မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် The Daily Eleven သတင်းစာ၏ အယ်ဒီတာ ၁၇ ဦးအား တရားစွဲဆိုထားမှုကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းကတိုင်းတရားလွှတ်တော် တရားသူကြီးက အယ်ဒီတာ ၁၄ ဦးအား ဒဏ်ငွေ ကျပ် သုံးသောင်းစီ ပေးဆောင်ရန်နှင့် မပေးဆောင်ပါက ထောင်ဒဏ် တစ်လဟူ၍ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။တရားစွဲဆိုခဲ့သည့် အယ်ဒီတာ ၁၇ ဦး အနက် သုံးဦးမှာ The Daily Eleven သတင်းစာတွင် မရှိတော့သည့် အယ်ဒီတာများ ဖြစ်သောကြောင့် ယင်းသုံးဦးအား အမှုမှ ပယ်ခဲ့ပြီး ၁၄ ဦးကိုသာ အမိန့်ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် စွဲဆိုထားသော အမှုအား တိုင်းတရားလွှတ်တော်တွင် တရားသူကြီး ဒေါ်ခင်သင်းဝေက စစ်ဆေးခဲ့ပြီး တရားလိုဖြစ်သူ ပြန်ကြားရေး ဝန်ကြီးဌာနမှ နှစ်ဦး လာရောက်ခဲ့ကြောင်း သိရသည်။အမှုအား နှစ်ဖက် ရှေ့နေများရှေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကာ အယ်ဒီတာ တစ်ဦးလျှင် ငွေဒဏ် ကျပ် သုံးသောင်းဖြင့် စုစုပေါင်း ၁၄ ဦးအတွက် ငွေဒဏ် ချမှတ်ခဲ့မှုအား တိုင်းဒေသကြီး တရားလွှတ်တော်၌ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီ အချိန်က ပေးဆောင်ခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ် မတ် ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး၌ ဖော်ပြခဲ့သော “The Daily Eleven နှင့် Weekly Eleven News Journal တို့အား ပြန်ကြားရေး ဝန်ကြီးဌာနက တရားစွဲဆိုသော အမှုအတွက် တရားလိုပြ သက်သေကို စတင်စစ်ဆေး၊ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ၂၀၀၉ ခုနှစ်က ဈေးနှုန်း ယူရို ခုနစ်သိန်းဖြင့် ပုံနှိပ်စက် ဝယ်ယူခဲ့သည်မှာ မှန်ကန်ကြောင်း တရားလို ဦးကျော်စိုး ဝန်ခံထွက်ဆိုထား” ဟူသည့် သတင်း ခေါင်းစဉ်ကို ဖော်ပြခဲ့ခြင်းသည် တရားရုံးကို မထီမဲ့မြင် ပြုမှုဖြစ်စေသည်ဟုဆိုကာ ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ သမ္မန်စာဆင့်ဆို တရားစွဲခဲ့ခြင်း ဖြစ်သည်။“ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ အစိုးရရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကနေပြီးတော့ CEO ဒေါက်တာ သန်းထွဋ်အောင် အပါအဝင် အယ်ဒီတာ ငါးဦးကို တရားစွဲထားတဲ့ အမှုမှာ တရားလိုနဲ့ လိုပြသက်သေတွေရဲ့ ထွက်ချက်ကို ဖော်ပြလို့ဆိုပြီးတော့ တရားရုံများ မထီမဲ့မြင်မှုနဲ့ တရားစွဲတာပေါ့။ အမိန့်ချတာက ဒီပြစ်မှုနဲ့ ငြိစွန်းတယ်ဆိုပြီး တစ်ယောက်ကို ဒဏ်ငွေ ကျပ်သုံးသောင်း ချလိုက်တယ်။ မဆောင်ရင် ထောင်တစ်လ ဆိုပြီးတော့ အမိန့်ချတယ်”ဟု The Daily Eleven သတင်းစာ၏ အယ်ဒီတာများဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်) က