မော်ဒယ် အေးချမ်းမြတ်မိုးအား သတ်ခဲ့သည်ဟု ယူဆရသောကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီး တရားစွဲ ခံထားရသော ဒဂုံမြို့နယ်နေ အံ့ဖြိုးပိုင်အား ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် အနောက်ပိုင်ခရိုင် တရားရုံး၊ခရိုင်တရားသူကြီး တရားခွင်၌ ဆက်လက် ရုံးထုတ်ခဲ့သည်။
ယင်းနေ့တွင်အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူအား အပြီးသတ် အမိန့်ချမှတ်ရန် ချိန်းဆိုခဲ့သော်လည်း တရားသူကြီးက ၎င်းမှာ ရောက်ရှိလာသည်မှာ မကြာသေးသည့်အတွက် အမှုတွဲကို သေချာဖတ်ရှု စစ်ဆေးရန် လိုအပ်သောကြောင့် လာမည့် ဒီဇင်ဘာ ၂၉ရက်တွင် အမိန့်ချမည်ဟု ပြန်လည် ချိန်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃ရက်က အမှုနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက် တရားရုံးသို့တင်ပြခဲ့ပြီး စွပ်စွဲခံရသူ၏ ရှေ့နေဖြစ်သူက ၎င်း၏ လျှောက်လဲချက်အား စာဖြင့်၊နှုတ်ဖြင့် တင်ပြ ခဲ့ကာ တရားလိုရှေ့နေဘက်မှ စာဖြင့်သာ တင်ပြခဲ့သည်။
စွပ်စွဲခံရသူ၏ ရှေ့နေက ၎င်း၏အမှုသည်မှာ သေဆုံးသူကို သေစေလိုခြင်း ရည်ရွယ်ချက်မရှိဘဲ မတော်တဆ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်၍ အမှုမှ တရားသေ လွှတ်ပေးရန်၊သို့မဟုတ် ၎င်းအမှုသည်အား ပုဒ်မ-၃၀၄ဖြင့် သက်ညှာစွာ အမိန့်ချပေးပါရန် လျှောက်တင်ထားကြောင်း သိရသည်။
မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေအဖြစ် သေဆုံးသူ၏ မိခင် ၊အမ၊အကို၊ အခင်းမဖြစ်မီ အေးချမ်းမြတ်မိုးနှင့်အတူ မုန့်ထွက်စားခဲ့သည့် သူငယ်ချင်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မှုခင်းဆရာဝန်ကြီးတို့အား တရားရုံးတွင် စစ်ဆေးခဲ့ပြီး စုစုပေါင်း သက်သေ ၁၅ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် စွပ်စွဲခံရသူဘက်မှ သက်သေအဖြစ် တရားရုံးသို့ တင်ပြခဲ့သည့်၎င်း၏သူငယ်ချင်းများ အပါအဝင် စုစုပေါင်း ၁၉ ဦး ဝန်းကျင်ကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
အံ့ဖြိုးပိုင်က အမှုနှင့်ပတ်သက်၍ ကိုယ်တိုင်ထွက်ဆိုရာ၌ အခင်းဖြစ် ဓားမှာ ၎င်းဓားမဟုတ်ဘဲ သေဆုံးခဲ့သူ အေးချမ်းမြတ်မိုး၏ ဓားသာဖြစ်ကြောင်း၊အေးချမ်းမြတ်မိုး လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားအား ဆွဲလုရာမှ သူမ၏လည်ပင်းကို ဓားဖြင့်ထိခိုက်မိခြင်းဖြစ်ကြောင်း တရားရုံးသို့ ထွက်ဆိုထားသည်။
အေးချမ်းမြတ်မိုးမှာ သွေးလွှတ်ကြောပြတ်၍ သေဆုံးရခြင်းဖြစ်ပြီး ယင်းကဲ့သို့သွေးလွှတ်ကြော ပြတ်ခြင်းကြောင့် ဆေးရုံသို့ အချိန်မီ ရောက်ခဲ့ပါကလည်း အသက်ရှင်နိုင်သည်/သေနိုင်သည် မပြောနိုင်ပါဟု တရားရုံးသို့ ထွက်ဆိုထားသည်။
စွပ်စွဲခံရသူ အံ့ဖြိုးပိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁)(ခ) ဖြင့် စွဲချက်တင်ကြောင်း တရားသူကြီးက အမိန့် ချမှတ်ခဲ့ပြီး စွပ်စွဲခံရသူ အံ့ဖြိုးပိုင်က ၎င်းမှာ အပြစ်မရှိကြောင်း ငြင်းဆိုထားကာ နှစ်ဖက် တရားရင်ဆိုင်နေသည်မှာ တစ်နှစ်ကျော်ရှိပြီ ဖြစ်သည်။
အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေသည့် မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံခဲ့ရသည့် အမှု စွပ်စွဲခံရသူအား အပြီးသတ် အမိန့်ချရန် ပြန်လည်ချိန်းဆို