NLD က ဖွဲ့စည်းမည့် အစိုးရအနေဖြင့် ကချင်ပြည်နယ်၌ ဖားကန့်ကိစ္စအပါအဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် ပွင့်လင်းမြင်သာမှုရှိရေး ဦးစားပေးဆောင်ရွက်သင့်ကြောင်း ကချင်ပါတီများ အကြံပြု

NLD က ဖွဲ့စည်းမည့် အစိုးရအနေဖြင့် ကချင်ပြည်နယ်၌ ဖားကန့်ကိစ္စအပါအဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် ပွင့်လင်းမြင်သာမှုရှိရေး ဦးစားပေးဆောင်ရွက်သင့်ကြောင်း ကချင်ပါတီများ အကြံပြု
Published 20 December 2015
ကျော်ဇင်ဝင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖွဲ့စည်းမည့် အစိုးရအနေဖြင့် ကချင်ပြည်နယ်၌ ဖားကန့်ကိစ္စအပါအဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးရာတွင် ပွင့်လင်းမြင်သာမှုရှိရေး ဦးစားပေးဆောင်ရွက်သင့်ကြောင်း ကချင်ပြည်နယ်အခြေပြု ကချင်တိုင်းရင်းသားပါတီများက တိုက်တွန်းပြောကြားသည်။
 
ကချင်ပြည်နယ်တွင် ပြည်နယ်အခြေပြု တိုင်းရင်းသားပါတီများမှာ ပြည်နယ်လွှတ်တော်တွင် နေရာအနည်းငယ်သာ အနိုင်ရရှိခဲ့ပြီး အများစုမှာ ရှုံးနိမ့်သဖြင့် ၎င်းတို့ပါတီများအနေဖြင့် NLD ပါတီက အစိုးရတစ်ရပ် ဖွဲ့စည်းလာပါက ကချင်ပြည်နယ်တွင် မည်သည့်ပြဿနာများကို စတင်ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
“တန်းတူညီမျှရရှိဖို့ စီးပွားရေးတွေကိုလည်း အကုန်လုံး တစ်ပြေးတည်းဖြစ်ဖို့ လိုတာပေါ့။ ဥပမာ ကျွန်တော်တို့ ဖားကန့်နယ်မြေမှာဆိုရင် တခြား ကချင်မဟုတ်တဲ့သူတွေ က လွှမ်းမိုးပြီးမှ ချုပ်ကိုင်နေတဲ့ဟာမျိုး ဖြစ်တယ်။ ဒေသခံတွေက ဘာမှအကျိုးမရှိဘူး။ စီးပွားရေးတွေကို တန်းတူအခွင့်အရေး ပေးရမယ်။ ဒီစီမံကိန်းတွေကို ဖြန့်ပြီးမှ လုပ်ပေးရမယ်။ လွန်ခဲ့တဲ့အချိန်က ပါတီကြီးတစ်ခုက အကုန်လုံး လက်ဝါးကြီးအုပ်ပြီး လုပ်ကိုင်နေတဲ့အခြေအနေမျိုး ဖြစ်တယ်။ ဒါကြောင့် ဒီဟာမျိုးပဲဖြစ်တယ်။ သူတို့နဲ့ပတ်သက်တဲ့ စီးပွားရေးသမားတွေပဲ ရတဲ့ဟာမျိုးဖြစ်တယ်။ ပွင့်လင်းပြီးမှ မြင်သာမှုရှိတဲ့ ယှဉ်ပြိုင်မှုလုပ်နိုင်မယ့် စီးပွားရေးမျိုးဖြစ်စေချင်တယ်”ဟု ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။
 
ထို့ပြင် ကချင်ပြည်နယ်တွင် ရွှေတူးဖော်ရေး၊  ကျောက်စိမ်းနှင့် ပယင်းတူးဖော်ရေးလုပ်ငန်းများကို ခရိုနီလုပ်ငန်းရှင်များက ကြီးစိုးနေကြောင်း၊ ခရိုနီလုပ်ငန်းရှင်များ အနေဖြင့် ဒေသခံများ တစ်နိုင်တစ်ပိုင် လုပ်စားရမည့်အပေါ်တွင် ငွေအင်အား၊ ယန္တရားအင်အားနှင့် အစိုးရလုပ်ပိုင်ခွင့်တို့ဖြင့် စိုးမိုးထားသည်ကို ဒေသခံများအတွက် NLD က ဖွဲ့စည်းမည့်အစိုးရအနေဖြင့် ကောင်းမွန်မျှတ လုပ်ဆောင်ပေးရန်လိုကြောင်း ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်အထွေထွေအတွင်းရေးမှူး ဦးစီစီနော်ဂျာက ပြောကြားသည်။
 
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအချိန်မှာ ကျွန်တော်တို့ရဲ့ပြည်သူလူထုတွေ နောက်ပြီးတော့ တောင်သူလယ်သမားတွေ လယ်ယာတွေ အများကြီး အဓမ္မသိမ်းထားတာကိုလည်း NLD အနေနဲ့ မှန်ကန်မျှတစွာ သူတို့ လက်ထဲကို ပြန်ပြီးတော့ အပ်နံှနိုင်မယ်။ နေရာတွေကို လုပ်ပိုင်ခွင့်ပေးမယ်ဆိုရင် ပြည်သူလူထုတွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်စားသောက်လို့ရမယ်။ NLD ကိုလည်း အများကြီးဝန်းရံပြီးတော့ အားကိုးလာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ အဲဒီသုံးခုကိုတော့ NLD ကို အကြံပေးချင်ပါတယ်”ဟု ဦးစီစီနော်ဂျာက ပြောကြားသည်။
 