ပြောကြားခဲ့သည်။“ဒါကတော့ အမှုသာမန် ဖြစ်စဉ်ပေါ့။ ဖြစ်စဉ်ကို ပြောရရင် တရားရုံးမှာ ထွက်ဆိုတဲ့ ထွက်ချက်ကို ဖော်ပြလိုက်တယ်။ ကျွန်တော်ကတော့ အပြစ် မရှိဘူးလို့ ယုံတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဥပဒေအရ ပြောတာ။ တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေမှာ ကင်းလွတ်ခွင့် ပေးထားတဲ့ အခန်း (၃) မှာ ပါတယ်။ အဲဒါက ဘာလဲဆိုတော့ အမှုစီရင်ဆဲ အမှုတစ်ခုနဲ့ ပတ်သက်ပြီးတော့ အမှန်အတိုင်း ဖော်ပြတာဟာ တရားရုံးများ မထီမဲ့မြင်ပြုမှု မရောက်ပါဘူး။ အခုဟာက တရားလိုရဲ့ ထွက်ချက်တွေကို သူထွက်ဆိုချက် အတိုင်းပဲ ဖော်ပြထားတာပါ။ အခုလို အမိန့်ချခဲ့တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အဆင့်ဆင့် တက်မယ်။ ဆက်ပြီးတော့ တရားမျှတမှု ရတဲ့အထိပေါ့။ အဲဒီတော့ နောက်ဆုံး ပြည်ထောင်စု တရားလွှတ်တော်ချုပ် အထိအောင် သွားရမှာ။ ကျွန်တော့် သဘောပြောရရင် ဒီနေ့လက်ရှိ တရားစီရင်ရေးဟာ လွတ်လပ်တယ်လို့ မယုံကြည်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရကိုက အုပ်ချုပ်ရေးဘက်က ဝင်ရောက် စွက်ဖက်နေတဲ့ အပိုင်းတွေ အများကြီး တွေ့ရတယ်။ အခုဒါက အစိုးရနဲ့ဖြစ်တဲ့ အမှုမှာ တစ်မှုမှ ဆန့်ကျင်ဘက်က နိုင်တယ်ဆိုတဲ့ အမှုတစ်ခုမှ မတွေ့ရသေးဘူး။ ကျွန်တော့် ကိုယ်တွေ့ပဲ။ လယ်သမားပေါင်း ၅၀၀ ကျော် အမှုကို လိုက်ခဲ့တဲ့ အမှုတွေ ရှိတယ်။ အစိုးရ မတရား လုပ်တာကို ပြန်ပြီး တရားစွဲမယ်ဆိုရင် မရဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၅၇ (ခ) မှာ ပြဋ္ဌာန်းထားတာ ရှိတယ်။ နိုင်ငံတော် အစိုးရဆိုတာ အစိုးရ တစ်ရပ်အနေနဲ့ တရားစွဲခွင့် ရှိတယ်။ တရားစွဲ ခံပိုင်ခွင့်လည်း ရှိတယ်။ ဒါပေမဲ့ တိုင်းပြည် တစ်ပြည်မှာ အစိုးရ တစ်ရပ်က ဘယ်လောက် သန့်ရှင်းသလဲ၊ ဘယ်လောက် တည်ကြည် ဖြောင့်မတ်သလဲဆိုတာ အဲဒီတိုင်းပြည်ရဲ့ တရားစီရင်ရေးစနစ် ဘယ်လောက် လွတ်လပ်သလဲဆိုရင် အဲဒီ အစိုးရကို တရားစွဲခွင့်ရှိ မရှိနဲ့ တိုင်းကြရတာပေါ့။ ကျွန်တော်တို့ဆီမှာတော့ မဖြစ်နိုင်သေးပါဘူး။ အခုစွဲတဲ့ အမှုမှာဆိုရင် ပြန်ကြားရေး ဝန်ကြီးဌာနက အစိုးရကိုယ်စား စွဲတာပဲ ဖြစ်တယ်” ဟု The Daily Eleven သတင်းစာ၏ အယ်ဒီတာများဘက်မှ လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်) က ပြောကြားသည်။တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်သူ ဦးကြီးမြင့်ကလည်း “ဒီအမှုမှာ အားလုံးကို ပြစ်ဒဏ်တွေ ချမှတ်တာ ဥပဒေနဲ့ မညီဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီသတင်းကို ဖော်ပြလို့ ဒါကို တရားစွဲချင်တယ်ဆိုရင် ရေးတဲ့သူ၊ တာဝန်ရှိတဲ့ အယ်ဒီတာဆိုတာ ရှိမယ်။ ဒါပေမဲ့ ကျန်တဲ့ တာဝန်မရှိတဲ့ သူတွေကို