၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွင်း ကုန်သွယ်မှုလိုငွေ ကျပ်ဘီလျံ ၃၁၀၀ ဖြစ်ပေါ်ခဲ့ပြီး အများဆုံး တင်ပို့သည့် ကုန်စည်များသည် သယံဇာတများ ဖြစ်နေခြင်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွင်း ကုန်သွယ်မှုလိုငွေ ကျပ်ဘီလျံ ၃၁၀၀ ဖြစ်ပေါ်ခဲ့ပြီး အများဆုံး တင်ပို့သည့် ကုန်စည်များသည် သယံဇာတများ ဖြစ်နေခြင်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး
Published 17 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် ကုန်သွယ်မှုလိုငွေ ကျပ် ၃၁၀၀ ဒသမ ၅၂ ဘီလျံ ဖြစ်ပေါ်ခဲ့ပြီး အများဆုံးတင်ပို့ခဲ့သည့် ကုန်စည်များသည် သယံဇာတများ ဖြစ်နေသည်နှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ဒီဇင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးခဲ့ကြသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အမျိုးသား အစီရင်ခံစာအရ ပြည်ပကုန်သွယ်မှု အခြေအနေတွင် ပို့ကုန်ရည်မှန်းချက်၏  ၁၀၈ ဒသမ ၃ ရာခိုင်နှုန်းကို အကောင်အထည် ဖော်နိုင်ပြီး သွင်းကုန်ရည်မှန်းချက်၏ ၁၁၅ ဒသမ ၄ ရာခိုင်နှုန်းကို အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ ကုန်သွယ်မှု ပမာဏ ရည်မှန်းချက်၏ ၁၁၂ ဒသမ ၄ ရာခိုင်နှုန်းကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး ကုန်သွယ်မှု တန်ဖိုးမှာ ၁၆၁၁၁ ဒသမ ၃၃၄ ဘီလျံဖြစ်ကြောင်းနှင့် ကုန်သွယ်မှု လိုငွေမှာ ကျပ် ၃၁၀၀ ဒသမ ၅၂ ဘီလျံ ဖြစ်ကြောင်း သိရသည်။
အစီရင်ခံစာအရ ပြည်ပသို့ ပို့ကုန်များအနက် အများဆုံး တင်ပို့ခဲ့သည့် ကုန်စည်များ ဖြစ်သည့် ရေနံထွက် သဘာဝဓာတ်ငွေ့မှ ကျပ် ၂၈၄၅၅၁၂ ဒသမ ၃ သန်း၊ လယ်ယာထွက်ကုန် ပစ္စည်းမှ ကျပ် ၁၆၈၆၉၀၁ ဒသမ ၈ သန်း၊ သတ္တုနှင့်တွင်းထွက် ပစ္စည်းများမှ ကျပ်  ၈၈၁၆၆၀ ဒသမ ၂ သန်း၊ စက်မှုကုန်ချော ပစ္စည်းများမှ ကျပ် ၅၇၈၉၇၄ ဒသမ ၄ သန်း၊ ရေထွက်ပစ္စည်းများမှ ကျပ် ၂၂၆၁၁၇ ဒသမ ၇ သန်း၊ သစ်တောထွက် ပစ္စည်းများမှ ကျပ် ၁၀၂၃၅၃ သန်း၊ တိရစ္ဆာန်ထွက် ပစ္စည်းများမှ ကျပ် ၃၆၆၅ ဒသမ ၆ သန်းနှင့် အခြားပစ္စည်းများမှ ကျပ် ၁၈၀၂၂၂ ဒသမ ၃ သန်း စုစုပေါင်း ကျပ် ၆၅၀၅၄၀၇ ဒသမ ၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အများဆုံး တင်ပို့သည့် ကုန်စည်များအနက် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုနှင့် တွင်းထွက် ပစ္စည်း၊ ရေထွက်ပစ္စည်းနှင့် သစ်တောထွက်ပစ္စည်းတို့၏ ပို့ကုန်များသည် နိုင်ငံ၏ ပို့ကုန်အားလုံး၏ ၆၂ ရာခိုင်နှုန်းတွင် ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ နိုင်ငံတစ်ခုလုံးရဲ့ ပို့ကုန်အားလုံးရဲ့ ၆၂ ရာခိုင်နှုန်းဟာ သယံဇာတတွေပဲ ဖြစ်နေတာကို ဖော်ပြနေတာ ဖြစ်တဲ့အတွက် ၆၂ ရာခိုင်နှုန်းအထိ အားကိုးနေရတဲ့ နိုင်ငံမှ သယံဇာတ ကျိန်စာမသင့်ရင် ဘယ်နိုင်ငံမှ မသင့်နိုင်ဘူးဆိုတာ ပေါ်လွင်နေတဲ့အချက် ဖြစ်ပါတယ်”ဟု သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းက လွှတ်တော်၌ ပြောကြားသည်။
