ရာ ဥပဒေများ လိုက်နာရန် ပျက်ကွက်သူ စီးတီးမန်း ကုမ္ပဏီကိုယ်စား ကုမ္ပဏီ၏ တာဝန်ရှိသူ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်(ခ)လီဆန်ရှင်း ၅၅ နှစ်၊ လီရှော/ဗုဒ္ဓ(ဘ) ဦးအလယ်ဖာနှင့် ဇနီးဖြစ်သူ ဒါရိုက်တာ အဖွဲ့ဝင် ဒေါ်နန်းလှစိန် ၅၂ နှစ်၊ ကချင်+ရှမ်း+လီရှော/ဗုဒ္ဓ(ဘ)ဦးအိုက်ဆမ်ရွက်ငင်းတို့ကို အရေးယူပေးရန် မြို့နယ် အခွန်ဦးစီးမှူး ဦးမင်းနွယ်က တိုင်တန်း၍ ချမ်းအေးသာစံ မြို့မရဲစခန်းတွင် (ပ)၃၉၄/၂၀၁၅၊ ၁၉၄၇ ခုနှစ် ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇(ဂ)ဖြင့် အမှုဖွင့်ခဲ့သည်။