ဖမ်းဆီးခံ ကျောင်းသားများအပေါ် ပြန်လည်စဉ်းစားပြီး ဖြေလျှော့ လွှတ်ပေးသင့်ကြောင်း လွှတ်တော်၌ ဆွေးနွေး

ဖမ်းဆီးခံ ကျောင်းသားများအပေါ် ပြန်လည်စဉ်းစားပြီး ဖြေလျှော့ လွှတ်ပေးသင့်ကြောင်း လွှတ်တော်၌ ဆွေးနွေး
Published 18 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသည့် နိုင်ငံတော် အစိုးရ အနေဖြင့် ဖမ်းဆီးခံ ကျောင်းသားများအပေါ် ပြန်လည် စဉ်းစားပြီး ဖြေလျှော့ လွှတ်ပေးသင့်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က လွှတ်တော်သို့ ဆွေးနွေး တင်ပြခဲ့သည်။အလုံ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က နေပြည်တော်တွင် ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အစိုးရအဖွဲ့မှ ပေးပို့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာအပေါ် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ စိစစ်လေ့လာ တွေ့ရှိချက် အစီရင်ခံစာကို ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း တင်ပြခဲ့ခြင်း ဖြစ်သည်။ပြည်ထောင်စု လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာ၌ ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီက “အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် နိုင်ငံရေး အကျဉ်းသားများနှင့် ဖမ်းဆီးခံ ကျောင်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ဆောင်ရွက်သင့်ကြောင်း” သဘောထားမှတ်ချက် ပြုခဲ့သည်။“အမျိုးသား ပညာရေး ဥပဒေကြမ်းကြီးဟာ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ စောစောက စေတနာ အမှန်နဲ့ ဆောင်ရွက်ကြတဲ့ ကျောင်းသား လူငယ်တွေကို ဒီအချိန်မှာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့ နိုင်ငံတော် အစိုးရ အနေနဲ့ ပြန်လည် စဉ်းစားပြီးတော့မှ ဖြေလျှော့လွှတ်ပေးသင့်တယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်” ဟု ဦးခိုင်မောင်ရည်က ပြောကြားသည်။အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံသူများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်က သာယာဝတီ မြို့နယ်တရားရုံး၌ အကြိမ် ၃၀ မြောက် ရုံးထုတ်ခဲ့ပြီး နောက်ရုံးချိန်းအား ဒီဇင်ဘာ ၂၂ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သတင်းရရှိသည်။ဒီမိုကရေစီ ပညာရေး သပိတ်မှ ကျောင်းသားများနှင့် ဝန်းရံသူ ၇၀ ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုးလကျော်ကြာ တရားရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။ရွေးကောက်ပွဲ ကျင်းပပြီးစီးပြီးနောက် အစိုးရသစ်အား ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းပေးနိုင်ရေး အလေးထား ဆောင်ရွက်သင့်ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် အဖွဲ့အစည်းများအား ပါဝင် လက်မှတ်ရေးထိုးစေရေး ယုံကြည်မှု တည်ဆောက်ကာ ဆက်လက် စည်းရုံး ဆောင်ရွက်သင့်ကြောင်း၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်း ပြည်သူ့ လွှတ်တော် ပြုပြင်ပြောင်းလဲရေး ကော်မတီက သဘောထား မှတ်ချက်ပြုထားသည်။ဦးခိုင်မောင်ရည်က “တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ စောစောက တင်ပြခဲ့တဲ့ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များ ဘယ်လို လုပ်ငန်းစဉ်တွေ ပါဝင်တယ်။ ဘယ်လို ဆောင်ရွက်တယ်ဆိုတာကို သိဖို့ လိုပါလိမ့်မယ်” ဟု ဆွေးနွေး ပြောကြားသည်။အစိုးရသည် နိုင်ငံတော် တာဝန်ကို စတင်တာဝန်ယူသည့် ၂၀၁၁ ခုနှစ်ကစပြီး ဒီမိုကရေစီ စနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ပေါ်ပေါက်ရန်အတွက် လိုအပ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ စိစစ်လေ့လာ တွေ့ရှိချက် အစီရင်ခံစာ၌ ဖော်ပြထားသည်။“နိုင်ငံအတွက် အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ပါတယ်ဆိုတဲ့ နေရာမှာ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များကို ဒီမှာရှာတဲ့အခါမှာ မတွေ့ပါဘူး။ ကျန်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆိုတာကိုတော့ တွေ့လည်းတွေ့တဲ့အပြင် သိလည်း သိရပါတယ်။ နိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တာ အပါအဝင် သတင်းမီဒီယာ လွတ်လပ်ခွင့်၊ သတင်းစာ လွတ်လပ်ခွင့်၊ ထုတ်ဝေခွင့်၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊ လူ့အခွင့်အရေး ပြဿနာများ လျော့ပါးစေလာမှု အပါအဝင် ပြစ်ဒဏ် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား အများအပြားကို လွတ်ငြိမ်းခွင့်ပေးခြင်း၊ ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေကို ဖျက်သိမ်း ပြင်ဆင်တယ်ဆိုတာတွေ ပါဝင်ပါတယ်” ဟု ဦးခိုင်မောင်ရည်က ဆက်လက် ဆွေးနွေးသည်။

Most Read

Most Recent