ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၁၅၃၃၃ ဒသမ ၄၁ သန်း တောင်းခံထားပြီး ကြားဖြတ် ရွေးကောက်ပွဲ အသုံးစရိတ်အဖြစ် ကျပ် ၃၆၇၀ ဒသမ ၉၉ သန်း တောင်းခံထားကြောင်း သိရသည်။
ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ရငွေမှာ ခန့်မှန်းကျပ် ၁ ဒသမ ၂ သန်း ခန့်မှန်းထားကြောင်း၊ ယင်းရငွေများတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့် သတင်းစာ၊ စက္ကူရောင်းရငွေများ ပါဝင်ကြောင်း၊ သုံးငွေအနေဖြင့် သာမန်အသုံးစရိတ် ကျပ် ၁၃၈၂၉ ဒသမ ၅၉ သန်း၊ ငွေလုံးငွေရင်းအသုံး စရိတ်တွင် ကျပ် ၁၅၀၃ ဒသမ ၈၂ သန်းဖြစ်ပြီး စုစုပေါင်း ကျပ် ၁၅၃၃၃ ဒသမ ၄၁ သန်းဖြစ်ကြောင်း ဦးဝင်းကိုက ပြောကြားသည်။
သာမန်အသုံးစရိတ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လျာထားသည့် တွက်ချက်ငွေ ကျပ် ၃၆၇၀ ဒသမ ၉၉ သန်းကို ထည့်သွင်း တောင်းခံထားကြောင်း၊ ယင်းငွေအား ကြားဖြတ်ရွေးကောက်ပွဲရှိပါက သုံးစွဲရန်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအတွက် ဖယ်လိုက်ပါက သာမန်အသုံးစရိတ်သည် ၁၀၁၅၈ ဒသမ ၆၀ သန်းသာဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ကြည့်ပါက ယခင်နှစ်၏ သာမန်အသုံးစရိတ်မှာ အထွေထွေ ရွေးကောက်ပွဲအတွက် တောင်းခံငွေ မပါဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သာမန်အသုံးစရိတ်သည် ကျပ် ၅၇၇၃ ဒသမ ၃၆၁ သန်းဖြစ်ကြောင်း၊ အထွေထွေ ရွေးကောက်ပွဲအတွက် ကျပ်သန်းပေါင်း ၄၃၇၈ ဒသမ ၉ သန်းရှိခဲ့ကြောင်း ဦးဝင်းကိုက လွှတ်တော်သို့ ရှင်းလင်းသည်။
ယခုနှစ်အတွက် သာမန်အသုံးစရိတ် တောင်းခံငွေသည် ယခင်နှစ်ထက် ပိုမိုလာကြောင်း၊ တောင်းခံငွေများသည့် အဓိကအကြောင်းရင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ပြဋ္ဌာန်းချက်အရ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လစဉ်ချီးမြှင့်ငွေနှင့် ဥပဒေပါ အနည်းဆုံးဖြစ်သည့် ဥက္ကဋ္ဌတစ်ဦး၊ အဖွဲ့ဝင်နှစ်ဦး၊ သုံးဦးနှင့် တွက်ချက်ပြီး လစဉ်ချီးမြှင့်ငွေအဖြစ် ကျပ် ၄၃၉၁ ဒသမ ၆၄ သန်း ပိုမိုကုန်ကျခြင်း ဖြစ်ကြောင်း ပြောကြားသည်။
"ငွေလုံးငွေရင်း အသုံးစရိတ်အနေနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၇၂၉ ဒသမ ၉၀ သန်း ရရှိခဲ့ပါတယ်။ ယခုနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၁၅၀၃ ဒသမ ၈၂ သန်းဖြစ်တဲ့ အတွက် ၂၂၆ ဒသမ ၀၈ သန်းလျော့နည်းပြီး တောင်းခံထားခြင်း ဖြစ်ပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ်မှာတော့ မြို့နယ် ၄၀ မှာ ကော်မရှင်ရုံးတွေ တည်ဆောက်ဖို့အတွက် ကျပ် ၁၂၇၂ ဒသမ ၆ သန်းပါဝင်ပါတယ်"ဟု ဦးဝင်းကိုက ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မူဝါဒ ရည်မှန်းချက် လုပ်ငန်းစဉ်များအနေဖြင့် လွှတ်တော်တစ်ရပ်ချင်းစီအတွက် အထွေထွေရွေးကောက်ပွဲများအား နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ဥပဒေနှင့်အညီ ကျင်းပရန်၊ လစ်လပ်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်မြေများအား ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပေးရန်၊ ရွေးကောက်ပွဲ အငြင်းပွားမှုများအား ဥပဒေနှင့်အညီ ဖြေရှင်းပေးရန်နှင့် နိုင်ငံရေးပါတီများအား ဥပဒေနှင့်အညီ ကြီးကြပ်ခြင်းများ ဆောင်ရွက်ရန် ရည်မှန်းချက် ထားရှိထားကြောင်း ဆက်လက် ရှင်းလင်းသည်။
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် ကျပ် ၃၆၇၀ ဒသမ ၉၉ သန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အသုံးစရိတ်တွင် တောင်းခံထား















