ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်တွင် သေဒဏ် ချမှတ်ခြင်း ခံထားရသည့် မြန်မာနှစ်ဦးနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် လူတစ်ထောင်ကျော်သည် ဒီဇင်ဘာ ၂၅ ရက်က ဆန္ဒပြခဲ့ကြသည်။သေဒဏ် ချခံရသည့် မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးနှင့် ပတ်သက်ပြီး ဆန္ဒ ထုတ်ဖော်ကြသည့် ပြည်သူများအား ရဲတပ်ဖွဲ့ဝင်များက ထိုင်းသံရုံး ဗီဇာထုတ်ပေးသည့် ဝင်ပေါက်ရှေ့သို့ မသွားရောက်နိုင်ရန် မနော်ဟရီ လမ်းပိုင်းအား သံဆူးကြိုး အကာအရံများ၊ ရဲအင်အားများဖြင့် ပိတ်ဆို့ထားခဲ့သည်။ ဆန္ဒပြသူများက ၎င်းတို့အား ဝင်ခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း ရဲတပ်ဖွဲ့က ဝင်ခွင့်မပေးခဲ့ပေ။ ထို့ကြောင့် ဆန္ဒပြကြသူများက ရန်ကုန်မြို့ ပြည်လမ်းပေါ်တွင် “We want Justice” “Free our citizens” “Save our People” စသည့် စာသားများ ရေးသားထားသည့် စာရွက်များ၊ သေဒဏ် ချခံထားရသူ နှစ်ဦး၏ ဓာတ်ပုံများ၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ ဆန္ဒပြခြင်းအပြင် နိုင်ငံတော် သီချင်းများ သီဆိုကာ ကြွေးကြာ်ဆန္ဒပြခဲ့ကြပြီး တရားမျှတမှု မရှိဘဲ သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြသည်။ဆန္ဒပြသူများထဲမှ သံဃာတော် အချို့အား ထိုင်းသံရုံးအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့ပြီး သံဃာတော်များက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်မှတဆင့် ထိုင်းဘုရင်ထံသို့ ပြစ်ဒဏ်ကို ပြန်လည် စိစစ်ပေးရန်အတွက်အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။ဆန္ဒပြရာ ထိုင်းသံရုံးရှေ့သို့ ရန်ကုန်မြို့ ပြင်ပရှိ နေရာများမှ ပြည်သူများလည်း လာရောက်ကာ အရပ်ဘက် အဖွဲ့အစည်းများ၊ အနုပညာရှင်များ လာရောက် ပူးပေါင်းခဲ့ကြသည်။ ဆန္ဒပြ ပြည်သူ အင်အားသည် တဖြည်းဖြည်း ပိုမို များပြားလာသည့်အတွက် ရန်ကုန်မြို့ ပြည်လမ်းမနှင့် အလုံလမ်းဆုံရာ မီးပွိုင့်မှ စတင်၍ ကားလမ်းကို ပိတ်ထားခဲ့ရသည်။ အဆိုပါ ဆန္ဒပြနေသည့် ပြည်သူများအား ရေသန့်ဘူးများ၊ စားစရာမုန့်များလည်း ဝေငှခဲ့ကြသည်။ထိုင်းသံရုံးရှေ့ ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးက “ကျွန်တော် အခုလိုလာပြီး ဆန္ဒပြတာက ထိုင်းအစိုးရရဲ့ ဥပဒေကို မကျေနပ်လို့ လာခဲ့တာ။ ဒီအင်န်အေ စစ်ဆေးချက် မတူညီဘူးလို့ အရင်တုန်းက ထုတ်ပြန်ထားပြီးမှတူပါတယ်လို့ ပြန်လုပ်ပြီး သေဒဏ် ပေးခံရတာ။ ထိုင်းနိုင်ငံက ရဲတွေက လူသတ်မှု မကျူးလွန်တဲ့ အပြစ်မဲ့တဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို မတရား စွပ်စွဲခဲ့တာပါ။ ဒီအမှုမှာ သူတို့နှစ်ယောက်က အပြစ်မဲ့ စတေးခံလိုက်ရတာ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားကို သေဒဏ်ပေးခဲ့တဲ့ တရားသူကြီးကိုကော ထိုင်းအစိုးရကိုကော လုံးဝကို မကျေနပ်ဘူး။ နောက်တစ်ခု ပြောချင်တာက တရုတ်နိုင်ငံသားတွေ သစ်ခိုးလို့ ထောင်ကျတော့ ရက်ပိုင်းနဲ့ ပြန်လွှတ်ပေးပြီးတော့ ကိုယ့်နိုင်ငံသားတွေ သေဒဏ်ချခံရတာကို ကျွန်တော်တို့ မြန်မာနိုင်ငံက အစိုးရ တာဝန်ရှိသူတွေ ထိုင်းနိုင်ငံဘက်ကို ဘယ်လို တုံ့ပြန်မလဲဆိုတာ စောင့်ကြည့်နေမယ်” ဟု ဆိုသည်။မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ ထိုင်းသံအမတ်က မြန်မာနိုင်ငံသားများ ဆန္ဒပြ တောင်းဆိုနေသည်များကို ထိုင်းအစိုးရထံ အမြန်ဆုံး ပေးပို့သွားမည်ဟု မွန်းလွဲ ၂ နာရီခန့်က လာရောက် ပြောကြားခဲ့ကြောင်း သိရပြီး ညနေ ၄ နာရီကျော်ခန့်တွင် ဆန္ဒပြသူများထဲမှ ငါးဦးအား ထိုင်းသံရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့် ပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနှစ်ဦးအား အမြန်ဆုံး လွှတ်ပေးရန် တက်ကြွလှုပ်ရှားသူများက ဒီဇင်ဘာ ၂၅ ရက်က ဆန္ဒပြ တောင်းဆိုနေစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)“ကျွန်တော်တို့ကို ဒုသံအမတ်နဲ့ ပေးတွေ့တယ်။ ကျွန်တော်တို့က သေဒဏ်ချခံရတဲ့ ဒီအမှုကို ပြန်လည် စိစစ်ပေးဖို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့တယ်။ ပြီးတော့ မြန်မာနိုင်ငံသား နှစ်ယောက်ကိုလည်း ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုခဲ့တယ်။ ဒုသံအမတ်က ဘာပြောလဲဆိုရင် သူက ကျွန်တော်တို့ တောင်းဆိုတာ မှန်သမျှကို ထိုင်းဝန်ကြီးချုပ်ဆီကို ပြန်ပြီးတော့ တင်ပြပေးမယ်လို့ ပြောတယ်။ သေဒဏ် ချခံရသူ နှစ်ဦးကိုတော့ ပြန်လွှတ်မလွှတ်ဆိုတာ သူအာမမခံနိုင်ဘူးလို့ ပြောတယ်။ ဘာလို့လဲဆိုတော့ သူက ဒုတိယ သံအမတ်တစ်ယောက် ဖြစ်နေတဲ့အတွက် ပြန်လွှတ်ပေးပါ့မယ် ဆိုတဲ့ဟာကို အာမခံနိုင်ဘူးလို့ ပြောတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး အတွင်းသို့ ဝင်ရောက်ခွင့် ရရှိခဲ့သူ တစ်ဦးက ပြောကြားသည်။သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးနှင့် ပတ်သက်၍ သံရုံးအနီးနားတွင် ဆန္ဒပြကြသည့် ပြည်သူများထဲမှ သံဃာတော် အချို့နှင့် ပြည်သူ ၂၀၀ ခန့်သည် ချမှတ်ခံထားရသည့် သေဒဏ်မှ လွတ်မြောက်ရန်အတွက် ရွှေတိဂုံ စေတီသို့ သွားရောက်ကာ ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။ရွှေ့ပြောင်း မြန်မာလုပ်သား နှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ တရားမဝင် နယ်စပ် ဖြတ်ကျော်မှု၊ တရားမဝင် နေထိုင်မှု၊ ခိုးမှု၊ သက်သေခံပစ္စည်း ထိမ်ချန်မှု အပါအဝင် အမှုခုနစ်မှုဖြင့် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ကော့စမွီခရိုင် တရားသူကြီးက အမှုခုနစ်ခုလုံးအတွက် သေဒဏ်နှင့် ထောင်ဒဏ်နှစ်၂၀ တပေါင်းတည်း ကျခံရန် ချမှတ်ခဲ့သည်။ မျက်မြင်သက်သေ မရှိသည့် ယင်းအမှုတွင် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်မှာ ပြင်းထန်လွန်းသည့်အတွက် အယူခံတက်ရောက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးကျော်သောင်း ပြောကြားချက်များအရ သိရသည်။ လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် လိပ်ကျွန်း