ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံသူများကို ဒီဇင်ဘာ ၂၂ ရက် (ယနေ့) တွင် သာယာဝတီမြို့နယ် တရားရုံး၌ (၃၁) ကြိမ်မြောက် ရုံးချိန်းအဖြစ် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် ရုံးချိန်းတွင် တရားလို ရဲမှူး ဖုန်းမြင့်အား စစ်ဆေးပြီးသွားသော်လည်း ကိုကျော်ကိုကိုအား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းမျက်ကွယ်တွင် စစ်ဆေးခဲ့သည့် စစ်ချက်များကို အစမှ ပြန်လည် ဖတ်ပြကာ ရုံးရှေ့တွင် မှတ်တမ်းတင်မည် ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးလှမျိုးမြင့်ထံမှ သိရသည်။ဦးလှမျိုးမြင့်က “မနက်ဖြန် ကျရင်တော့ အသစ် ဘာမှစစ်ဖြစ်မှာ မဟုတ်ဘူး။ ကိုကျော်ကိုကို ကို ထပ်ပြီးဖမ်းမိတဲ့အတွက် သူ့မျက်ကွယ်မှာ စစ်ဆေးခဲ့တဲ့ စစ်ချက်တွေကို ရုံးရှေ့မှာ ဖတ်ပြပြီး ပြန်မှတ်တမ်းတင်ရမှာ ဖြစ်တဲ့အတွက် အစကနေပြန်ပြီး အမှုတွဲကို ဖတ်ပြရမှာပါ” ဟု ဒီဇင်ဘာ ၂၁ ရက်က ပြောကြားသည်။ဒီမိုကရေစီ ပညာရေးသပိတ်မှ ကျောင်းသားများနှင့် ဝန်းရံသူ ၇၀ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅ (ခ) တို့ဖြင့် ဖမ်းဆီး အမှုဖွင့်ကာ သာယာဝတီမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားလိုပြ သက်သေပေါင်း ၄၀ ကျော် တင်သွင်းထားကာ တရားလိုဖြစ်သူ ရဲမှူးဖုန်းမြင့်အား ဒီဇင်ဘာ ၈ ရက်တွင်မှ စစ်ဆေးမှု ပြီးဆုံးခဲ့သည်။သို့သော် တရားလိုပြ သက်သေများအား ထပ်မံ မစစ်ဆေးနိုင်သေးဘဲ ကိုကျော်ကိုကိုအား ထပ်မံဖမ်းမိသဖြင့် အမှုတွဲအား အစမှ ပြန်လည် ဖတ်ပြကာ ရုံးရှေ့တွင် မှတ်တမ်းတင်မည် ဖြစ်သဖြင့် နှစ်ပတ်ခန့် ကြာမြင့်နိုင်ဖွယ်ရှိကြောင်း သိရသည်။
ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံသူများကို ဒီဇင်ဘာ ၂၂ ရက် (ယနေ့) တွင် သာယာဝတီမြို့နယ် တရားရုံး၌ (၃၁) ကြိမ်မြောက် ရုံးထုတ်မည်