မော်လမြိုင်မြို့၌ အသက် ၇၀ အရွယ် အမျိုးသားကြီးက လေးနှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်မှုနှင့် ပတ်သက်၍ (၁၇) ကြိမ်မြောက် ရုံးချိန်းတွင် နယ်မြေခံ အမှုစစ် ရဲစခန်းမှူးအား စစ်ဆေး

မော်လမြိုင်မြို့၌ အသက် ၇၀ အရွယ် အမျိုးသားကြီးက လေးနှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်မှုနှင့် ပတ်သက်၍ (၁၇) ကြိမ်မြောက် ရုံးချိန်းတွင် နယ်မြေခံ အမှုစစ် ရဲစခန်းမှူးအား စစ်ဆေး
Published 15 December 2015
ဘိုဘိုမြင့်

မော်လမြိုင်မြို့ဈေးကြိုရပ်ကွက် စမ်းကြီးရပ်တွင် လေးနှစ်အရွယ် မိန်းကလေးအား အသက် ၇၀ အရွယ် အမျိုးသားကြီးက အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်မှုနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၅ ရက်က မော်လမြိုင်မြို့နယ် တရားရုံးတွင် ပြုလုပ်သော (၁၇) ကြိမ်မြောက် ရုံးချိန်းတွင် အမှုစစ် မုပွန်နယ်မြေခံ ရဲစခန်းမှူး ရဲအုပ်ဇော်ဝမ်းလေးအား စစ်ဆေးခဲ့ကြောင်း မော်လမြိုင်မြို့နယ် ဥပဒေအရာရှိ ဒေါ်ခင်ဝင်းဌေးက ပြောကြားသည်။
“ဒီနေ့ရုံးချိန်းမှာ အမှုစစ်ဖြစ်တဲ့ ရဲအုပ်ဇော်ဝမ်းလေးကိုစစ်ဖို့ ချိန်းထားတာ ဖြစ်တဲ့အတွက် ဒီနေ့ရုံးချိန်းမှာ ရဲအုပ်ဇော်ဝမ်းလေးကို စစ်ပါတယ်။ အဲဒီလို စစ်ဆေးပြီးတဲ့ အခါမှာ တရားလို ရှေ့နေကနေပြီးတော့ နောက်တိုး လိုပြသက်သေ အနေနဲ့ ဒေါ်ခင်သန်းထွေးကို စစ်ဆေးပေးဖို့ လျှောက်ထားတယ်။ တရားပြိုင် ရှေ့နေကနေပြီး ဒါကို ကန့်ကွက်တယ်။ ဒါကတော့ ဒီနေ့အခြေအနေလေး ဖြစ်ပါတယ်။ အဲဒီလို ကန့်ကွက်တဲ့အပေါ်မှာ ဒီဇင်ဘာ ၂၂ ရက်ကျရင် နှစ်ဖက်လျှောက်လဲချက်ကို ကြားနာမှာဖြစ်ပါတယ်” ဟု မော်လမြိုင်မြို့နယ် ဥပဒေအရာရှိ ဒေါ်ခင်ဝင်းဌေးက ပြောကြားသည်။
တရားလိုဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင်ခိုင်ဦးကလည်း “ဒီနေ့ ရုံးချိန်းမှာ နောက်တိုးလိုပြ သက်သေအဖြစ် ဒေါ်ခင်သန်းထွေးကို စစ်ဆေးပေးဖို့ လျှောက်ထားတယ်။ တစ်ဖက်က ရှေ့နေက ကန့်ကွက်တယ်။ သူက သူ့ရဲ့တရားခံ လွတ်ရာလွတ်ကြောင်း အတွက် Cover လုပ်တဲ့အနေနဲ့ ကန့်ကွက်တာ ဖြစ်ပါတယ်။  အစ်မတို့ကလည်း အမှုမှန် ပေါ်ပေါက်ရေးအတွက် လျှောက်ထားတယ်။ ဒါပေမဲ့ အဖြေမှန်တွေ အားလုံးကို နှစ်ဖက်လျှောက်လဲ ချက်တွေအပေါ် တရားရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။
ဒေါ်ခင်သန်းထွေးမှာ တရားလိုဘက်မှ လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူ မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင်အသင်းမှ ပြည်နယ်ဥက္ကဋ္ဌ ဖြစ်ကြောင်း အဓမ္မပြုကျင့်ရန် ကြံစည်ခံရသူ လေးနှစ်အရွယ် မိန်းကလေး၏ မိသားစုဝင်များက ပြောပြချက်အရ သိရသည်။
မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် စမ်းကြီးရပ်နေ အသက်လေးနှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းအား ထုတ်မှုပြစ်မှုကြီး အမှတ်-၃၁၄၇၊ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် မော်လမြိုင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရသူ ဦးမျိုးမြင့်အ သက် ၇၀ နှစ်မှာ ဇူလိုင် ၂၉ ရက်ရုံးချိန်းက ပြစ်မှုကျင့်ထုံး ပုဒ်မ-၄၉၇ (၁) အရ အကျဉ်းထောင်ဆေးရုံ တာဝန်ခံဆရာဝန်ကြီး၏ ထောက်ခံချက်နှင့် ငွေကျပ်သိန်း ၅၀ တန် ခံဝန်နှစ်ဦးဖြင့် ပြင်ပတွင် လွတ်လပ်စွာ ဆေးဝါးကုသမှု ခံယူနိုင်ရေးအတွက် အချုပ်လွတ်ထုချေခွင့် အာမခံရခဲ့သူဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၂၂ ရက်တွင် (၁၈) ကြိမ်မြောက် ရုံးချိန်းအဖြစ် တရားလိုရှေ့နေက နောက်တိုးလိုပြ သက်သေ လျှောက်ထားမှုအပေါ် နှစ်ဖက်လျှောက်လဲချက် ပေးမည်ဖြစ်သည်။