ဆိုက္ကားနင်း လုပ်သားများထက် နိမ့်ကျသည့် ဘဝများ မြန်မာနိုင်ငံတွင် များစွာ ရှိနေ၍ နိုင်ငံ့ အပြောင်းအလဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဝန်းရံခဲ့ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနှေးယာဉ်လုပ်သား ဆိုက္ကားဆရာကြီးများအား ဂုဏ်ပြုသည့် အခမ်းအနားတွင် ဆိုက္ကားဆရာများက ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရေး ဝန်းရံခဲ့သည့် အကြောင်းရင်းများကို တင်ပြပြောကြားခဲ့သည်။အဆိုပါ တွေ့ဆုံပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ပါတီ ခေါင်းဆောင်များနှင့် ရန်ကုန်တိုင်းရှိ မြို့နယ်များမှ ဆိုက္ကားဆရာ ၂၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ဗဟန်းမြို့နယ်မှ ဆိုက္ကားဆရာ ဦးငြိမ်းမောင်က “ကျွန်တော် ဘာကြောင့် NLD ကို ဝန်းရံရလဲ၊ ထောက်ခံရလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ တွင်းထွက် သယံဇာတ ပေါများသလို သစ်တောထွက် သယံဇာတလည်း ပေါများပါတယ်။ ဆန်စပါးဆိုရင်လည်း ကိုယ့်နိုင်ငံအတွင်းမှာ ဖူလုံမှုရှိပြီး အခြားနိုင်ငံကိုတောင် ရောင်းစားလို့ရတဲ့ နိုင်ငံ ဖြစ်နေပါတယ်။ အဲဒီလို ဖြစ်နေပါလျက်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကမ္ဘာ့နိုင်ငံတွေထဲမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေပါတယ်။ အဲဒီ အဆင်းရဲဆုံး နိုင်ငံ ဖြစ်နေတဲ့အတွက် နိုင်ငံရဲ့ အပြောင်းအလဲကို ပြည်သူတစ်ယောက် အနေနဲ့ ပါဝင်သင့်တဲ့ အတိုင်းအတာအရ ပါဝင်ရတဲ့ သဘော ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆိုက္ကားသမားတွေ ပင်ပန်းဆင်းရဲတယ်။ ကျွန်တော်တို့ အနေနဲ့ စိတ်ပိုင်းဆိုင်ရာတော့ အများကြီး လွတ်လပ်မှု ရှိပါတယ်။ ကျွန်တော်တို့ထက် အင်မတန်မှ ဆင်းရဲနိမ့်ကျတဲ့ လူတန်းစားတွေ အများကြီး မြန်မာပြည်နိုင်ငံ အနှံ့အပြားမှာ ရှိပါတယ်။ အခုအချိန်အထိ စစ်ဘေးဒုက္ခတွေကြားမှာ ခံစားနေရတုန်းပါပဲ။ စစ်ပွဲတွေ မရပ်ဘဲနဲ့။ နောက်ပြီးတော့ မြန်မာနိုင်ငံ အနှံ့အပြားက ပြည်သူလူထုတွေ ငါ့ဝမ်းပူစာ မနေသာလို့ နိုင်ငံအနှံ့အပြားမှာ ကျွန်ခံပြီးတော့ လုပ်ကိုင်စားရတဲ့ လူတန်းစားတွေ မြန်မာပြည်မှာ တစ်ပုံကြီးပါ။ အများကြီးပါ” ဟု ဆိုသည်။မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဆိုက္ကားဆရာ ဦးမိုးကျော်စွာက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ဆိုက္ကားဆရာများ အဖွဲ့အစည်းတစ်ခု ဖြစ်စေချင်သည်ဟု တင်ပြခဲ့သည်။“ကျွန်တော်တို့မှာ ယနေ့တိုင်အထိ အိုးပိုင်အိမ်ပိုင် မရှိသေးပါ။ အိမ်ငှားနဲ့သာ နေခဲ့ရပါတယ်။ ကျွန်တော် တင်ပြချင်တာ ဒါပါပဲ” ဟု ၎င်းက ဆိုသည်။လှိုင်သာယာမြို့နယ်မှ ဆိုက္ကားဆရာကြီး ဦးခင်လတ်က လှိုင်သာယာမြို့နယ်တွင် ဆိုက္ကားနင်းပြီး လုပ်ကိုင်စားသောက်နေသည့် လုပ်သား ၆၀၀၀ ကျော်ရှိကြောင်း၊ ဆိုက္ကား ၆၀၀၀ ကျော်ရှိသည့်အနက် တရားဝင် လိုင်စင်ဖြင့် ဆိုက္ကားအစီးရေမှာ ၁၄၀၀ ကျော်သာ ရှိကြောင်း၊ ထို့ကြောင့် ဆိုက္ကားနင်း လုပ်သားများ အနေနဲ့ လိုင်စင်မဲ့ ဆိုက္ကားများကို နင်းနေရသည့်အတွက် နောက်ကျောလုံခြင်းမရှိ ဖြစ်နေကြောင်း၊ သက်ဆိုင်ရာက လိုင်စင်မဲ့ ဆိုက္ကားများကို သိမ်းဆည်းပါက အသိမ်းခံရသူများ၏ မိသားစုများမှာ များစွာ ဒုက္ခရောက်ကြရ၍ လိုင်စင်မဲ့ ဆိုက္ကားများကို လိုင်စင်ချပေးရန် မေတ္တာရပ်ခံခဲ့ပြီး ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ အများအပြား ရှိနေသောကြောင့်လည်း ရှာဖွေ စားသောက်ရာတွင် အခက်အခဲများ ရှိသည်ဟု တင်ပြသည်။ဆိုက္ကားဆရာများ၏ တင်ပြမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “အားလုံး ခြုံငုံပြီးတော့ ပြောရမယ်ဆိုရင် နံပါတ်တစ်က လိုင်စင်ကိစ္စပါ။ လိုင်စင်ကိစ္စက ပြဿ နာကြီး ဖြစ်နေပါတယ်။ အဲဒီဟာကလည်း တကယ်တော့ မဖြေရှင်းနိုင်တဲ့ ပြဿနာ မဟုတ်ပါဘူး။ အဲဒါက တကယ်တော့ ဦးဆုံး ကိုင်တွယ်ရမယ့် ပြဿနာလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ နိုင်ငံ့အတွက် ဘာမှ ထူးထူးခြားခြား ကုန်ကျစရိတ် မရှိဘဲနဲ့ ဖြေရှင်းနိုင်မယ့် ပြဿနာတစ်ခုပါ။ အဲဒီတော့ ဒီလိုင်စင်ကိစ္စကတော့ ဒါဟာ အမှန်ပြောရရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက နေပြီးတော့ သန့်ရှင်းရင်၊ အဂတိလိုက်စားမှု မရှိရင် ဒီကိစ္စဟာ ဖြေရှင်းလို့ ခက်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါကိုတော့ ကျွန်မတို့ ပထမဦးဆုံး ကိုင်တွယ်မှာပါ” ဟု ပြောကြားသည်။မြို့နယ် အသီးသီးရှိ ဆိုင်ကယ်ကယ်ရီ ဆရာများနှင့် ဆွေးနွေးရန်အတွက် သက်ဆိုင်ရာ မြို့နယ်များရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များကို မှာကြားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်က “တင်ပြတဲ့ အထဲမှာ တကယ်ပဲ လောဘ အင်မတန်နည်းတယ်လို့ ကျွန်မ ပြောချင်ပါတယ်။ အဲဒါ အတွက်လည်း ကျွန်မ ဂုဏ်ပြုပါတယ်။ တချို့ဆိုရင် အရမ်းလိုချင်တာပဲ။ လောဘက အတောကို မသတ်ချင်ဘူး။ ဦးဝင်းထိန်ဆိုရင် စာတစ်စောင် ရောက်လာလို့ ဖောက်ဖတ်လိုက်တော့ ဘာများလဲဆိုတော့ ဝန်ကြီးတစ်နေရာ ပေးပါတဲ့။ အဲဒီလို ဟာမျိုးတွေက တော်တော်ကို စိတ်ပျက်စရာ ကောင်းတယ်။ ကျွန်မ ထပ်တလဲလဲ ပြောထားတယ်။ ဒီဝန်ကြီးရောဂါ မထကြနဲ့လို့ ပြောတဲ့အထဲက ဒီလိုဟာမျိုးတွေ ရှိတယ်။ အဲဒီတော့ ကျွန်မတို့ ဆရာကြီးတွေ တောင်းတာက အင်မတန်မှ နည်းပါတယ်။ ဒါက ပြည်သူပြည်သားတိုင်း အခြေခံရပိုင်ခွင့်ပါ။ ကိုယ့်ရဲ့ဘ၀ လုံခြုံမှုအတွက် အလုပ်လုပ်ပိုင်ခွင့် ပြည့်ပြည့်၀၀ ရဖို့အတွက်ပဲ တောင်းတာပါ။ မိသားစုဘ၀ လုံခြုံမှုအတွက် ဘာမှ ထူးထူးထွေထွေတောင်းတာ မဟုတ်ပါဘူး။ ကျွန်မတို့ ပြည်သူ အများစုကလည်း ဒီလိုပါပဲ လောဘမများဘူး။ လောဘများတဲ့လူ နည်းစုကတော့ တော်တော်နိုင်ငံကို ပြဿနာ ဖြစ်စေတယ်” ဟု ပြောကြားသည်။
ဆိုက္ကားနင်း လုပ်သားများထက် နိမ့်ကျသည့် ဘဝများ မြန်မာနိုင်ငံတွင် များစွာ ရှိနေ၍ နိုင်ငံ့ အပြောင်းအလဲအတွက် NLD ကို ဝန်းရံခဲ့ခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဆိုက္ကားဆရာများ ပြောကြား