ကမ်းခြေ တစ်နေရာ၌ အသတ်ခံထားရသည့် အင်္ဂလန်နိုင်ငံသား ဒေးဗစ်မီလာနှင့် ဟန်နာဝှစ်သာရစ်တို့၏ ရုပ်အလောင်းအား ထိုင်းရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့သည်။ ယင်းသို့ အသတ်ခံရပြီးနောက် ထိုကျွန်းပေါ်ရှိ အလုပ်သမား ၂၀၀ ကျော်အား သံသယမှုဖြင့် ဒီအင်န်အေ စစ်ဆေးခဲ့ရာတွင်လည်း ပါဝင်ခဲ့သည်။ ထိုသို့ မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးအား ဒီအင်န်အေ စစ်ဆေးခဲ့စဉ်က ကိုက်ညီမှု မရှိဟုဆိုကာ ပြန်လည် လွှတ်ပေးခဲ့သည်။နောက်ပိုင်းတွင် နိုင်ငံတကာမှ ဖိအားပေးမှုများ ပေါ်ပေါက်လာခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့မှ ဝန်ခံသည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့ပြီး ကျွန်းပေါ်တွင် သရုပ်ပြရန် စေခိုင်းခဲ့သည်။ ဒီအင်န်အေ ပြန်လည် စစ်ဆေးရာတွင်လည်း ကိုက်ညီမှု ရှိသည်ဟု ပြန်လည် ထုတ်ပြန်ခဲ့ပြီး ယင်းသို့ သေဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။ ထိုအမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ ကိုင်တွယ်ပုံမှာ လုပ်ထုံးလုပ်နည်း မကျသဖြင့် နိုင်ငံတကာ စောင့်ကြည့်သူများ၏ ဝေဖန်မှုကို အပြင်းအထန် ခံခဲ့ရသည်။လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်တွင် မြန်မာနိုင်ငံသား နှစ်ဦးအား သေဒဏ် ချမှတ်ခဲ့သည့်အပေါ် ဒီဇင် ဘာ ၂၄ ရက် ညနေပိုင်းတွင် ထိုင်းသံရုံးရှေ့၌ အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက သေဒဏ်မှ ပြန်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ဒီဇင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့သို့ နံနက် ၁၀ နာရီတွင် ထပ်မံ၍ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဆန္ဒပြ ပြည်သူအချို့၏ ပြောကြားချက်များအရ သိရသည်။ မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့တွင် ဒီဇင်ဘာ၂၅ ရက် နံနက် ၁၀ နာရီကျော်က အသက် ၅၀ ကျော် အမျို းသားကြီး တစ်ဦးသည် ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင်ခဲ့သော မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦး၏ အမှု၌ ထိုင်းနိုင်ငံ တရားရုံးက သေဒဏ် ချခဲ့ခြင်းကို မကျေနပ်သဖြင့် နိုင်ငံခြားသားများ ဝင်ထွက်သွားလာနေသော မြို့မတံတားရှေ့မှ စတင်ကာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ တစ်ကိုယ်တော် ဆန္ဒပြသူသည်The World Wants REAL Justice ဇော်လင်းနှင့် ဝင်းဇော်ထွန်း “ချက်ချင်းလွှတ်” Thailand လူသတ်နိုင်ငံ၏ တရားဥပဒေ ပြန်လည်ပြင်ဆင်ပါဟု ရေးသားထားသည့် စာသားများပါသော ဆိုင်းဘုတ်ကို ချိတ်ဆွဲကာ လော်စပီကာဖြင့် ဟစ်ကြွေးလျက် တစ်ကိုယ်တော် ဆန္ဒပြခြင်းကို ကော့သောင်းမြို့ အတွင်းရှိ အဝိုင်းပတ်နှင့် ရွှေဟသာၤရပ်ကွက် တောင်နောက် လမ်းဆုံတို့တွင် နံနက် ၁၁ နာရီကျော်အထိ နိုင်ငံသား တစ်ယောက်၏ အခွင့်အရေးအဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။