ပြည်ပသို့ ခိုးထွက်ရန် ကြိုးစားသည့် ဘင်္ဂါလီ တစ်ဦးကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးရမိခဲ့မှုအား ဆက်လက် စစ်ဆေးရာမှ ၎င်းနည်းတူ အခြားဘင်္ဂါလီ နှစ်ဦးအား ဒလမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ ရက်က သတင်းရဲတပ်ဖွဲ့ (ရန်ကုန်) မှ ဒုရဲမှူး ညီညီသန်း ဦးစီးသော တပ်ဖွဲ့ဝင်များမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မိုးနိုင်လင်း အမည်ပါ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော ဖူဆွန်ဟား (ခ) ဟာလာဟူးဆောင်းအား ဖမ်းမိခဲ့ကြောင်း သိရသည်။ယင်းနောက် ၎င်းအား စစ်ဆေးရာ အခြားနှစ်ဦးမှာ သာကေတမြို့နယ် ၁/ထူပါရုံ ရပ်ကွက် ထူပါရုံ (၁၅) လမ်း အမှတ် (၈၁၉) ရှိ ဒေါ်စန်းစန်းမြင့် (ခ) ဒီဒီမာ (၄၈နှစ်) ၏နေအိမ်တွင် ရောက်ရှိ တည်းခိုနေကြောင်း သိရ၍ သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ယင်းသို့ သွားရောက်ရာ အဆိုပါ နေအိမ်တွင် တည်းခို နေထိုင်နေသည့် ဘင်္ဂါလီနှစ်ဦးအား ဒလမြို့နယ် ညောင်းကုန်းရပ်ကွက် မင်္ဂလာလမ်း အမှတ် (၇၈၄) ရှိ ဒေါ်တင်တင်အေး (ခ) မဟာစတာ (၄၃ နှစ်) ၏ နေအိမ်သို့ သွားရောက် ပို့ဆောင်ထားကြောင်း ပြောပြခဲ့သည်။ ထိုနေရာသို့ သွားရောက် ဖမ်းဆီးရာ ဇော်ဝင်း (ခ) မေရာဇူဟတ် (၁၄ နှစ်) ရခိုင်ပြည်နယ် မင်းပြားမြို့နေသူနှင့် ကျော်ကျော်ဦး (ခ) အာရ်ဖာတ်ကော်ရိမ်း (၁၃ နှစ်) ရခိုင်ပြည်နယ် မင်းပြားမြို့နေသူတို့အား ဖမ်းဆီးရခဲ့ကြောင်း သိရသည်။ယင်းနောက် ဆက်လက် စစ်ဆေးရာ ၎င်းတို့သုံးဦးမှာ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် လိမ်လည် လျှောက်ထား ရယူခဲ့ခြင်းဖြစ်ပြီး ထိုသို့ လျှောက်ထားနိုင်ရန်အတွက် အားပေးကူညီခြင်းများ ရှိနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရသဖြင့် သာကေတမြို့နယ် လဝကသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။ထို့နောက် လဝက တာဝန်ရှိသူများက ဘင်္ဂါလီ သုံးဦးကို နေအိမ်တွင် လျှို့ဝှက်စွာထားရှိပြီး ပြည်ပသို့ ခိုးထုတ်ရန် ကြိုးစားနေသူ ဒေါ်စန်းစန်းမြင့် (ခ) ဒီဒီမာအား ရဲစခန်းတွင် တိုင်တန်းခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်ကို သာကေတ မြို့မရဲစခန်းမှ (ပ)၇၁၆/၁၅ ပြစ်မှုပုဒ်မ ၃၆၅/၃၇၀ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပြည်ပသို့ ခိုးထွက်ရန် ကြိုးစားသည့် ဘင်္ဂါလီ တစ်ဦးကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိခဲ့ပြီး စစ်ဆေးရာ အခြားဘင်္ဂါလီ နှစ်ဦးအား ထပ်မံဖမ်းဆီးရမိ