ထို့အတူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးမနာမ်တူးဂျာ (ဒေါက်တာတူးဂျာ) က ကချင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍအားလုံးကို ကိုင်တွယ်ရမည်ဖြစ်သော်လည်း လတ်တလော NLD က ဖွဲ့စည်းမည့် အစိုးရအနေဖြင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို စနစ်တကျဖြစ်စေရန်နှင့်  မြန်မြန်ဖြေရှင်းပေးရန် လိုကြောင်း ပြောကြားသည်။
 
“သဘာဝသယံဇာတ ကိစ္စပေါ့ဗျာ။ သယံဇာတပိုင်ရှင်တွေက ပြည်သူတွေ ဖြစ်တယ်။ ပြည်သူတွေရဲ့ အကျိုးစီးပွားမပါဘဲနဲ့ သံယဇာတတွေ ခိုးယူထုတ်ရောင်းစားနေတဲ့ဟာကို တားမြစ်ရမယ်။ စနစ်တကျ ကိုင်တွယ် ဖြေရှင်းရမယ်။ အခုလက်ရှိ ဖားကန့်မှာ အားလုံးလည်း ကြားနေရတာပေါ့။ ဖားကန့်မှာက အခုက ဒီမြေပြိုတော့ ရေမဆေးကျောက် ကောက်တဲ့သူတွေ အများကြီး မြေပိပြီး သေကုန်တာတွေရှိတယ်။ ဒါတွေကိုလည်း စနစ်တကျ သင်္ဂြိုဟ်တာတို့  စနစ်တကျ ဖြေရှင်းပေးတာတို့တွေမှာလည်း အားနည်းချက်တွေ အများကြီးရှိတယ်။ 
ပြီးလို့ရှိရင် အခုကုမ္ပဏီတွေက သူတို့လည်း အလုအယက် လုပ်နေကြတယ်။ သူတို့က ယန္တရားတွေအသုံးပြု။ ဒီရက်ပိုင်း၊ လပိုင်းအတွင်းမှာ တော်တော်လေး လုပ်နေကြတယ်။ အဲဒါကလည်း ပြောမယ်ဆိုရင် ပြည်သူအကျိုး ပါတာမဟုတ်ဘူး။ ကုမ္ပဏီတွေက လက်ရှိအစိုးရနဲ့ စာချုပ်ထားတာဆိုတော့  လက်ရှိအစိုးရ သက်တမ်းမကုန်ခင် ရသမျှလုပ်နေတဲ့သဘော ရှိတယ်။ ဒါတွေက အထိန်းအကွပ်မရှိ ကိုယ်လုပ်ချင်တဲ့အပိုင်း ကိုယ်လုပ်နေတာ တွေ့ရတယ်။ ဒါနောက်ဆုံးကျတော့ ပြည်သူပဲ နာတယ်လေ။ 
အဲဒီတော့ မြေပေါ်မြေအောက် သယံဇာတတွေကိုလည်း ပြည်သူအကျိုးအတွက် ဖြစ်စေချင်တယ်” ဟု ဦးမနာမ်တူးဂျာက  ပြောကြားသည်။
 
ထို့ပြင် NLD အနေဖြင့် ရေရှည်ဆောင်ရွက်ရမည့် နိုင်ငံရေးပြဿနာဖြစ်သည့် ပြည်တွင်းစစ်နှင့် ဖက်ဒရယ်အရေးကိစ္စကိုလည်း မေ့မထားရန်လိုကြောင်း ကချင်ပါတီများက အကြံပြုပြောကြားသည်။
 
ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁၈ နေရာ၌ NLD ပါတီက ၁၂ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက သုံးနေရာ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က တစ်နေရာ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက တစ်နေရာနှင့် အမျိုးသားလွှတ်တော်  ၁၂ နေရာတွင်  NLD ပါတီက ၁၀ နေရာ၊   တိုင်းရင်းသားစည်းလုံညီညွတ်ရေးပါတီက တစ်နေရာ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်က တစ်နေရာ အသီးသီးအနိုင်ရရှိထားသည်။
 
အလားတူ ကချင်ပြည်နယ်လွှတ်တော်  ၃၆ နေရာတွင် NLD ပါတီက ၂၂ နေရာ၊  ပြည်ခိုင်ဖြိုးပါတီက ခုနစ်နေရာ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီက သုံးနေရာ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(စဒက)က တစ်နေရာ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က နှစ်နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက တစ်နေရာတို့ဖြစ်ပြီး ဗမာ၊ ရှမ်း၊ လီဆူနှင့် ရဝမ်တိုင်းရင်းသား ကိုယ်စားလှယ်လေးဦးနေရာတွင်လည်း NLD ပါတီက အနိုင်ရှိထားသည်။
 

 

Most Read

Most Recent