ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်ခဲ့သည့် NLD အနေဖြင့် တာဝန်များ လွှဲပြောင်းခံယူပြီးနောက် မည်သည့်ပုံနှင့် ပြောင်းလဲမှုလုပ်မည် ဆိုသည်ကို ပြည်သူအားလုံးက ကြည့်နေမည် ဖြစ်ကြောင်း နားလည်ရန်လိုဟု NLD နာယက ဦးတင်ဦး ပြောကြား

ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်ခဲ့သည့် NLD အနေဖြင့် တာဝန်များ လွှဲပြောင်းခံယူပြီးနောက် မည်သည့်ပုံနှင့် ပြောင်းလဲမှုလုပ်မည် ဆိုသည်ကို ပြည်သူအားလုံးက ကြည့်နေမည် ဖြစ်ကြောင်း နားလည်ရန်လိုဟု NLD နာယက ဦးတင်ဦး ပြောကြား
Published 18 December 2015

ပြောင်းလဲဖို့ အချိန်တန်ပြီဟု ကြွေးကြော်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် တာဝန်များ ပြောင်းလွှဲခံယူပြီးနောက် မည်သည့်ပုံနှင့် ပြောင်းလဲမှု လုပ်မည်ဆိုသည်ကို တိုင်းရင်းသား ပြည်သူအားလုံးက ကြည့်နေမည်ကို နားလည် သဘောပေါက်ရန်လိုဟု ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ ကျင်းပသည့် NLD ရန်ကုန်တိုင်း အောင်နိုင်ရေးအတွက် ကူညီပံ့ပိုးသူများအား ဂုဏ်ပြုပွဲတွင် NLD နာယက ဦးတင်ဦးက ပြောကြားသည်။အဆိုပါ အခမ်းအနားတွင် ၂၀၁၅ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း NLD အောင်နိုင်ရေးအတွက် ပံ့ပိုးကူညီခဲ့သူ နှစ်ရာဝန်းကျင်အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်ဟု သိရသည်။အခမ်းအနားတွင် ဦးတင်ဦးက “အရေးကြီးတာက ဆက်လက်ပြီးတော့ တာဝန်ယူရမယ့် အခါမှာ ပြည်သူလူထုတွေကို ကြွေးကြော်ခဲ့တဲ့ အတိုင်းပဲ ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ အမှန်တကယ် ပြောင်းလဲဖို့ NLD ကိုမဲပေးကြစို့လို့ ပြောသွားတဲ့ဟာကို အခု သူတို့က ပြန်ပြီးတော့ ခင်ဗျားတို့ပြောခဲ့ပြီ။ ကျွန်တော်တို့ အောင်နိုင်ရေး အဖွဲ့အစည်းတွေ ကြိုးပမ်းခဲ့ပြီး အခုအောင်မြင်လို့ အခု ခင်ဗျားတို့ကို မဲထည့်လိုက်ပြီ။ ကျွန်တော်တို့ ကျွန်မတို့ ကျေပွန်သွားပါပြီ။ ကျေတော့ ကျေပွန်သွားတယ်။ ပူးပေါင်း ဆောင်ရွက်ဖို့ လုပ်စရာတွေတော့ အများကြီးပေါ့။ ကျေပွန်သွားပါပြီ ကဲ NLD တာဝန်တွေ ပြောင်းလွှဲခံယူပြီးတဲ့နောက် ဘယ်လိုပုံနဲ့ ပြောင်းလဲတာကို လုပ်မလဲ ဆိုတာကိုတော့ အားလုံးမျက်လုံးအစုံများ အားလုံးနဲ့ ဝိုင်းပြီးတော့ တိုင်းရင်းသား ပြည်သူလူထုက ကြည့်နေဦးမယ် ကြည့်နေတယ် ဆိုတာကိုတော့ နားလည် သဘောပေါက်ဖို့တော့ လိုပါတယ်” ဟု ပြောကြားသည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းများကို အစဉ်အလာအတိုင်း သောင်ပြိုကမ်းပြို