ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းသည့် ၂၀၁၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများကို ရက်ပိုင်းအတွင်း စတင်စစ်ဆေးမည်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းသည့် ၂၀၁၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများကို ရက်ပိုင်းအတွင်း စတင်စစ်ဆေးမည်
Published 18 December 2015

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများကို ရက်ပိုင်းအတွင်း စတင်စစ်ဆေးမည် ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ၏ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းသည့် အမှုငါးမှုရှိပြီး ဒီဇင်ဘာ ၂၁ ရက်မှ စတင်၍ ခုံရုံးဖွဲ့ စစ်ဆေးမည် ဖြစ်ကြောင်း ပြောကြားသည်။“အမှုက အစောပိုင်း တင်ထားတာက လေးမှုပါ။ အခု နောက်တစ်မှု ထပ်တိုးလာပါတယ်။ ပူတာအို ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) က ကန့်ကွက်လွှာတစ်မှု ထပ်တိုးတာပါ။ ဒီဇင်ဘာ ၂၁ ရက်မှာ သုံးမှု စစစ်မယ်။ နောက်တစ်ရက် ဒီဇင်ဘာ ၂၂  ရက်မှာ တစ်မှု၊ နောက် ဒီဇင်ဘာ ၂၈  ရက်မှာ နောက်ဆုံး တစ်မှု။ အားလုံး ငါးမှု စစ်သွားမှာပါ” ဟု ၎င်းက ပြောကြားသည်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခုံရုံးဖွဲ့ စစ်ဆေးမည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုလေးမှုမှာ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၅) ၏ အနိုင်ရ ကိုယ်စားလှယ်ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားပါတီမှ ဦးညီစိန်အား ယှဉ်ပြိုင် ရွေးချယ်ခံခဲ့သူ ပြည်ခိုင်ဖြိုး ပါတီမှ ဦးစိုင်းဆာလူက ကန့်ကွက်မှု၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) မှ အနိုင်ရ ကိုယ်စားလှယ်ဖြစ်သည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းအား ကချင်ပြည်နယ် ဆော့လော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ NLD ပါတီမှ ဦးစံဝေခေါင်လွမ်းက ကန့်ကွက်မှု၊ မချမ်းဘောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ အနိုင်ရသူ ဦးရားဝမ်ဂျုံအား ယှဉ်ပြိုင် ရွေးချယ်ခံခဲ့သူ NLD ပါတီမှ ဦးစောနွဲ့ခွန်ဆိုင်ခမ်းက ကန့်ကွက်မှုနှင့် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် အနိုင်ရသူ တအာင်း(ပလောင်) အမျိုးသား ပါတီမှ ဦးအေးမောင်နှင့် ယှဉ်ပြိုင် ရွေးချယ်ခံခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးစိုင်းသန်းစိန်အား ယှဉ်ပြိုင် ရွေးချယ်ခံခဲ့သူ ပြည်ခိုင်ဖြိုး ပါတီမှ ဦးဉာဏ်လင်းဦးက ကန့်ကွက်ခဲ့မှုများ ဖြစ်သည်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ထပ်မံတင်သွင်းလာခဲ့သည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုမှာ ကချင်ပြည်နယ် ပူတာအိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ အနိုင်ရသူ NLD ပါတီမှ ဦးဒိန်ခန်ဖုန် (ခ) ခန်လင်အား ယှဉ်ပြိုင် ရွေးချယ်ခံခဲ့သူ ပြည်ခိုင်ဖြိုး ပါတီမှ ဦးချန်းဂျောင်ဆားရ်က ကန့်ကွက်မှု ဖြစ်ကြောင်း သိရသည်။ကန့်ကွက်လွှာအမှု တင်သွင်းခြင်းနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ဥပဒေတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင် အဖွဲ့ခွဲက လွှတ်တော် ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့် နေ့မှစ၍ ရက်ပေါင်း ၄၅ ရက်အတွင်း လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူအား ယှဉ်ပြိုင် အရွေးခံသော မည်သည့် ကိုယ်စားလှယ်လောင်းကမဆို သို့မဟုတ် မည်သည့် မဲဆန္ဒရှင်ကမဆို ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင်သို့ ကိုယ်တိုင် သို့မဟုတ် စာဖြင့် အခွင့်အာဏာ လွှဲအပ်ထားသော ကိုယ်စားလှယ်က အမှုကုန်ကျစရိတ် ငွေကျပ်ငါးသိန်း ပေးသွင်း၍ ကန့်ကွက်လွှာ တင်သွင်းနိုင်ကြောင်း သိရသည်။ အဆိုပါ ကန့်ကွက်လွှာ တင်သွင်း တိုင်ကြားမှုများကို ရွေးကောက်ပွဲ ခုံအဖွဲ့ ဖွဲ့စည်းစစ်ဆေးရာတွင် တရားမဲ့ ပြုကျင့်မှုများ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိလျှင် ၎င်းအား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲ ဥပဒေတွင် ဖော်ပြထားသည်။၂၀၁၀ ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု တင်သွင်းမှု ၂၈ မှုရှိခဲ့ပြီး ကန့်ကွက်လွှာ အနိုင်ရမှု ငါးမှုသာ ရှိခဲ့သည်။ အလားတူ ၂၀၁၂  ကြားဖြတ် ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု တင်သွင်းမှု လေးမှုရှိခဲ့ပြီး အနိုင်ရရှိမှု တစ်မှုမျှ မရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent