“ကမ္ဘာပေါ်ရှိ လူဦးရေ သန်း ၂၀၀ ကျော်ဟာ သူတို့မွေးဖွားရာ မဟုတ်တဲ့ ပြင်ပနိုင်ငံတွေမှာ နေထိုင်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အပါအဝင်ပါပဲ” ဟု ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် ကိုရီးယား နိုင်ငံသား မစ္စတာ ဘန်ကီမွန်းက ဆိုသည်။နှစ်စဉ် ဒီဇင်ဘာ ၁၈ ရက်သည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ (International Migrants Day) ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ရွှေ့ပြောင်း အလုပ်သမားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုသော အားဖြင့် ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ် ဒီဇင်ဘာ ၁၈ ရက်ကို အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့အဖြစ် နိုင်ငံတကာက အသိမှတ်ပြုခဲ့ကြသည်။ယင်းအပြင် ဒီဇင်ဘာ ၁၈ ရက်သည် ရွှေ့ပြောင်း အလုပ်သမားများနှင့် ၎င်းတို့ မိသားစုဝင်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးသည့် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းကို အတည်ပြု ပြဋ္ဌာန်းခဲ့သော နေ့လည်းဖြစ်သည်။သို့ရာတွင် ကုလသမဂ္ဂ ပြဋ္ဌာန်းချက်ဖြစ်သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့ မိသားစုဝင်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးသည့် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းကို နိုင်ငံ အများစုက လက်မှတ်ရေးထိုးရန် တွန့်ဆုတ်နေခဲ့ကြသည်။ ထူးထူးခြားခြား ဆိုသလို ယခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့သည် ယင်းပဋိဉာဉ်စာတမ်း ၂၅ နှစ်ပြည့်လည်းဖြစ်သည်။ယမန်နှစ်ကလည်း မြန်မာပြည်တွင်းတွင် အရပ်ဘက် အဖွဲ့အစည်းများ စုပေါင်း၍ ‘Thanks Migrants’ ခေါင်းစဉ်ဖြင့် ရွှေ့ပြောင်းအလုပ်သမားများကို အသိအမှတ်ပြုသည့် အခမ်းအနားများ ကျင်းပခဲ့ကြသည်။ ပိုမို ကောင်းမွန်သည့် အနာဂတ် တစ်ခုအား မျှော်မှန်းကာ တစ်မြို့မှတစ်မြို့၊ တစ်နေရာမှ တစ်နေရာ၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အသီးသီး ရွှေ့ပြောင်းသွားလာခဲ့ကြသည်။နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့မှ သွားလာမှသာ ရွှေ့ပြောင်းအလုပ်သမား မဟုတ်ပေ။ မိမိဒေသတွင်း ပြည်တွင်း၌ တစ်မြို့မှ တစ်မြို့သို့ ရွှေ့ပြောင်းသွားလာခြင်းသည်လည်း ပြည်တွင်းရွှေ့ပြောင်း သွားလာသူများအဖြစ် အသိမှတ်ပြုသည်။ရွှေ့ပြောင်းသွားလာခြင်းသည် ပြစ်မှုတစ်ခု မဟုတ်ပေ။ သို့ရာတွင် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်းဖြစ်ရန် လိုအပ်သည်။ ပြည်ပပင် မဆိုထားနှင့်။ ပြည်တွင်း၌ပင် အလုပ်ကောင်းကောင်းရမည်၊ လစာကောင်းကောင်းရမည်ဟုဆိုကာ မသိနားမလည်သူများအပေါ် အမြတ်ထုတ်ကာ ရွှေ့ပြောင်းသွားလာမှုကို အခြေပြု၍ လူကုန်ကူးမှုများကို ကြုံတွေ့လာရသည်။ ရွှေ့ပြောင်းသွားလာသူများသည် လူကုန်ကူးသူများအတွက် အဓိက သားကောင်များ ဖြစ်လာခဲ့သည်။အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ လုပ်ခလစာ နည်းပါးမှု၊ စားဝတ်နေရေး အဆင်မပြေမှု၊ ပြည်တွင်းစစ် ဖြစ်ပွားမှုနှင့် အိမ်တွင်း အကြမ်းဖက်မှုများကြောင့် ပြည်တွင်းပြည်ပသို့ ပြောင်းရွှေ့အခြေချသူ များပြားလာခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏ အနာဂတ်များကို အလောင်းအစား ပြုလုပ်နေရသည်ဟု ILO က ဆိုသည်။ဥပဒေအရ အကာအကွယ်ပေးခြင်းနှင့် လုပ်သားရွှေ့ပြောင်းခြင်းဆိုင်ရာ ဥပဒေများ အကောင်အထည် ဖော်ဆောင်မှုများ၏ ကွာဟမှုများမှ ရွှေ့ပြောင်းအလုပ်သမားများအား အလောင်းအစားသဖွယ် ဖြစ်စေပြီး ယင်းကို နေအိမ်မှ မထွက်ခွာမီကပင် စတင် ကြုံတွေ့နေရသည်ဟု ဆိုသည်။ရွှေ့ပြောင်းလုပ်သား အများစုသည် လူစုဆောင်းခ သို့မဟုတ် ပွဲစားခများပေးရန် ငွေချေးရခြင်း သို့မဟုတ် ၎င်းတို့ပိုင်ဆိုင်မှုများ (ဥပမာ - မြေ သို့မဟုတ် အိမ်) အား ပေါင်နှံရခြင်းကြောင့် မိခင်နိုင်ငံက မထွက်ခွာမီကပင် အကြွေးများ တင်ရှိနေပြီး အလုပ်ကောင်း တစ်ခုကို ဘေးကင်းလုံခြုံစွာ ရောက်ရှိရေးအတွက် စတင်အလောင်းအစား ပြုလုပ်နေကြရသည်။ယင်းအပြင် ပြည့်ဝသော လုပ်ခလစာ မရရှိခြင်း၊ အမြတ်ထုတ် ခေါင်းပုံဖြတ်ခံရခြင်းများနှင့် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ ရမှုများအတွက် အာမခံ၊ လူမှုဖူလုံရေး၊ တရားမျှတရေးနှင့် အကူအညီများ ရယူနိုင်ရေးအတွက် ၎င်းတို့အား လက်ခံသည့် နိုင်ငံတွင် အလောင်းအစား ပြုလုပ်နေရပြီး ရွှေ့ပြောင်း အလုပ်သမားများသည် မှန်ကန်သည့် အထောက်အထား လက်မှတ်များ ရှိနေစေကာမူ စစ်ဆေးရေး ဂိတ်များတွင် ခြောက်လှန့်ငွေ တောင်းခံမှုကြုံရခြင်း၊ သဘောတူထားသည့် အလုပ်အကိုင်နှင့် လုပ်ငန်းခွင် အခြေအနေများ မရရှိခြင်းတို့ကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။ရွှေ့ပြောင်း အလုပ်သမားများသည် ၎င်းတို့ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ကူညီနေသူများ ဖြစ်သည်ကို အသိအမှတ် ပြုသင့်သည်။ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ခြင်းအားဖြင့် စီးပွားရေး ကြီးမားစွာ မြှင့်တင်ပေးနေပြီး အရှေ့အာရှနှင့် ပစိဖိတ်သို့ ရွှေ့ပြောင်းအလုပ်သမားများ၏ လွှဲပို့ငွေမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံ ၉၀ ကျော်အထိ ရှိသည်ဟု ILO က ဆိုသည်။ယခု လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့်ပင် ပြည်တွင်း၌ တစ်နေရာမှ တစ်နေရာ ပြောင်းရွှေ့အခြေချသူ များပြားလာခဲ့ပြီး နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည်လည်း ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန် စသည့် ပြည်ပနိုင်ငံ အသီးသီးသို့ ပြောင်းရွှေ့အခြေချလျက် ရှိသည်။မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းသွားလာမှုကို စီးပွားရေးတစ်ခုအဖြစ် လုပ်ဆောင်လာခဲ့သည်မှာ ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပြီဖြစ်သည်။ ရွှေ့ပြောင်းအခြေချမှုမှာ တဖြည်းဖြည်း ကြီးထွားလာရာ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှု ဖြစ်ရန်အတွက် အကာအကွယ် ပေးမှုများနှင့် အစီအစဉ်ပေါင်း များစွာ လိုအပ်လျက်ရှိသည်။ရွှေ့ပြောင်းသွားလာသူများသည် ယနေ့အချိန်အထိ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရဆဲဖြစ်သည်။ သို့ဖြစ်ပါ၍ ရွှေ့ပြောင်းအလုပ်သမားများကို အသိအမှတ်ပြုသောအားဖြင့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့မိသားစုဝင်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးသည့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို အတည်ပြု လက်မှတ်ရေးထိုးကြရန်နှင့် ဘေးကင်းလုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှု ဖြစ်ရေးအတွက် လုပ်ဆောင်ကြရန် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ကတစ်ဆင့် တိုက်တွန်းအပ်ပါသည်။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့
Most Read
Most Recent
16 hours ago









