နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်သို့ ဒီဇင်ဘာ ၂၁ ရက်က တင်သွင်းခဲ့သည်။အဆိုပါ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ အသက်အန္တရာယ်နှင့် ကိုယ်ကာယကို ထိခိုက်ခြင်းမှ ကြိုတင်ကာကွယ်ရေး သို့မဟုတ် ကာကွယ်နိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ရန်၊ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူအား မိသားစုနှင့်အတူ လုံခြုံစွာနှင့် စိတ်အေးသက်သာစွာ နေထိုင်နိုင်စေရန်နှင့် နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ပြီး နောက်ပိုင်းတွင် ထိုတာဝန်ကို ထမ်းဆောင်စဉ်က ဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့မှုများနှင့် စပ်လျဉ်း၍ အနှောင့်အယှက်ပေးခြင်း၊ အန္တရာယ်ပြုခြင်းတို့မှ ကာကွယ်ရန်အတွက် ရည်ရွယ်ရေးဆွဲခြင်းဖြစ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက လေ့လာစိစစ်၍ ဥပဒေကြမ်းတွင် ပါရှိသော ‘သက်ဆိုင်ရာ ဝန်ကြီးဌာန’ ဆိုသည့် စကားရပ်ကို ‘ဝန်ကြီးဌာန’ ဟု လည်းကောင်း၊ ‘ကိုယ်ရံတော်အဖွဲ့ ဆိုသည်မှာ ကိုယ်ရံတော် ဦးဆောင်သည့် ဤဥပဒေအရ သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ပေးအပ်သော တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်ကို ဆိုလိုသည်’ ဆိုသည့် စကားရပ်ကို ကိုယ်ရံတော်အဖွဲ့ ဆိုသည်မှာ ကိုယ်ရံတော် ဦးဆောင်သည့် ဤဥပဒေအရ ဝန်ကြီးဌာနက တာဝန်ပေးအပ်သော ရဲတပ်ဖွဲ့တို့ကို ဆိုလိုသည်’ ဟု လည်းကောင်း၊ ‘သက်ဆိုင်ရာ ဝန်ကြီးဌာန ဆိုသည်မှာ ကာကွယ်ရေးဝန်ကြီးဌာန သို့မဟုတ် ပြည်ထဲရေး ဝန်ကြီးဌာနကို ဆိုလိုသည်’ ဆိုသည့် စကားရပ်ကို ‘ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထဲရေး ဝန်ကြီးဌာနကို ဆိုလိုသည်ဟု’ လည်းကောင်း၊ လုံခြုံစွာနှင့် စိတ်အေးသက်သာစွာဆိုသည့် စကားရပ်ကို လုံခြုံအေးချမ်းစွာဟု လည်းကောင်း၊ လုံခြုံရေး အကာအကွယ်ပေးခြင်းကို နိုင်ငံတော် သမ္မတရာထူး သက်တမ်းကုန်ဆုံးသည့် နေ့ရက်မှစ၍ ရာသက်ပန် ခံစားခွင့်ရှိသည့် စကားရပ်တွင် ‘ရာသက်ပန်’ စကားရပ်ကို ပယ်ဖျက်ခြင်းဖြင့် လည်းကောင်း ပြင်ဆင်သင့်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။ဥပဒေကြမ်းပါ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူက နိုင်ငံတော် သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်း မရှိစေရဟူသော အချက်ကို အဆိုပြုချက်အတိုင်း ထားရှိရန် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။အဆိုပါ အချက်နှင့် ပတ်သက်၍ ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က “သမ္မတကြီးအတွက် အဆောင်အယောင်၊ သမ္မတကြီးရဲ့ ခံစားခွင့်တွေနဲ့ စရိတ်တွေကအစ ဥပဒေအရ ပေးပြီးသွားပြီးပြီ။ ဒါကို သမ္မတဖြစ်နေစဉ် သက်တမ်းမှာ ဆောင်ရွက်ချက်တွေကို အရေးမယူရဘူး ဆိုတာဟာ ဥပဒေဘောင်ကို ကျော်လွန်ပြီးတော့ ဆောင်ရွက်ခဲ့တာ ရှိခဲ့ရင် အရေးယူတာ ရှိရမှာ။ ဒီဟာက သူ့အတွက် ကာဗာယူတာ များလွန်းတယ်လို့ ထင်တယ်။ ဒါ လွှတ်တော်ထဲမှာ သေချာ ပြန်ဆွေးနွေးရဦးမယ့် ကိစ္စပါ။ ကျွန်မတို့လည်း လွှတ်တော်မှာ ဆွေးနွေးဦးမှာပါ” ဟု ပြောကြားသည်။လက်ရှိတွင် ဥပဒေကြမ်းအား လွှတ်တော်မှ လက်ခံရရှိကြောင်းနှင့် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာ ဖတ်ကြားခြင်း အဆင့်သာ ရှိနေသေးကြောင်း ဥပဒေကြမ်း ကော်မတီဝင် ဦးသိန်းထွန်းဦးက ပြောကြားသည်။“တာဝန်အရ ဆောင်ရွက်တယ်ဆိုတဲ့ နေရာမှာ ဥပဒေကြမ်း တစ်ခုကို အတည်ပြုဖို့ တာဝန်အရ လက်မှတ်ရေးထိုးလိုက်ပြီ။ သို့သော်လည်း ဒီဥပဒေထဲမှာ မှားယွင်းမှု ဘာရှိလဲ။ ရှိတဲ့ဟာသည် သူသည် တာဝန်အရ ဆောင်ရွက်ခြင်းသာ ဖြစ်တယ်။ အဲဒီ ဥပဒေအရ လုပ်ဆောင်တဲ့ နေရာမှာ နောင်မှ ဒါဟာ မှားယွင်းပါတယ်လို့ ပြောလို့မရတဲ့ ဟာတွေကို ဆိုလိုရင်း ဖြစ်ပါတယ်။ တာဝန်အရဆိုတဲ့ အတွက် တာဝန်အရ မဟုတ်ဘဲ ဆောင်ရွက်တဲ့ အရာတွေကို တရားစွဲဆိုလို့ ရတယ်။ ဒီသဘောပါ။ သူ့ရဲ့ လုပ်ဆောင်မှုတွေက ဥပဒေနဲ့ တာဝန်အရ လုပ်ဆောင်ခဲ့တာ ဆိုရင်တော့ စွဲလို့မရဘူး။ ဒါကို ဆိုလိုတာပါ” ဟု ဦးသိန်းထွန်းဦးက ပြောကြားသည်။နိုင်ငံတော်သမ္မတ အနေဖြင့်လည်းကောင်း၊ သာမန်ပြည်သူတစ်ဦး အနေဖြင့် လည်းကောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ကာကွယ်ပေးထားပြီးဖြစ်ကြောင်း၊ ထိုသို့ ဥပဒေရေးဆွဲပါက ဒုသမ္မတများ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ လွှတ်တော်ဥက္ကဋ္ဌ စသည့် ပုဂ္ဂိုလ်များ အတွက်ပါ လုံခြုံရေးဆိုင်ရာ ဥပဒေများ မလိုအပ်ဘူးလားဟူသော မေးခွန်းထုတ်ဖွယ် ဖြစ်လာနိုင်ကြောင်း အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က ပြောကြားသည်။“ဒါက စိုးရိမ်ကြီးလွန်း မနေဘူးလားလို့ ပြောရမလို ဖြစ်နေပါတယ်” ဟု ဦးခိုင်မောင်ရည်က ပြောကြားသည်။
နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ တင်သွင်း