အမျိုးသား စီမံကိန်း အစီရင်ခံစာအရ သစ်တော ကဏ္ဍ၌ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းပြီး ပထမခြောက်လပတ်အတွင်း နိုင်ငံပိုင်အခန်းမှ ကျွန်း ၁၅၆၂၉ ကုဗတန်နှင့် သစ်မာ ၃၆၉၉၈ ကုဗတန် ထုတ်လုပ် ခဲ့သည်ဟု ဖော်ပြထားသော်လည်း ပြည်ပသို့ နေ့စဉ် တရားမဝင် သစ်ခိုးထုတ်မှုများ ရှိနေကြောင်းနှင့် ယင်းကိစ္စရပ်များကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသင့်ကြောင်း ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ ကြသည်။
“ယခုနှစ်အတွင်း တွေ့ကြုံခဲ့သည့် ရေဘေး ဒုက္ခအပေါင်းဆိုရင် သစ်တော သယံဇာတတွေကို စည်းကမ်းမဲ့ ခုတ်ထွင်ပြီး ပြန်လည်စိုက်ပျိုးမှု မရှိခြင်းနဲ့ သတ္တုစည်းကမ်းမဲ့  တူးဖော်ခြင်းတွေဟာ အဓိက တရားခံ ဖြစ်ပါ တယ်။ သတ္တုကဏ္ဍရဲ့ တရားလွန် ဆောင်ရွက်နေမှုတွေကို နိုင်ငံတော်အစိုးရအနေဖြင့် ပြတ်ပြတ်သားသား အရေးယူသင့်သည် ဟူတဲ့ ပူးပေါင်းကော်မတီရဲ့သုံးသပ်ချက်တွေကိုလည်း ကျွန်မ လုံး၀ ထောက်ခံပါတယ်”ဟု မင်းကင်း မဲဆန္ဒနယ်မှ ဒေါ်ခင်မွှေးလွင်က အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ပြောကြားသည်။
ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဒေါ်စန္ဒာမင်းက “အမျိုးသားစီမံကိန်းတွင် တရားမဝင် သစ်ထုတ်လုပ်မှုများ ကာကွယ်တားဆီးခြင်း  စီမံကိန်း ထည့်ထားသော်လည်း အမှန်တကယ် ထိရောက်အောင် မဆောင်ရွက်နိုင်သေးလို့ နိုင်ငံတော်အစိုးရအနေနှင့် သတ်မှတ်ထားသော ဥပဒေများအတိုင်း နိုင်ငံခြားသား၊ နိုင်ငံသား မခွဲခြားဘဲ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သင့်ပါတယ်”ဟု ပြောကြားသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမခြောက်လပတ် ကုန်သွယ်မှု လိုငွေသည် ကျပ် ၂၃၈၆ ဒသမ ၈ ဘီလျံဖြစ်ရာ ယခုနှစ် ပထမခြောက်လပတ် လိုငွေသည် ယခင်နှစ် အလားတူ ကာလထက် ကျပ် ၇၁၃ ဒသမ ၇ ဘီလျံ ပိုမိုဖြစ်ပေါ်နေခြင်းကြောင့် တိုးမြှင့်လာသော လိုငွေပမာဏသည် ဖြစ်သင့်ဖြစ်ထိုက်သော ပမာဏ ဟုတ်မဟုတ်နှင့် မည်သို့ဆက်လက် ကုစားနိုင်မည့် နည်းလမ်းရှိသည်တို့ကို လွှတ်တော်သို့ အသိပေး ရှင်းလင်းသင့်ကြောင်း ပြည်ထောင်စု လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ကော်မတီက အစီရင်ခံစာတွင် သဘောထား မှတ်ချက်ပြုခဲ့သည်။
ထိုသို့ လိုငွေများ ဆက်တိုက် ဖြစ်ပေါ်နေခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်သော တစ်ဦးချင်း Free Permit ဖြင့် ကားတင်သွင်းမှုများနှင့် ဇိမ်ခံပစ္စည်းများ တင်သွင်းခြင်းကို ရပ်ဆိုင်းသင့်သည့် ကိစ္စများကို ရပ်ဆိုင်းနိုင်ရန်နှင့် မူဝါဒရေးရာအပိုင်းကို အမြန်ဆုံး ပြန်လည် သုံးသပ် စိစစ်သင့်ကြောင်း ကိုယ်စားလှယ်များနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီက လွှတ်တော်သို့ ပြောကြားသည်။

Most Read

Most Recent