အရေးမယူသင့်ဘူး။ ယခင်စီရင်ထုံးတွေမှာလည်း ဒီလို အမှုမျိုး၊ အမိန့်ချမှတ်မှုမျိုး မရှိခဲ့ဘူးလို့ ထင်တယ်။ အထက် တရားရုံးတွေ အခုလို တိုင်းအဆင့် တရားရုံးတွေ အနေနဲ့က ပိုပြီးစိစိစစ်စစ် ပြုလုပ်သင့်ပါတယ်။ ဒီအမှုမှာဆိုရင် တာဝန်မရှိတဲ့ သူတွေကိုပါ ရောပြီး အပြစ်ပေးလိုက်တာဟာ လွတ်လပ်တဲ့ တရားစီရင်ရေး အပေါ်ကို တစ်စုံတစ်ရာက သြဇာလွှမ်းမိုးနေသလား သံသယဖြစ်စရာ ရှိပါတယ်။ အဲဒီလိုမျိုး ဆိုရင်တော့ မျှတတဲ့ တရားစီရင်ရေး မဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။Eleven Media Group မှ ဂျာနယ်လစ် ၁၇ ဦးကို ပြန်ကြားရေး ဝန်ကြီးဌာနက တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲဆိုခြင်းအပေါ် Freedom House မှ စိုးရိမ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာ ဂျာနယ်လစ် ဖက်ဒရေးရှင်း (IFJ) နှင့် အရှေ့တောင် အာရှ ဂျာနယ်လစ် သမဂ္ဂ (SEAJU) က အပြင်းအထန် ကန့်ကွက်ကြောင်း ဇွန် ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။ထို့ပြင် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများအသင်း (WAN-IFRA) နှင့် ကမ္ဘာ့အယ်ဒီတာများ ဖိုရမ်က မြန်မာနိုင်ငံတွင် ဂျာနယ်လစ် ၁၇ ဦးကို တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲဆိုခြင်းအပေါ် ကန့်ကွက်ကြောင်း ဇွန် ၂၆ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ယခုအမှုနှင့် ပတ်သက်၍ Eleven Media Group ၏ Managing Director ဖြစ်သူ ဒေါက်တာသိန်းမြင့်က “ကျွန်တော်တို့ကို ဒီအမှုနဲ့ ပတ်သက်ပြီး ဒဏ်ငွေ ကျပ်သုံးသောင်း သို့မဟုတ် ထောင်ဒဏ် တစ်လဆိုပြီး အမိန့်ချတယ်။ ဒါဟာ မမျှတပါဘူး။ ဒီအတွက် အယူခံ တက်သွားပါမယ်။ ကျွန်တော်တို့ဘက်က တရားစွဲတဲ့ အခါတွေမှာတော့ လုံး၀ လက်မခံဘူး။ ကျွန်တော်တို့ကိုကျတော့ အမှုနဲ့ မဆိုင်တဲ့ သူတွေကိုပါ ပြစ်ဒဏ်တွေ ချတယ်။ တရားစီရင်ရေး စနစ်ကတော့ အခုထက်ထိ စိတ်ပျက်စရာ ကောင်းနေတုန်းပါပဲ” ဟု ပြောကြားသည်။ပြန်ကြားရေး ဝန်ကြီးဌာနမှ ဦးကျော်စိုးက တရားလို ပြုလုပ်၍ပင်The Daily Eleven သတင်းစာနှင့် Weekly Eleven News Journal တို့မှ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ ဒုတိယ အယ်ဒီတာချုပ်နှင့် အမှုဆောင် အယ်ဒီတာတို့ အပါအဝင် စုစုပေါင်း ငါးဦးကိုလည်း နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသေးသည်။
တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲ ခံထားရသော The Daily Eleven သတင်းစာ၏ အယ်ဒီတာ ၁၇ ဦး အမှုအား ဒဏ်ငွေ ကျပ်သုံးသောင်းစီ ပေးဆောင်ရန်နှင့် မပေးဆောင်ပါက ထောင်ဒဏ်တစ်လ ဟူ၍ မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်မှုကို အယူခံတင်မည်