အနိုင်ရရှိအောင် လုံးပန်းကြိုးပမ်းပေးကြသည့် အောင်နိုင်ရေး အဖွဲ့ဝင်အားလုံး အမှုဆောင် အဖွဲ့များအားလုံးနှင့် အနှေးယာဉ် လုပ်သားများနှင့် အငှားယာဉ်မောင်းများ အပါအဝင် စိတ်ဓာတ် တက်ကြွစွာ ပါဝင်ဆောင်ရွက်သူတွေ အားလုံးကို NLD နှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဂုဏ်ပြုကျေးဇူးတင်ကြောင်း ဦးတင်ဦးက ပြောကြားသည်။ဦးတင်ဦးက “အခုတစ်ခါမှာ ပါတီကြီးတွေ ယှဉ်ပြိုင်တဲ့အခါမှာ မဲတွေဟာ ကွဲကွဲပြားပြား ဖြစ်သွားမလားဆိုတာ အဘိုးတို့ အနေနဲ့ ပူပန်မိတာ။ သို့သော်လည်းပဲ ဥက္ကဋ္ဌကတော့ တစ်ခုတည်းသော စကားပဲ ပြောပါတယ်။ကျွန်မတို့ဟာ ရာခိုင်နှုန်းပြည့် အောင်မြင်ရမယ်။ အောင်မြင်မယ်လို့ ယုံကြည်တယ်လို့ အဲဒီတုန်းကတည်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သို့သော် ရာခိုင်နှုန်းပြည့်ဆိုတာက ၂၅ ရာခိုင်နှုန်းက ယူထားတဲ့သူတွေက အပေါ်က အမိန့်နဲ့ခန့်ပြီး ယူထားတော့ တကယ် ပြိုင်ရတဲ့အခါ ၇၅ ရာခိုင်နှုန်းကို ပြိုင်ရတာပါ။ ဒီ ၇၅ ရာခိုင်နှုန်းကို အပြတ်အသတ် အောင်ပွဲခံခဲ့တဲ့အထိ ဆောင်ရွက်ပေးခဲ့တဲ့ အောင်မြင်မှုဟာ နည်းတဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ ၉၀ တုန်းကထက် ကြားဖြတ်ရွေးကောက်ပွဲ တုန်းကထက် ပိုတောင် သမိုင်းဝင်ဖြစ်တဲ့ ရွေးကောက်ပွဲမှာ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ပေးခဲ့ကြတယ်။ အဲဒီကျေးဇူးဟာ အင်မတန်မှ  ကြီးမားပေတယ်။ ဒီကျေးဇူးတရားကို တုံ့ပြန်ရမယ်” ဟု ပြောကြားသည်။“ဒီလိုပဲ နောင်လာမယ့် ရွေးကောက်ပွဲတွေ ကြားဖြတ် ရွေးကောက်ပွဲတွေကလည်း ရှိဦးမှာပဲ ပေါ်လာဦးမှာပဲ။ အဲဒီမှာလည်းပဲ အရှိန်ရှိနေသေးတဲ့အတွက် ဆက်လက် အောင်မြင်အောင် လုပ်ပေးနိုင်ပါဦးမယ်။ လုပ်ပေးကြရဦးမယ် ဆိုတာကိုလည်း အားလုံး သဘောပေါက်ထားကြဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။“ဆက်လက်ပြီးတော့ ထားရှိရမယ့် စိတ်ဓာတ် ဒီနေ့တိုင်းပြည်မှာ အေးချမ်းချင်ပါတယ်။ လူတွေဟာ သိပ်အေးချမ်းချင်ပါတယ်။ အဘိုးတို့ အနေနဲ့လည်း အေးအေးချမ်းချမ်း အခြေအနေတွေကို နိုင်ငံမှာ သန္ဓေတည်ပေးသွားတယ် ဆိုတာကိုလည်း မြင်ချင်ပါတယ်။ ကြားချင်ပါတယ်။ ခိုင်မြဲအောင် သိသွားချင်ပါတယ်။ အဖွဲ့ချုပ်ဟာ ဘာပဲလုပ်လုပ် ရှေ့ဆက်လုပ်တဲ့ နေရာတွေမှာတော့ဖြင့် ချမှတ်ထားတဲ့ မူအတိုင်းပဲ တစ်ယောက်နဲ့တစ်ယောက် ရင်ကြားစေ့ပြီး သဟဇာတ ဖြစ်ဖို့နဲ့ ပိုမိုပြီးတော့ ငြိမ်းချမ်းတဲ့လမ်းကို အစဉ်တစိုက် ခံယူပြီးတော့ ငြိမ်းချမ်းသောနည်းနဲ့ ဆောင်ရွက်သွားမယ်ဆိုတဲ့ အနေအထားပါ” ဟုလည်း ဦးတင်ဦးက ပြောကြားသည်။

Most Read

Most Recent