မော်လမြိုင်မြို့ မင်းရွာကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော သက်ငယ် မုဒိမ်းမှုနှင့် ပတ်သက်ပြီး ဒုတိယအကြိမ်မြောက် ရုံးချိန်းတွင် ကျူးလွန်ခံရသည့် မိန်းကလေးငယ်နှင့် တရားလိုပြ သက်သေတစ်ဦးအား စစ်ဆေး

မော်လမြိုင်မြို့ မင်းရွာကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော သက်ငယ် မုဒိမ်းမှုနှင့် ပတ်သက်ပြီး ဒုတိယအကြိမ်မြောက် ရုံးချိန်းတွင် ကျူးလွန်ခံရသည့် မိန်းကလေးငယ်နှင့် တရားလိုပြ သက်သေတစ်ဦးအား စစ်ဆေး
Published 21 December 2015
ဘိုဘိုမြင့်

မော်လမြိုင်ခရိုင် တရားရုံးတွင် ပြစ်မှုကြီး အမှတ် (၈၅/၂၀၁၅) ဖြင့် စစ်ဆေးလျှက်ရှိသော မော်လမြိုင်မြို့ မင်းရွာကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ် မုဒိမ်းမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ (၂၁) ရက်နေ့က ဒုတိယအကြိမ်မြောက် ရုံးချိန်းတွင် ကျူးလွန်ခံရသည့် အသက် (၁၀) နှစ်အရွယ် မိန်းကလေးငယ်နှင့် ၎င်း၏ အစ်မဖြစ်သူ တရားလိုပြ သက်သေတစ်ဦးအား စစ်ဆေးခဲ့ကြောင်း မော်လမြိုင်ခရိုင် ဒုခရိုင် ဥပဒေအရာရှိ ဦးမိုးညီထွဋ်၏ ပြောပြချက်အရ သိရသည်။“ဒီနေ့မှာ ရွာသစ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး တရားလိုပြ သက်သေတစ်ဦး စစ်ဆေးတယ်။ နောက်ပြီး အဓမ္မ ပြုကျင့်ခံရတယ်ဆိုတဲ့ မိန်းကလေးငယ်ကို စစ်ဆေးပါတယ်။ အဲဒီ မိန်းကလေးကို စစ်မေးတဲ့ အခါမှာ (၁၀) နှစ်အရွယ်ကလေး ဖြစ်တဲ့အတွက် (In Camera) တံခါးပိတ်ပြီးတော့ စစ်မေးပါတယ်။ တတိယအကြိမ် ရုံးချိန်းကို (၂၀၁၆) ဇန်နဝါရီလ (၁) ရက်နေ့ကို ရုံးချိန်း ထပ်ချိန်းပါတယ်” ဟု ဦးမိုးညီထွဋ်မှ ပြောကြားသည်။၎င်းက ဆက်လက်ပြီး “အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးက အရမ်းငယ်သေးတယ်ဆိုရင် သူ့ရဲ့အရှက်၊ ဂုဏ်သိက္ခာအရ (In Camera) တံခါးပိတ်ပြီး စစ်ဆေးလေ့ ရှိပါတယ်။ အဲဒီလို စစ်မေးခွင့် ရဖို့ အတွက်ကို တရားလိုဘက်ကနေပြီးတော့ တရားရုံးကို လျှောက်ထားရတယ်။ တရားသူကြီးရဲ့ စီမံမှုနဲ့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒါကတော့ သက်ငယ်မုဒိမ်းမှုမှ မဟုတ်ပါဘူး။ အခြားမုဒိမ်းမှုနဲ့ပတ်သက်ပြီးလည်း ကျူးလွန်ခံရသူရဲ့ဂုဏ်သိက္ခာအရ ဒီလိုပဲ တံခါးပိတ်ပြီး သီးသန့် စစ်မေးရတာတွေ ရှိပါတယ်” ဟု ရှင်းပြသည်။“ဒီနေ့ ရုံးချိန်းမှာ သမီးနဲ့ ညီမလေးကို စစ်မေးတယ်။ ညီမလေးကို စစ်မေးဖို့ လုပ်တော့ အခန်းတံခါးပိတ်ပြီး တရားသူကြီးရယ်၊ နှစ်ဖက်ရှေ့နေရယ်၊ ဥပဒေ အရာရှိရယ်၊ ညီမလေးရယ်ပဲ ထားပြီး ကျန်တဲ့လူတွေ ထွက်ရတယ်။ နောက်ပြီး ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ ဦးသောင်းတင်ဌေး (ခ) ချစ်ဇော် အသက် (၄၂) နှစ် (ဘ) ဦးသောင်းညွှန့်ဆိုသူနဲ့ ရဲတစ်ဦးကတော့ တရားခွင်ထဲမှာ ကျန်ခဲ့တယ်။ သမီးက ညီမလေး ကြောက်နေမှာစိုးရိမ်လို့ အထဲမှာ နေခဲ့မယ်လုပ်တော့ ဦးကြီးတစ်ယောက်က နင်ပါထွက်ဆိုလို့တရားခွင်ကနေ ထွက်ခဲ့ရပါတယ်” ဟု အဓမ္မမှု ကျူးလွန်ခံရသည့် မိန်းကလေး၏ ဝမ်းကွဲအစ်မဖြစ်သူ မသန်းသန်းစိုး မှပြောကြားသည်။    မော်လမြိုင်မြို့ မြိုင်သာယာနယ်မြေရဲစခန်းပိုင် မင်းရွာကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် စက်တင်ဘာလ (၂၇) ရက်နေ့က ဖြစ်ပွားခဲ့သော အသက် (၁၀) နှစ်အရွယ် မိန်းကလေးအား အသက် (၄၂) နှစ်အရွယ် အမျိုးသားတစ်ဦးမှ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့မှုအား ဒီဇင်ဘာလ (၇) ရက်နေ့က မော်လမြိုင်ခရိုင် တရားရုံးတွင် ပထမအကြိမ်အဖြစ် စတင်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ဒုတိယအကြိမ် ရုံးချိန်းအဖြစ် ထပ်မံစစ်ဆေးခဲ့ပြီးနောက် လာမည့် (၂၀၁၆) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။