စစ်တွေမြို့၌ ငါးနှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သော စစ်ပြေးကို စစ်တရားရုံးမှ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပြီး အရပ်ဘက်သို့ လွှဲပြောင်းရာ စစ်တွေခရိုင် တရားရုံးတွင် တရားလိုပြ သက်သေတစ်ဦးအား စတင်စစ်ဆေး

စစ်တွေမြို့၌ ငါးနှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သော စစ်ပြေးကို စစ်တရားရုံးမှ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပြီး အရပ်ဘက်သို့ လွှဲပြောင်းရာ စစ်တွေခရိုင် တရားရုံးတွင် တရားလိုပြ သက်သေတစ်ဦးအား စတင်စစ်ဆေး
Published 23 December 2015
သန်းလှိုင် (စစ်တွေ)

အသက်ငါးနှစ်အရွယ် ကလေးငယ်အား အဓမ္မ ပြုကျင့်ခဲ့သော စစ်ပြေး၊ ဦးကျော်ကျော်မိုးအား စစ်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပြီး နယ်ရဲသို့ လွှဲပြောင်းပေးခဲ့ကာ ဒီဇင်ဘာ ၂၃ ရက်က စစ်တွေခရိုင် တရားရုံးတွင် တရားလိုပြ သက်သေဖြစ်သော ကလေးငယ်အား စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် တရားလိုပြ သက်သေတစ်ဦးအား ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် ညနေ ၅ နာရီခွဲခန့်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် (မီးလောင်ကွင်း) တွင် နေထိုင်သော မ. . . .၊ အသက်ငါးနှစ်၊ (ဘ) ဦး . . . . သည် အိမ်နောက်ဘက်တွင်ရှိသော ချုံပုတ်သို့ အိမ်သာတက်ရန် သွားရောက်စဉ် အိမ်နီးချင်းနေ ဦးကျော်ကျော်မိုး၊ အသက် ၅၀၊ (ဘ)ဦးကြည်ထွန်း၊ ဗမာဗုဒ္ဓ၊ ခမရ ၃၇၈ မှ တပ်ပြေးတစ်ဦး ဖြစ်သူက ကလေးမလေးအား ပါးစပ်ပိတ်ပြီး ချုံထဲသို့ ခေါ်ဆောင်သွားကာ အဓမ္မ ပြုကျင့်ခဲ့ကြောင်းနှင့် ထိုနောက်ပိုင်း ထွက်ပြေးလွတ်မြောက်လာပြီး မိခင်ဖြစ်သူအား တိုင်တန်းသဖြင့် မိခင်ဖြစ်သူက သမီးအား စစ်ဆေးကြည့်ရာ သွေးများကို တွေ့ရှိခဲ့ကြောင်းနှင့် ဒဏ်ရများကို တွေ့ရှိရသဖြင့် ပတ်ဝန်းကျင်အား အကူအညီ တောင်းခံခဲ့ရာ အိမ်နီးပတ်ဝန်းကျင်မှ လာရောက်ခြင်း၊ သက်ဆိုင်ရာက လာရောက် ဖမ်းဆီးခဲ့ကြောင်း၊ ကျူးလွန်ခံရသော ကလေးငယ်အား စစ်တွေဆေးရုံသို့ ချက်ချင်းတင်ပို့ကုသမှု ခံယူခဲ့ပြီးနောက် သုံးရက်အကြာတွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း သိရသည်။“ဒီနေ့တော့ ကလေးကို စစ်တယ်။ စစ်တွေခရိုင် တရားရုံးမှာ စစ်ဆေးတာပါ။ စစ်ဆေးပြီးတော့ လာမယ့် ၂၉ ရက်မှာ ကျွန်တော့ကို စစ်မယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ ကလေးငယ်ရဲ့ အဘိုးဖြစ်ပါတယ်” ဟု အဘိုးဖြစ်သူ ဦး -- က ပြောကြားသည်။ထိုဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာ တရားရုံးမှ ဦးကျော်ကျော်မိုးအား နိုဝင်ဘာ ၁၇ ရက်က စစ်ပြေးမှု အပါအဝင် တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်ခြင်းတို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း၊ ယင်းနောက် နယ်ရဲသို့ ၉ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း၊ ဒီဇင်ဘာ ၉ ရက်တွင် ရဲမှ တရားစွဲဆိုခဲ့ရာ မူလက ၃၇၆/၃၇၇ ဖြင့် တရားစွဲဆိုခဲ့သော်လည်း ယခုအခါတွင် ယင်းအမှုနှင့် ပတ်သက်ပြီး စစ်တွေမြို့၊ မြို့မရဲစခန်းမှ (ပ)၂၃၄/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၁၁/၃၇၆/၃၇၇ တို့အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။