ရွှေအတု လိမ်လည်ရောင်းချမှုဖြင့် တရုတ်နိုင်ငံသား သုံးဦးကို အလုံမြို့နယ်တရားရုံးက လိမ်လည်မှု ပုဒ်မ၊ လဝက အက်ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကြောင်း အမိန့်ချ

ရွှေအတု လိမ်လည်ရောင်းချမှုဖြင့် တရုတ်နိုင်ငံသား သုံးဦးကို အလုံမြို့နယ်တရားရုံးက လိမ်လည်မှု ပုဒ်မ၊ လဝက အက်ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကြောင်း အမိန့်ချ
Published 16 December 2015
ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်

ရန်ကုန်မြို့အတွင်း ရွှေအတု လိမ်လည်ရောင်းချမှုကြောင့် အင်းစိန်ထောင်၌ ချုပ်နှောင်ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား သုံးဦးအား အလုံမြို့နယ် တရားရုံး၌ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ရုံးထုတ်ခဲ့သည်။
 
ယင်းနေ့တွင် အလုံမြို့နယ်တရားသူကြီး က တရုတ်နိုင်ငံသားများဖြစ်သည့် YANG QUANFA (၅၉) နှစ်၊ YANG HUIPING (၄၄) နှစ်နှင့် ZHUHAIYUA (၄၃)နှစ် တို့ကို ပုဒ်မ -၄၂၀ (လိမ်လည်မှု)၊ ဗီဇာစည်းကမ်း ချိုးဖောက်မှုဖြင့် လဝက အက်ဥပဒေ ပုဒ်မ-၁၃ (၁) ဖြင့်ပါ စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
 
ထိုသို့ ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်မှုကို တရုတ်နိုင်ငံသား သုံးဦးက ၎င်းတို့တွင် အပြစ်မရှိကြောင်း စကားပြန်မှ တစ်ဆင့်ငြင်းဆိုခဲ့ပြီး တရားသူကြီးကလည်း စွဲချက်တင်ခံမှုနှင့် ပတ်သက်၍ အထက်တရားရုံးအဆင့်ဆင့်သို့ အယူခံလျှောက်ထားနိုင်ကြောင်း အသိပေးခဲ့သည်။
 
“စွဲချက်ဆိုတာကတော့ ရုံးရဲ့လုပ်ထုံးလုပ်နည်းအရ ရှင်းလင်းဖို့ တာဝန်ပေးလိုက်တာပါပဲ။ အမှုသည်တွေက မကျေနပ်လို့ အယူခံတက်ဆိုရင်လည်း အထက်တရားရုံး အဆင့်ဆင့်ကို တက်လို့ရပါတယ်။ ဒါကလည်း သူတို့နဲ့တိုင်ပင်ရဦးမှာပါ။ သူတို့ကို ရာကြီးအမှု ၂၈၅ က ပုဒ်မ -၄၂၀ (လိမ်လည်မှုရယ်)၊ နောက်တစ်ခုက ရာကြီး ၂၈၆ ဗီဇာစည်းကမ်းဖောက်လို့ လဝက အက်ပုဒ်မ-၁၃(၁) တို့နဲ့ စွဲချက်တင်တယ်။ စွပ်စွဲခံရသူတို့ကတော့ အပြစ်မရှိဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ လာမယ့် ရုံးချိန်းမှာတော့ တရားလိုပြသက်သေ တစ်ဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးမှာပါ”ဟု တရုတ်နိုင်ငံသားသုံးဦး၏ အကျိုးဆောင်ရှေ့နေ ဦးမြင့်စိုးက ပြောကြားသည်။
 
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အလုံမြို့နယ်၊ ဆင်မင်းဈေးရှေ့တွင် တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် YANGQUANFA  (၅၉)နှစ်၊ နိုင်ငံကူးလက်မှတ်အမှတ် E - ၁၈၃၇၆၈၁၀ နှင့် YANGHUIPING (၄၄) နှစ်၊ နိုင်ငံကူးလက်မှတ်အမှတ် E - ၃၄၆၀၉၄၂ ကိုင်ဆောင် သူတို့ကို အမေရိကန်ဒေါ်လာ တစ်သိန်းခန့် (မြန်မာကျပ်ငွေ သိန်းတစ်ထောင်ခန့်) နှင့် အတူ ဖမ်းဆီးရမိခဲ့ရာ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာပြသပြောဆိုနိုင်ခြင်း မရှိဘဲ အလုံမြို့နယ်အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရာမှ ရွှေအတုများ လိမ်လည်ရောင်းချနေခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
 
အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦးကို စစ်ဆေးရာမှ တစ်ဆင့်ကျန် တရုတ်နိုင်ငံသားတစ်ဦးဖြစ်သည့် ZHUHAIYUA (၄၃)နှစ် နိုင်ငံကူးလက်မှတ်အမှတ် (E - ၃၇၁၁၇၄၇၀) ကိုင်ဆောင်သူကို ကြည့်မြင်တိုင်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်ရှီးပြည်နယ်၊ လင့်ထရံမြို့နယ်၊ လွေ့ကျင်းမြို့၊ ချွမ်းထိုးရွာတွင် နေထိုင်သူများဖြစ်ကာ မြန်မာနိုင်ငံသို့ Business ဗီဇာဖြင့် ရောက်ရှိနေသူများဖြစ်ကြောင်း သိရသည်။ 
 

Most Read

Most Recent