စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦး အသက်ခံရမှုနှင့် ပတ်သက်၍ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်မှ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ပြီး လေ့လာစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ကော်မတီမှ အထောက်အထား အများစု ရရှိထားကာ တိကျခိုင်လုံသည့်အချက်အလက်များ ရရှိရန် စောင့်ဆိုင်းနေကြောင်း မူဆယ်မြို့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းမှ သိရသည်။မူဆယ်မြို့နယ် ကောင်းခါး ကျေးရွာတွင် အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် ကချင်ဆရာမနှစ်ဦး အမှုကိစ္စနှင့် ပတ်သက်၍ မူဆယ်ခရိုင် ရဲတပ်ဖွဲ့ရုံးမှ အမှုစစ်အဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့်အတူ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်မှ ၁၅ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တစ်နှစ်နီးပါး ကြာမြင့်သည်အထိ ကျုးလွန်သူများအား ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။“အမြန်ဆုံး အမှုမှန် ပေါ်ဖို့အတွက် အသင်းတော်ဘက်ကတော့ ကြိုးစားနေဆဲပါ။ ကော်မတီရဲ့ စုံးစမ်းလေ့လာမှုတွေအရ ကျူးလွန်မှုနဲ့ ပတ်သက်လို့ အထောက်အထား တော်တော်များများ ရထားပြီးပါပြီ။ ပိုပြီး တိကျခိုင်လုံတဲ့ အထောက်အထားတွေ ရဖို့ စောင့်နေတာပါ။ သေချာတဲ့ အချက်အလက်တွေရဖို့ ရဲတပ်ဖွဲ့ကို အကူအညီတောင်းပြီး လိုအပ်တဲ့ မေးခွန်းတွေ မေးမြန်းထားပါတယ်။ ရဲတပ်ဖွဲ့ဘက်က ပြန်ဖြေပေးတဲ့ အချိန်ကို စောင့်နေတာပါ” ဟု မူဆယ်မြို့ မုံးမောဝ်ဇုံနယ် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းမှ ဦးဇော်ရာက ပြောကြားသည်။ဆရာမနှစ်ဦးဖြစ်စဉ် အပါအဝင် ကော်မတီမှ ရရှိထားသည့် အထောက်အထားများ အခြေအနေနှင့် ပတ်သက်၍ လာမည့် ဇန်နဝါရီ ၁၉ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ တစ်ရပ်နှင့်အတူ တစ်နှစ်ပြည့် ဆုတောင်းပွဲကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။အကျိုးဆောင် စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦးသည် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ကြူကုတ် (ပန်ဆိုင်း) နယ်မြေ၊ ကောင်းခါး ကျေးရွာရှိ မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရင်း ဇန်နဝါရီ ၁၉ ရက် ညသန်းခေါင်ယံ အချိန်၌ ၎င်းတို့နေထိုင်ရာ ဘုရားကျောင်းဝင်းရှိ နေအိမ်၌ အဓ္ဓမပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး လာမည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် တစ်နှစ်ပြည့်မည် ဖြစ်ကြောင်း သိရသည်။
ကချင် ဆရာမနှစ်ဦး အသတ်ခံရမှု အမှုမှန် ပေါ်ပေါက်ရေး ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် စုံစမ်းစစ်ဆေးရေး ကော်မတီက အထောက်အထား အများစု ရရှိထားပြီး ခိုင်လုံသည့် အချက်အလက်များ ရရှိရန် စောင့်ဆိုင်းနေ